ဇူလိုင် ၄ ၊ ၂၀၁၅
M-Media
ကျော်ဇေယျာဝင်း ရေးသည်။
၂၀၁၂ တုန်းက Anti-Muslim Violence တွေ အဆက်မပြတ် ဖြစ်ပွားနေတာနဲ့ပက်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ မှုးဇော် (ဗိုလ်မှုးဇော်ဌေး) တို့ နှစ်ယောက်လုံးက ဒါဟာ ဒီမိုကရက် တိုက်ဇေးရှင်းရဲ့ Risk တစ်ခုပဲလို့ ဆိုခဲ့တယ်။ ဒီမိုကရက် တိုက်ဇေးရှင်းဖြစ်စဉ် တစ်ခုမှာ ဒါမျိုး ပဋိပက္ခတွေဟာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ပြောလိုရင်းပေါ့။ (တကယ်တမ်း မြန်မာပြည်နိုင်ငံရေး အလှည့်အပြောင်းက ဒီမိုကရက်တိုက်ဇေးရှင်း ဟုတ်၊ မဟုတ် ဒီနေရာမှာ ရှည်ရှည်ဝေးဝေး မရေးတော့ဘူး။ ကျနော်ရေးမှာ အဲဒီအကြောင်းနဲ့လည်း မသက်ဆိုင်လို့)။ အဲဒီဆင်ခြေနဲ့အတူ နောက်ထပ်ပေါ်လာတာက “Rule of Law မရှိလို့ Anti-Muslim Violence တွေဖြစ်နေတာ” ဆိုတဲ့ဆင်ခြေပဲ။ အဲဒီ arguments တွေကို ဆန်းစစ်ကြည့်ဖို့ကောင်းတယ်။
အခုဆောင်းပါးမှာ `မွတ်ဆလင် ဆန့်ကျင်မုန်းတီးမှုတွေ၊ Anti-Muslim Violence တွေ ဖြစ်နေတာဟာ Rule of Law မရှိလို့´ဆိုတဲ့ ဆင်ခြေနဲ့ပက်သက်ပြီး အခြေခံကျတဲ့ Hypothesis ၊ causal mechanism နဲ့ construct တွေ premise တွေက ဘာဖြစ်နိုင်မလဲ… ကိုယ့်ဟာကိုယ် ဥာဏ်မီသလောက် စဉ်းစားကြည့်တယ်။
# ပထမဆုံးအနေနဲ့ “ဒီမိုကရက်တစ်အင်စတီကျုးရှင်းတွေ အားမကောင်းတဲ့အခါ “Rule of Law” မရှိတဲ့ အတွက် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားတယ်” ဆိုတဲ့ အနုမာနတွေးဆချက် (Hypothesis)ကို စတင်ဖန်တီးတယ်။ အဲဒီ Hypothesis ကို သီအိုရီအဖြစ် တည်ဆောက်ဖို့ အတွက် အကြောင်းရင်း၊ အကျိုးရလဒ် နဲ့ အဲဒီနှစ်ခုကြားက ကြောင်း-ကျိုးဆက်သွယ်ချက်တွေကို အောက်ပါ အတိုင်း တွေးမိတယ်။
၁ – (အကြောင်းရင်း) – ဒီမိုကရေစီစနစ် မထွန်းကားတဲ့အတွက် “Rule of Law” ထိထိရောက်ရောက် မကျင့်သုံးနိုင်ဘူး။
၂ – (ကြောင်း-ကျိုး ဆက်သွယ်ချက်) – “Rule of Law” မရှိတဲ့ အခြေအနေမျိုးမှာ ပြစ်မှုကျူးလွန်သူတွေက အရေးယူ အပြစ်ပေးခံရမှုကနေ လွှတ်ကင်းနေလေ့ရှိတဲ့အတွက် ပြစ်မှုကျူးလွန်နိုင်ချေပိုများတယ်။
၃ – (အကျိုးဆက်) – ဒါကြောင့် “Rule of Law” အားမကောင်းတဲ့အတွက် Anti-Muslim Violence တွေ ဖြစ်ပွားနေခြင်း ဖြစ်တယ်။
