6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၉ ၊ ၂၀၁၅
M-Media
သက်ဝေနှင်းရေးသည်။

800px-Irrawaddy-River-Myanmar-Burma-2005

အာဒမ်ဟာ လူသားမျိုးနွယ်ဆက်တွေ ပေါက်ဖွားရှင်သန်ဖို့အတွက် လိုအပ်နေတဲ့ လူသားမိန်းမ တစ်ယောက်ရရှိနိုင်ရန် ဘုရားသခင်ထံ သူ၏နံရိုးတစ်ချောင်းကို ထုတ်နှုတ်ပြီးပေးအပ်ခဲ့သလို ဧရာဝတီကလဲ လူသားမျိုးနွယ်ဆက်တွေ အသက်ရှင်ရပ်တည်နိုင်စေဖို့ရာ သူရဲ့နံရိုးတွေ၊ သူ့ရဲ့သွေးကြောတွေကို ဖြန့်ခင်းပြီး မြို့ ရွာတွေ တည်စေခဲ့ပါတယ်။

ကျွန်မတို့မြို့လေးကလဲ ဧရာဝတီရဲ့ နံရိုးတစ်ချောင်းနဲ့ တည်ဆောက်ပေးထားတဲ့ မြို့လေးတစ်မြို့ပါ။ ကျွန်မကအမေ့ရဲ့ဇာတိဖြစ်တဲ့ ရန်ကုန်မြို့မှာ မွေးဖွားပြီး ရန်ကုန်မြို့မှာ ချက်မြှပ်ခဲ့ပေမယ့် အဖေရဲ့ဇာတိဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းနံဘေးကမြို့ကလေးမှာ ကြီးပြင်းလာ ခဲ့ရသူပါ။ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရာ ကျွန်မရဲ့မြို့ကလေးမှာ ရှိကြတဲ့လူတွေဟာ အရင့်အရင်ကရော အခုပါ ဧရာဝတီကပေးအပ်တဲ့ ရေချိုတွေကို မြိန်ရေယှက်ရေ အားပါးတရ သုံးစွဲခဲ့ကြရင်းနဲ့ မွေးဖွား ရှင်သန်ကြီးပြင်းသေဆုံးနေကြရ၊ နေကြဆဲ၊ နေကြမှာပါ။

လူ့ပြည်လူ့ရွာ လူ့လောကကြီးထဲမှာ ယေဘုယျအားဖြင့် လူတန်းစားသုံးရပ်ရှိတယ်လို့ ဆိုချင်ပါတယ်။ ဘာတွေလဲဆိုတော့ အထက်လွှာ လူတန်းစား၊ အလယ်အလတ်တန်းစားနဲ့ အောက်အလွှာအောက်ခြေ လူတန်းစားရယ်လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ အဲဒါကလည်း လူတွေကြားမှာ လူကိုလူခြင်းသာ အဲသလို အလွှာ၊ အဆင့်တွေ ခွဲခြားသတ်မှတ်ပြီး ခွဲခြားလို့ဆက်ဆံကြပါသော်လည်းပဲ ကျွန်မတို့ ချစ်တဲ့မြစ်ကြီး ဧရာဝတီကတော့ဖြင့် ဘယ်သောအခါမှ လူတန်းစား မခွဲခြားခဲ့ပါ။ အယုတ်၊ အလတ်၊ အမြတ်၊ အသားအရောင်၊ လူမျိုးဘာသာ ဘယ်လိုအရာကိုမှ မခွဲခြားဘဲ သူ့ရင်ဘတ်ထဲက ဘယ်လိုသယံဇာတ၊ ဘယ်လိုလိုအပ်ချက်မျိုးတွေကိုမဆို ထုတ်ယူအသုံးချ သုံးစွဲခွင့် ပြုခဲ့တာပါပဲ။

ayeyarwaddy-river1

ဧရာဝတီရဲ့မြစ်ကမ်း နံဘေးမှာ တံငါလှေလေးတွေရှိတယ်။ စက်တပ်ကူးတို့လှေကလေးတွေရှိတယ်။ သဘောင်္ကြီးငယ်တွေ ရှိတယ်။ ရေချိုးဆိပ်တွေမှာ ရေချိုးနေ၊ ရေကူးဆော့ကစားနေကြတဲ့ အရွယ်စုံတွေရှိတယ်။ အဝတ်လျှော်ဖွတ်ရင်း တီးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ စကားတင်းဆိုနေကြတဲ့ မိန်းမကြီးငယ် အရွယ်စုံရှိတယ်။ အမျိုးသား အမျိုးသမီး ကလေးသူငယ် အစရှိသဖြင့် အရွယ်စုံအရောင်စုံ လူမျိုးစုံဟာ ဧရာဝတီကို အမှီပြုပြီး မိမိအလိုရှိသလို အသုံးချနေလေ့ရှိကြပါတယ်။

