ဇူလိုင် ၄ ၊ ၂၀၁၅
M-Media
နှင်းဆီခင် ရေးသည်။
လူအမျိုးမျိုး စရိုက်အမျိုးမျိုးပဲဆိုပါစို့။ တချို့ရှိတယ်။ ညအိပ်ရာဝင်တဲ့အခါ ခေါင်းအုံးနှင့်ခေါင်းထိလိုက်တာနှင့် တရှူးရှူးဟောက်နေပြီ။ ဆင်အော်သံကြားလို့တောင် နိုးချင်မှနိုးတော့မှာ။ အဲဒီလောက်အထိ။ ဟော တချို့ကျပြန်တော့ အိပ်ရာထဲရောက်ပြီဆိုမှ ခေါင်းထဲမှာ ဝင်လာတဲ့ အတွေးတွေက ပြန့်သွားလိုက်တာ ကမ္ဘာ့အပြင်ဘက်ရောက်တော့မယ်။ သဘာဝဘေးအန္တရယ်တွေ လေပြင်းတိုက်တာ မိုးကြိုကာလ မုန်တိုင်းဝင်နိုင်တယ်ဆိုတဲ့ ဒေါက်တာဦးထွန်းလွင်ရဲ့ စကားသံတွေကလည်း ခေါင်းထဲကမထွက်၊ အိုဇုန်းလွှာပေါက်နေတာ ကလည်း အကျယ်ကြီး၊ ရာသီဥတုတွေဖောက်ပြန်တာလည်း သူရောကိုယ်ရောအသိ၊ ဟော.. ပြင်းပြင်းထန်ထန် လှုပ်သွားလိုက်တဲ့ နီပေါငလျင်ကြီးတွေက ခေါင်းထဲတဝဲလည်လည်ဖြစ်နေတော့ မျက်စိကအကြောင်သား၊ ဘယ်အိပ်လို့ပျော်နိုင်ပါ့မလဲ။ (ဒါကတစ်ချို့၊ တစ်ချို့ ယောက်ျားတွေရဲ့အတွေး) ရှိသေးတယ်။ စီးပွားရေးသာမက နိုင်ငံရေးတွေပါ ရောထွေးလာလို့ကတော့ ဟိုးအဝေးက သံချောင်းခေါက်သံတစ်နာရီချင်းကို အကုန်သိနေရော။ တစ်ခါတစ်ခါကို ငုတ်တုတ်မိုးလင်းသွားသူတွေလည်း ရှိသေးတယ်။
ထားတော့… မိန်းမတွေကရော။ တချို့မိန်းမတွေက အိပ်ရာဝင်ပြီဆိုတာနှင့် ဘုရားစာရွက်တွေရွတ်၊ တရားမှတ်စိတ်ကိုတည်ငြိမ်နိုင်သမျှ တည်ငြိမ်နိုင်အောင်ထိန်းရင်း တဖြည်းဖြည်းချင်း အိပ်ပျော်သွားရော။ တချို့ကျပြန်တော့ တစ်မျိုး၊ တစ်နေ့လုံး လှုပ်ရှားဆောင်ရွက်ခဲ့ သမျှတွေကို တစ်ခု မကျန်ပြန်စဉ်းစားတယ်။ အထူးသဖြင့် ဆုံးရှုံးခဲ့တာတွေ အဆင်မပြေဖြစ်ရတာတွေအပြင် စိတ်ထိခိုက်ခံစား ခဲ့ရတာတွေကို တစိမ့်စိမ့်တွေးတယ်။ နောင်တရပြီး ရင်းရတယ်။ မချင့်မရဲဖြစ်မိတာမျိုးလည်းရှိတယ်။ ဒီတော့ အိပ်ပျော်ဖို့ဝေးစွ နည်းနည်းလေးမှတောင် မသမ်းမဝေတာကြောင့် မျက်စိကြောင်နေရော။ တချို့မိန်းမတွေကတော့ တစ်နေ့လုံးဖြစ်ပျက်ပြီးသမျှ ဘာကိုမှ ပြန်မစဉ်းစားတော့ဘူး။ အဲ ဒါပေမယ့် နောက်တစ်နေ့မှာ ဆောင်ရွက်ရမယ့် ကိစ္စတွေကိုတော့ တစ်ခုချင်း အသေးစိတ် တွေးနေတတ်တယ်။ နောက်တစ်နေ့မှာ ချက်ရမယ့် ဟင်း၊ ထမင်းဗူး ကိစ္စကအစ မီတာခဆောင်ဖို့ အထိ ခေါင်းထဲမှာပြည့်သိပ်နေတာမို့ အိပ်ချင်စိတ်နည်းနည်းလေးမှ မပေါ်တော့ဘူး။ တချို့ တချို့ကျပြန်တော့ အိပ်ရာကထပြီး ဆေးသောက်ယူရတဲ့ အထိပါပဲ။