### အဲဒီကနေ နောက်ဆုံးကောက်ချက်ချလိုက်တော့ – “ဒီမိုကရေစီစနစ် ပီပီပြင်ပြင်ဖြစ်လာရင် ဒီလို မွတ်ဆလင် ဆန့်ကျင်မုန်းတီးရေး လှုပ်ရှားမှုတွေ ပပျောက်သွားမယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ် အပီအပြင် ဖြစ်လာဖို့ အင်စတီကျူးရှင်းတွေ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ဖို့လိုတယ်” ဆိုတဲ့ဆင်ခြေတစ်ရပ် ဆွဲထုတ်လာတယ်။ ဒီဆင်ခြေတွေက ဘယ်လောက်ထိ မှန်ကန်မှုရှိသလဲ၊ ဘယ်အရာတွေကို မသိကျိုးကျွန် ပြုထားသလဲဆိုတာ ပေါ်လွင်လာစေဖို့ ကျနော်မေးခွန်းထုတ်ရင်း ဆန်းစစ်ကြည့်မယ်။
ပထမဆုံး စ မေးရမှာက ဘယ်အင်စတီကျူးရှင်းတွေ အားကောင်းအောင် လုပ်မှာလဲ? လက်ရှိ မြန်မာပြည်မှာ ရှိနေတာတွေက ၂၀၀၈ အခြေခံဥပဒေ အရဖြစ်လာတဲ့ စစ်တပိုင်း အင်စတီကျူးရှင်းတွေချည်းပဲ။ ဒါကို အားကောင်းအောင်လုပ်ရင် ဒီမိုကရေစီစနစ် ပီပြင်လာနိုင်မလား။ ထားပါတော့.. မပြောကောင်း မဆိုကောင်း ဒီမိုကရေစီစနစ် ခန့်ခန့်ထည်ထည်ကြီး ပေါ်ထွန်းလာပြီဆိုရင်ကော လူ့အဖွဲ့အစည်းတွင်းမှာ အမြစ်တွယ်နေတဲ့ လူမျိုး၊ ဘာသာ၊ အသားအရောင် စတဲ့အပေါ်မူတည်တဲ့ ခွဲခြားဆက်ဆံမှုတွေ ဆုံးခန်းတိုင်သွားလိမ့်မယ်လို့ အမှန်တကယ် ယုံကြည်ပါသလား။
ဆိုပါတော့ဗျာ… နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံဥပဒေဆိုတာလည်း အဓိကကျတဲ့ အင်စတီကျူးရှင်း တစ်ရပ်ပဲ။ ဒီတော့ ၂၀၀၈ အခြေခံဥပဒေထဲက အခန်း(၈) နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုတဲ့ အခန်းက ပုဒ်မ(၃၄၇)မှာ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။” လို့ ရေးထားတယ်။ ပုဒ်မ(၃၄၈)မှာလည်း နိုင်ငံသားတွေကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ယဉ်ကျေးမှု စတာတွေကို အကြောင်းပြုပြီး ခွဲခြားမှုမရှိစေရလို့ ဖေါ်ပြထားတယ်။ နိုင်ငံသားအားလုံး တန်းတူဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ညွှန်းထားတဲ့ တခြားပုဒ်မတွေလည်း ရှိသေးတယ်။ ဒါတွေ တကယ်လက်တွေ့မှာရော သက်ရောက်မှုရှိသလား..။ အခြား ဘာသာဝင်တစ်ယောက်က ဗုဒ္ဓဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရလို့ဆိုပြီး ဒီပုဒ်မတွေကိုင်ပြီး အရေးဆိုရင်ရော လွယ်မတဲ့လား..။ ပုဒ်မ(၃၅၅)မှာ နိုင်ငံသား မှန်ရင် နိုင်ငံတော်ရဲ့ဘယ်နေရာမှာမဆို အခြေဆိုက်နေထိုင်ခွင့်ရှိတယ်လို့ ထည့်ရေးထားပေမယ့် တကယ့်လက်တွေ့မှာ မွတ်ဆလင်ဆိုရင် အိမ်ခန်း မရောင်းဘူး ဆိုတာတွေ၊ မွတ်ဆလင်ကင်းမဲ့ဇုံ ဆိုတာတွေ ဘယ်လိုကြောင့် ဖြစ်နေတာလဲ…။
ကျနော့်အမြင်ပြောရရင် အပေါ်မှာပြောခဲ့တဲ့ ဆင်ခြေတွေက Structural Determinism (စနစ်ရဲ့ပြဌာန်းခံ) ဆိုတဲ့ အယူအဆ သက်သက်ပဲ ဖြစ်တယ်။ ဦးသိန်းစိန်၊ မှုးဇော်တို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ မကြာသေးခင် က ဒီဗွီဘီအင်တာဗျူးမှာ ဦးခင်ညွှန့်က `သူကျူးလွန်ခဲ့တာတွေက စစ်အစိုးရခေတ်မို့လို့ပါ´ လို့ ပြောသွားတာမှာလဲ ဆိုလိုရင်းက