ကျွန်မလဲ ငယ်စဉ်အခါက ကျောင်းပိတ်ရက်လိုနေ့မျိုးတွေမှာ လူကြီးသူမများနဲ့ ဧရာဝတီရဲ့ ရေချိုးဆိပ်မှာ ရေလိုက် ချိုးခွင့်၊ ရေဆော့ ကစားခွင့်ကို ရံဖန်ရံခါ ရတတ်ပါတယ်။ နေ့စဉ်နေ့တိုင်းဖြင့် လိုက်ပါ ရေချိုးခွင့်မရခဲ့ပါ။ ဒါကလည်း အကြောင်းရှိပါတယ်။ အဲဒီအချိန်က ဧရာဝတီမြစ်ကြီးဟာ ကျယ်ပြောပြန့်ပြူးနေဆဲ မဟုတ်ပါလား။ ကျယ်ပြောလှတဲ့ဧရာဝတီ မြစ်ရေအလျဉ်ထဲမှာ မတော်တဆ အန္တရယ်ဖြစ်မှာ စိုးရိမ်ခဲ့တဲ့အမေ့ရဲ့ သတ်မှတ်ချက်နဲ့ ချမှတ်ထားတဲ့စည်းမျဉ်းတစ်ခုပေါ့။ အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာတော့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်တဲ့ အချိန်အခါဖြစ်ပြီမို့ အမေ့ရဲ့စိုးရိမ်စိတ်တွေ အနည်းငယ်လျော့ပါးလာခဲ့ပါတယ်။ ဒါကြောင့်မို့လဲ ကျွန်မတို့ ညီအစ်မတစ်တွေဟာ ဧရာဝတီရဲ့ ရေချိုးဆိပ်မှာ နေ့စဉ်နီးပါး အဝတ်လျှော်ဖွတ်ကြ၊ ရေချိုးကြ၊ ညချမ်းချိန်မှာ ရေအိုးလေးတွေ ကိုယ်စီနဲ့ ရေခပ်ဆင်းကြနဲ့ အေးမြပြီး သန့်စင်နေတဲ့ ဧရာဝတီမြစ်ကြီးထဲက ရေတွေကို အရသာရှိရှိ မြိန်ရေယှက်ရေ ပြည့်ပြည့်ဝဝ ခံစားသုံးဆောင်ခဲ့ကြရပါတယ်။

ဧရာဝတီရဲ့ညနေခင်းအလှဟာ တကယ့်ကို လက်ရာမြောက် သဘာဝပန်းချီကား တစ်ချပ်ပါ။ အနောက်ကျွန်းကို ယွန်းတော့မယ့် နေလုံးနီနီကို နောက်ခံပြုပြီး ငြိမ့်ညောင်းသာယာစွာ စီးဆင်းနေတဲ့ ဧရာဝတီရဲ့ ပုံရိပ်ဟာ ဘယ်တော့မှမေ့လို့မရ ဖျောက်လို့ မရနိုင်တဲ့ အတိတ်ကပန်းချီကားတစ်ချပ်ပါပဲ။ တစ်ခါတစ်ခါ ဖြတ်သန်းခုတ်မောင်းသွားတတ်တဲ့ ကူးတို့သဘောင်္တွေ ကုန်တင် သဘောင်္တွေကြောင့် ကမ်းကိုပြေးပြေးဆောင့်တဲ့ လှိုင်းလုံးတွေထဲမှာ ရေကူးရင်းဆော့ ကစားခဲ့ကြရတာဟာလည်း လွတ်လပ်ပျော်ရွှင်ဖွယ်ရာ လူ့ဘဝရဲ့ ကြည်နှုးမှု ရသာတစ်ခုပါ။ ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ လှဲလျောင်းပြီး သဘာဝအရသာတွေနဲ့ အတူတူ မြစ်ရေထဲမှာ ရေချိုးဆော့ကစားနေကြတဲ့ မိန်းကလေးတွေရဲ့ ပကတိအလှတရားတွေကို ခံစားသုံးဆောင်ရင်း ဧရာဝတီရဲ့ ညနေခင်းအလှထဲမှာ စီးမျောပျော်ဝင်နေကြတဲ့ အမျိုးသားကြီးငယ်အုပ်စုတွေကလဲ ဟိုတစ်စု သည်တစ်စုပေါ့။