တချို့ တချို့ အလုပ်သိပ်ကြိုးစားလွန်းသူမိန်းမတွေကို ဆရာဝန်တွေက ပြောလေ့ရှိတယ်။ “ခင်ဗျားမှာ အိပ်ရေးဝဝအိပ်ဖို့ အချိန်ရှိရရဲ့လား” ဆိုတော့ “အလုပ်သိပ်များတယ်။ အနားယူဖို့အချိန်ကိုမရှိဘူး၊ သေမှနားရမယ်ထင်ပါတယ် ဆရာရယ်” လို့ပြောလာရင် အဲဒီသူဟာ နှစ်သိပ်မကြာခင်မှာပဲ သူပြောသလို တစ်သက်စာနားသွားရမှာ သေချာတယ်တဲ့။ ဒါကဆေးပညာရှင်တွေရဲ့စကား။ အိပ်မပျော်ခြင်းရဲ့ အကျိုးဆက်တွေဟာ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်လို့ဆိုတယ်။ သုတေသနပညာရှင်တွေရဲ့ ဆန်းစစ်လေ့လာမှုတွေကို ကြည့်ကြရအောင်ပါ။
အိပ်စက်ခြင်းဟာ ဦးနှောက်အတွက် သိပ်ကိုကောင်းပါတယ်။ မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အိပ်ပျော်နေတဲ့အခါမှာ ဦးနှောက်ကတစ်ဆင့် (နိုးနေစဉ်ထွက်ပေါ်စေခဲ့တဲ့) အဆိပ်အတောက်ဖြစ်စေတဲ့ ပရိုတိန်းတွေကို ဖယ်ရှားပစ်နိုင်စွမ်းရှိတယ်။ ဒီတော့ ကောင်းကောင်းအိပ်မပျော်တဲ့အခါ အဲဒီအဆိပ်ပရိုတိန်းတွေဟာ ဦးနှောက်ဆဲလ်တွေထဲမှာ ကျန်နေတယ်။အိပ်မပျော်တဲ့ညတွေများလာတဲ့အမျှ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကျဆင်းလာပါတယ်။ အခက်အခဲတွေ ပြသာနာတွေကို ဖြေရှင်းဖို့ အားနည်းလာသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း လျော့ကျသွားပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုနှင့် တင်းကြပ်မှုအဆင့်ကတော့ မြင့်သည်ထက်မြင့်လာတယ်။
အိပ်မပျော်ဘူးလို့ လွယ်လွယ်လေးဆိုလိုက်ခြင်းရဲ့နောက်မှာ ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေက တန်းစီနေလေရဲ့။ ဆိုပါစို့ နှလုံးထိခိုက်မှု၊ လေဖြတ်ခြင်း၊ ဆီးချိုအမျိုးအစား နှင့် အဝလွန်ခြင်းကအစပေါ့။ အကြောင်းရင်းကတော့ ကိုယ်ခန္ဓာက စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေ အဆမတန်ထုတ်ပေးနေတာကြောင့်ပါပဲ။ အဲဒီကတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံး ညှိုးချုံးပြီးအားလျော့သလိုဖြစ်လာတယ်။ အရွယ်မတိုင်ခင် အိုစေတယ်။ ကိုယ်ခန္ဓာအရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေတဲ့ပရိုတိန်းဓာတ်တွေ လျော့ပါးသွားတာ အဓိကအချက်ပါပဲ။