ဒါပဲဗျ။ ခင်ဗျား၊ ကျနော် ကြုံတွေ့ခံစားနေရတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ဒုက္ခတွေက ဘယ်သူ့ကြောင့်မှ မဟုတ်၊ တကယ့်လက်သည်က စနစ်ဆိုးကြောင့်လို့ ဆိုချင်တာ။ ဒါဟာ အမှန်တ၀က်နဲ့ နှစ်ပေါက်တစ်ပေါက် ရိုက်တာ။ နိုင်ငံရေးပါဝါယူထားတဲ့ Actors တွေ၊ လူတွေရဲ့ စိတ်နေသဘာဝနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို လုံးဝထည့်မတွက်တဲ့ သဘောဖြစ်နေတယ်။
ဒီအကြောင်းနဲ့ပက်သက်ပြီး သမိုင်းတစ်ကွက်ကို ကျနော်တို့တို့ ပြန်ကြည့်ဖို့လိုမယ်။ ၁၈၆၀ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု သမိုင်းရဲ့ လူအသေအပျောက် အများဆုံး ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တယ်။ ဒီစစ်ကြီး ဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်း တစ်ချက်တည်းကိုပြော ပါဆိုရင် ပြောဖို့ ခက်တယ်။ သို့ပေမယ့် အဓိကကျတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်စနစ်ဖျက်သိမ်းမှုနဲ့ သက်ဆိုင်တယ်။ ကျွန်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ ရီဗက်ဗလစ်ကန်သမ္မတ အေဘရာဟမ်လင်ကွန်း အာဏာရလာတဲ့အချိန်မှာ စစ်ကြီး စဖြစ် ခဲ့တယ်။ အတိုချုပ်ပြောရရင် ၁၈၆၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်ကို တရားဝင်ဖျက်သိမ်း ပေးခဲ့တယ်။ စစ်ပွဲ တရားဝင်ပြီးဆုံးသွားတာကတော့ ၁၈၆၅ ခုနှစ်မှာပါ။ အဲဒီနောက်ပိုင်း အမေရိကန်မှာ လူမည်းကျွန်ဆိုတာ မရှိတော့ဘူး။ လူဖြူဖြစ်ဖြစ် လူမည်းဖြစ်ဖြစ် ဥပဒေအရ နိုင်ငံသားချင်း အတူတူပဲလို့ ပြောလို့ရပြီ ဆိုပါတော့။ ဒါပေမယ့် ဒီလိုပြောတာဟာ လက်တွေ့အခြေအနေကို အမှန်တကယ်ရော ထင်ဟပ် သလား။ တကယ့်လက်တွေ့မှာလည်း ဒီတိုင်းပဲဆိုရင် နောင်နှစ်ပေါင်း ၁၀၀ လောက်မှာ `မာတင်လူသာကင်း´ လို ပုဂ္ဂိုလ်မျိုးလည်း ပေါ်ထွက်လာစရာ အကြောင်းမရှိဘူး။ “I had a dream” ဆိုတဲ့ ကမ္ဘာကျော်မိန့်ခွန်းရှည် ကြီးလည်း ကျနော်တို့ ကြားခွင့်ရမှာမဟုတ်ဘူး။ တကယ်တမ်း ပြန်ကြည့်ရင် ကျွန်စနစ်ဖျက်သိမ်းပြီး နှစ်ပေါင်း (၁၀၀)ကျော်ထိတိုင် ၁၉၆၀ ပြည့်လွန်နှစ်များအထိ အမေရိကန် လူမည်းတွေက နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲ ၀င်နေကြရတုန်းပဲ။ မနေ့တနေ့ကထိတောင် လူမည်းတွေ ပစ်သတ် ခံရတဲ့ သတင်းတွေ မြင်နေရသေးတာပဲ။ အဲဒါ ဘာကြောင့်လဲ..။ အမေရိကန်နိုင်ငံလို Strong State တစ်ခုမှာ အင်စတီကျူးရှင်းအားမကောင်းလို့၊ Rule of Law မရှိလို့ ဒါမျိုးတွေ ဖြစ်နေတာလို့ပြောရင် လူရယ်စရာဖြစ်မယ်။ အမှန်က ကျနော်တို့ကိုယ်တိုင် ကိုယ်ကျင်လည်ရာ လူ့အဖွဲ့အစည်းအတွင်းက social norms သဖွယ်ဖြစ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေ မမျှတမှုတွေကို မေ့ထားကြတာပါ။