Irrawaddyrivermapအဲဒီအချိန်အခါတွေတုန်းကဆိုရရင် လောကကြီးအတွင်းမှာရှိတဲ့ စောင့်အပ်သောစည်း တားဆီးထားအပ်သောဘောင်တွေကို အလွယ်တကူနဲ့ ချိုးဖောက် ဖျက်ဆီးဖြစ်ကြဖို့ စိတ်ရိုင်း စိတ်မိုက်တွေဟာ လူသားယောင်္ကျား မိန်းမတွေဆီကို မကူးကြသေးဘူးပေါ့။ ဧရာဝတီရဲ့ရင်ဘတ်ကြီးကလည်း ကျယ်ဝန်းပြန့်ပြူးဆဲ၊ ဧရာဝတီရဲ့ ရေအလျဉ်တွေကလဲ ကြည်လင်ရှင်းသန့်ဆဲ၊ ဧရာဝတီရဲ့ကျန်းမာရေး အခြေအနေကလည်း ဘာတစ်ခုမှ ပျက်ဆီးယိုယွင်းမှုမရှိတဲ့ ကာလတစ်ခုလို့ ဆိုပါရစေ။ ကောင်းမွန် လန်းဆန်းတက်ကြွနေတဲ့ ဧရာဝတီရဲ့မြစ်ကမ်းနဘေးမှာ မှီတင်းနေထိုင်ကြတဲ့ လူသားများရဲ့ စိတ်ဓာတ်များဟာလည်း သန့်စင်မွန်မြတ်နေကြဆဲ ကာလလေးပဲပေါ့။

အဲသည်လိုနဲ့ ကာလယန္တယားကြီးရဲ့ အဆက်မပြတ် လည်ပတ်မှုနောက်မှာ လိုက်ပါမျောရင်း ကျွန်မရဲ့ဘဝ အဆစ်အချိုးများရဲ့နောက်ပိုင်း မှာ ဧရာဝတီနဲ့ တစ်ဖြေးဖြေးဝေးဝေးပြီး လာခဲ့ပါတယ်။ ကျွန်မနဲ့ ဧရာဝတီနဲ့ဝေးကွာခဲ့ကြတဲ့ အချိန်တွေထဲမှာ အဝေးကနေ အမြဲလိုလိုကြားသိရတဲ့ ဧရာဝတီရဲ့သတင်းတွေနဲ့ ဧရာဝတီရဲ့ကျန်မာရေး အသက်ရှင်ရပ်တည်ရေး အခြေအနေအကြောင်းအရပ်တွေဟာ ကျွန်မရင်ကို နုံးချိစေခဲ့ရပါတယ်။ တစ်စတစ်စ ယုတ်လျော့နေပြီဖြစ်တဲ့ ဧရာဝတီရဲ့ အင်အားတွေနဲ့ အရေးနိမ့်ပြီဖြစ်နေတဲ့ ဧရာဝတီရဲ့ဘဝကုသိုလ်ကံကိုး။ ဘယ်လိုများ ကျားကန်ကြမှာပါလိမ့်လို့လဲ။ ကျွန်မ အမြဲလိုလိုတွေး ဖြစ်မိနေခဲ့တယ်။ ဧရာဝတီဟာ ငွေရှင်ကြေးရှင် ဓနရှင်တွေ မသမာသူ လောဘသားတွေရဲ့ အသုံးချမှုအောက်မှာ။ အသက်ကိုမနည်းဝအောင် ရှုနေရပါပေါ့လား။ သူ့ရဲ့နံရိုးတွေ၊ သူရဲ့အသက်သွေးကြောတွေနဲ့ တည်ဆောက်ထားတဲ့ မြို့တွေရွာတွေအတွက် သူရဲ့ပေးဆပ်နိုင်စွမ်းရှိသလောက် ခုထိပေးဆပ်နေရင်းက ဧရာဝတီဟာ သူ့တစ်ကိုယ်လုံး အရိုးပြိုင်းပြိုင်းကျနေပါရော့လား။

ကျွန်မတို့ချစ်မြတ်နိုးအားကိုးရတဲ့ ဧရာဝတီဟာ ခုထက်ထိစိတ်မအေးနိုင်သေးပေမယ့်လည်း တွန်းနေတဲ့ သဲသောင်ပြင်တွေကြားမှာ ဘေးကြပ် နံကြပ်နဲ့ ဆက်လက် စီးဆင်းရင်း သူ့ကိုမှီခို အားထားနေကြရတဲ့ လူသားတွေအတွက် အရိုးတွန်နေဦးမှာတော့ အသေအချာပါပဲ။

သက်ဝေနှင်း

Leave a Reply