အိပ်ရေးမဝခြင်းဟာ လူကိုဝစေနိုင်ပါတယ်။ အိပ်မပျော်ဘဲ နိုးနေတဲ့အခါ ဝမ်းဟာလာပြီး ဆာလောင်တာကို ဖြေသိမ့်ဖို့အတွက် ခါတိုင်းထက်ပိုစားဖြစ်ရော။ စားသမျှ ကယ်လိုရီတွေကို အချိန်မီချေဖျက်ဖို့ အားနည်းလာတာကြောင့် ကိုယ်ခန္ဓာမှာ အဆီပိုတွေ စုစုလာရာက ဝဖြိုးလာတတ်ပါတယ်။ သုတေသနပြုချက်အရကတော့ တစ်ညမှာ (၇) နာရီ ကနေ (၉) နာရီအထိအိပ်ချိန်ရှိသူထက် (၆) နာရီအောက်လျော့နည်းပြီး အိပ်ချိန်ရှိသူတွေဟာ အဝလွန်ဖို့ ၃၀% ပိုများတယ်လို့ သိရတယ်။ဒါဆိုရင် လူတစ်ယောက်ဟာ အိပ်ချိန်ဘယ်လောက်ရှိမှ ကျန်းမာရေးနှင့် ညီညွတ်ပါ့မလဲလို့ မေးစရာရှိတယ်။
လူတိုင်းအတွက်အိပ်ချိန်ပုံသေသတ်မှတ်လို့ကတော့ မရဘူးပေါ့။ တချို့က အိပ်ပျော် (၇) နာရီအောက်လျော့တယ်။ တချို့ကျပြန်တော့ (၈) နာရီ (၉) နာရီ အိပ်ချိန်ယူမှ အိပ်ရေးဝတယ်။ အမေရိကန်နိုင်ငံသားထက်ဝက်ကျော်ကျော်ကတော့ အိပ်ချိန်အနေနှင့်လိုအပ်တဲ့ (၇) နာရီပြည့်မီအောင် မအိပ်ကြဘူးလို့ ဆန်းစစ်ထားတယ်။ ဆချို့ဆိုရင် (၆) နာရီတောင် မပြည့်တာမျိုးရှိတယ်။ အိပ်မပျော်တာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲ ရောဂါတွေကုသဖို့ နိုင်ငံကဒေါ်လာငွေ ၆၃-ဘီလီယံလောက်အကုန်ကျခံနေရပါတယ်တဲ့။
အရေးကြီးတာတော့ ကိုယ့်ရဲ့အခြေအနေပေါ်တည်လို့ အိပ်ချိန်ရတတ်သရွေ့မှာ အိပ်ပျော်အောင် အိပ်ရေးဝဝအိပ်နိုင်ခြင်းက မရှိမဖြစ်လိုအပ်ချက်တစ်ခုပဲဖြစ်တယ်။ ကိုယ့်ရဲ့အိပ်ရေးဝဝအိပ်ခြင်းကို အဟန့်အတားဖြစ်စေမယ့် သောကတွေကိုစိုးရိမ်စိတ်တွေကို အိပ်ရာထဲအထိ သယ်မလာဖို့ အရေးကြီးဆုံး။
လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေမကပါဘူးနော်။ ဒီတော့ သောကမဖြစ်ပါနှင့်။ စိုးရိမ်စိတ်မထားပါနှင့်လို့ သီအိုရီအရ ပြောချင်သလောက်ပြော လူ့သဘာဝ အရ အပူအပင် လုံးဝကင်းတယ်ဆိုတာက အရှားသားပဲ။ ဒါပေမယ့် တစ်ဖက်ကတည်း ကိုယ့်ရဲ့ဆင်ခြင်ဥာဏ်လေးကူးပြီး အိပ်ရာဝင်ခါနီးမှာ စိတ်တည်ငြိမ်အောင် ကိုယ့်နည်းကိုယ့်ဟာနှင့် ကြိုးစားမှဖြစ်ပါလိမ့်မယ်။ ဒါမှလည်း အိပ်မပျော်ခြင်းရဲ့အကျိုးဆက်ဖြစ်တဲ့ ကိုယ့်ဘဝကိုအလဲထိုးမဲ့ရောဂါဆိုးတွေရဲ့ဒဏ်ကို ကာကွယ်နိုင်မှာကိုး။ ကောင်းပြီ အိပ်ရာဝင်ခါနီးအတွေးတွေကြောင့် ကိုယ့်သောကကိုဖြိုပစ်နိုင်မှာ မဟုတ်တာတော့ သေချာတယ်။ဒါဆိုရင် စိတ်ရောကိုယ်ပါ အထိခိုက်ခံပြီး ဘာကြောင့်များတွေးပူနေဦးမှာလဲ။ ထားလိုက်ရအောင်ပါ။ မနက်ဖြန်မနက်ကျမှ ဆက်ပြီး ပူကြရအောင်။ ဒီညတော့ အိပ်ပျော်အောင်အိပ်လိုက်ရအောင် အရာအားလုံးကို ခဏလေးမေ့ထားလိုက်ကြတာပေါ့။ ပြီးတော့ အိမ်မက်လှလှလေးတွေမက်ရင်း ခဏလေးဖြစ်ဖြစ်ပျော်ရအောင်ပါ။
နှင်းဆီခင်
Comments