ဇွန် ၂၁၊ ၂၀၁၅
M-Media
– – ချာလ်စတန်မြို့ရှိ လူမည်းများ၏ ခရစ်ယာန် ဘုရားကျောင်းအား ၀င်ရောက် ပစ်ခတ်ခဲ့သည့် သေနတ်သမား ရေးသားခဲ့သော ကြေညာစာတမ်းကို အမှုအား စုံစမ်းစစ်ဆေးသူ အာဏာပိုင်များက ဆန်းစစ်လေ့လာမှုများ ပြုလုပ်နေသည်ဟု အက်ဘီအိုင်က ပြောကြားလိုက်သည်။
အသက် ၂၁ နှစ်အရွယ် လူဖြူသေနတ်သမား ဒိုင်လန်ရုဖ်မှာ စာလုံးရေ ၂၅၀၀ နီးပါးပါဝင်သော ကြေညာစာတမ်းတစ်ခုကို ရေးသားခဲ့ပြီး အဆိုပါကြေညာစာတမ်းကို ၎င်း၏နာမည်ဖြင့် ဖေဖော်ဝါရီ ၉ ရက်နေ့က စာရင်းသွင်းခဲ့သော ၀ဘ်ဆိုက်တွင် ယမန်နေ့က တွေ့ခဲ့ရသည်။
ကြေညာစာတမ်းတွင် ရုဖ်က လူမည်းများအား နိမ့်ကျသော လူများအဖြစ် ဖော်ပြခဲ့ပြီး လူဖြူများ၏ သူရဲဘောကြောင်မှုကိုလည်း ၀မ်းနည်းမိသည်ဟု ဆိုသည်။ ထို့ပြင် လူမည်းများကို ပစ်မှတ်ထားကာ ချာလ်စတန်ဘုရားကျောင်းတိုက်ခိုက်မှုအား ကြိုတင်စီစဉ်ခဲ့ပုံကိုလည်း ၎င်း၏ ကြေညာစာတမ်းတွင် တွေ့ရသည်။
“ငါ့မှာရွေးစရားမရှိဘူး။ ဂတ်တိုကိုသွားပြီး တိုက်ဖို့ အနေအထားမျိုးလည်း င့ါမှာမရှိဘူး။ ချာလ်စတန်ကို ဘာ့ကြောင့်ရွေးရသလဲဆိုတော့ ငါ့ပြည်နယ်မှာ သမိုင်းအ၀င်ဆုံးမြို့ ဖြစ်လို့ပဲ။ နောက်ပြီး တစ်ချိန်က နိုင်ငံအတွင်းမှာ လူဖြူထက် လူမည်းအချိုး အမြင့်ဆုံးဖြစ်ခဲ့တယ်။ ငါတို့မှာ လူမိုက်တွေမရှိဘူး။ တကယ့် ကေသုံးလုံးဂိုဏ်းမျိုး မရှိဘူး။ အင်တာနက်မှာ ပြောနေတာကလွဲလို့ ဘယ်သူမှ ဘာမှမလုပ်ကြဘူး။ တစ်ယောက်ယောက်က ဒါကို လက်တွေ့ကမ္ဘာထဲကို ယူသွားဖို့ သတ္တိရှိရမယ်။ အဲဒီသူကတော့ ငါပဲလို့ထင်တယ်” ဟု ကြေညာစာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ထိုဝဘ်ဆိုဒ်တွင် လူဖြူလူမျိုးကြီးဝါဒ၏ ကုဒ်နံပါတ်ဖြစ်သော နံပါတ် ၈၈ အင်္ကျီဝတ်ထားသည့် ဓာတ်ပုံ၊ တောင်ကယ်ရိုလိုင်းနား သဲပြင်တွင် “Heil Hitler” (ဟိုင်း ဟစ်တလာ) စာတမ်းကို ရေးသားထားသည့် ဓာတ်ပုံများအပါအ၀င် ဓာတ်ပုံပေါင်း ၆၀ ခန့်ကိုလည်း လွှင့်တင်ထားပြီး ခွဲထွက်ရေးအလံ (ကွန်ဖက်ဒရိတ် အလံ) ကိုင်ထားသည့် ပုံများအပါအ၀င်၊ အများစုမှာ ပြည်တွင်းစစ်မဖြစ်ခင် ခွဲထွက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် သမိုင်းဝင်နေရာများတွင် ဖြစ်သည်။
လူဖြူသေနတ်သမားများနှင့် လူဖြူရဲတပ်ဖွဲ့ဝင်များ၏ ပစ်သတ်မှုကို ခံခဲ့ရသည့် လူမည်းများ၏ အမှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်များကိုလည်း ရုဖ်က ကြေညာစာတမ်းတွင် ထည့်သွင်းရေးသားထားသည်။
လူမည်းဘုရားကျောင်း သေနတ်ပစ်ခတ်မှုအတွက် စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သူ ဖက်ဒရယ်တာဝန်ရှိသူတစ်ဦးက FBI အနေဖြင့် အဆိုပါ ၀ဘ်ဆိုက်ကို သတိထားစောင့်ကြည့်နေပြီး ဆန်းစစ်မှုများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
ထိုကြေညာစာတမ်းမှာ ရုဖ်ကိုယ်တိုင်ရေးခဲ့လား၊ သို့မဟုတ် ရေးခိုင်းခဲ့လားဆိုသည်နှင့် ဓာတ်ပုံများကို Timer အသုံးပြု၍ ရိုက်ခဲ့လား သို့မဟုတ် တစ်ဦးတစ်ယောက်က ရိုက်ပေးခဲ့သလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ရုဖ်ကမူ ၎င်းအနေဖြင့် ထိုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမှာ လူမျိုးရေးစစ်ပွဲ ဖြစ်ပွားစေချင်သည့်အတွက်ကြောင့်ဖြစ်သည်ဟု အာဏာပိုင်များထံ ထွက်ဆိုထားသည်။
Ref: nytimes, aljazeera
Leave a Reply
You must be logged in to post a comment.