ဒီနေရာမှာ ကျနော်ထောက်ပြချင်တဲ့အချက်က ခွဲခြားဆက်ဆံဖိနှိပ်ထားတဲ့ ဥပဒေတွေနိဂုံးချုပ်သွားတာဟာ လူ့အဖွဲ့အစည်းအတွင်းက လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားဆက်ဆံမှုတွေ ဆုံးခန်းတိုင်သွားတာ မဟုတ်ဘူး ဆိုတာပါ။ ဒီလို ခွဲခြားဖိနှိပ်ထားတဲ့ဥပဒေတွေ ပယ်ဖျက်ပေးလိုက်တဲ့အတွက် `အမေရိကန်မှာ လူ လူချင်း ခွဲခြားဆက်ဆံမှုတွေ မရှိတော့ဘူး´ဆိုတဲ့ အပေါ်ယံ အမြင်မှားမှု ဖြစ်လာစေတယ်။ အဲဒီ အမြင်မှောက်မှား မှုက တကယ်တမ်း လူ့အဖွဲ့အစည်းထဲက ခွဲခြားဆက်ဆံနေမှုတွေကို ပိုပြီး မသိကျိုးကျွန်ပြု လာကြတယ်။
ဒီအမေရိကန် လူဖြူလူမည်းသမိုင်းက `ဥပဒေအရလွတ်မြောက်မှု´နဲ့ `တကယ့်ကျင်လည်ရတဲ့ နေ့စဉ် လူမှုဘဝမှာ လွတ်မြောက်မှု´… ဒီနှစ်ခုဟာ တခုနဲ့တခု ဘယ်လိုမှမဆက်စပ်ဘူးဆိုတာ ဖေါ်ညွှန်းနေတယ်။ နိုင်ငံတော်အတွင်းမှာ ခွဲခြားဖိနှိပ်တဲ့ဥပဒေတွေမရှိတော့လို့ တန်းတူဖြစ်သွားပြီ ဆိုရင်တောင်၊ ကျနော်တို့ တကယ်ကျင်လည်နေရတဲ့ နေ့စဉ်ဘဝမှာ ခွဲခြားဆက်ဆံခံရတာတွေ၊ ဖိနှိပ်ခံရတာတွေကနေ အမှန်တကယ် လွတ်မြောက်ဖို့ အာမမခံနိုင်ဘူးလို့ ပြောနိုင်တယ်။ ဥပဒေအားဖြင့် ခွဲခြားဆက်ဆံမှုက လွတ်မြောက်ပေမယ့် တကယ့်ကျင်လည်ရတဲ့ နေ့စဉ်လူမှုဘဝမှာ လွတ်မြောက်ချင်မှ လွတ်မြောက်မှာ။
အမှန်တကယ်က နိုင်ငံတော်ကို ဒီမိုကရေစီစနစ် အားကောင်းအောင်လုပ်ယုံနဲ့ ဒီလိုခွဲခြားဆက်ဆံမှုတွေ၊ အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြေလည် သွားလိမ့်မယ် မဟုတ်ဘူး။ Rule of Law ရှိယုံသက်သက်နဲ့လည်း မရနိုင်သေးဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမှန်တကယ် ရှင်သန်ကြီးထွားနေတဲ့ မုန်းတီးမှုတွေ၊ ခွဲခြားမှုတွေ ရှိနေတယ်ဆိုတာ ၀န်ခံအသိအမှတ်ပြုဖို့လိုတယ်။ ဒါကိုမျက်ကွယ်ပြုပြီး စနစ်ကိုချည်း လွှဲချနေလို့ မရပေဘူး။ နှစ်ပေါင်းများစွာ socialized လုပ်ခံထားရတဲ့အတွက် အမြစ်တွယ်ခိုင်မာနေပြီဖြစ်တဲ့ narratives တွေ၊ မှားယွင်းနေတဲ့ အချက်အလက်တွေ၊ ခံစားချက်တွေကို ပြန်လည်ဖေါ်ထုတ်ဖို့လိုတယ်။ ဒါတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြမယ့်သူတွေလည်း များများပေါ်ထွက်လာဖို့ လိုအပ်တယ်။ ပိုပြီးတိတိကျကျပြောရရင် လူ့အဖွဲ့အစည်း ထဲမှာပျော်ဝင်နေတဲ့ တချို့သောနှုန်းစံတန်ဖိုးတွေ၊ ideas တွေ၊ social norms တွေကို တော်လှန်ပြောင်းလဲပစ်ဖို့ လိုမယ်။ ဒီလိုပြောင်းလဲဖို့ဆိုရင် ပညာရေးသင်ရိုးတွေကို အခြေခံက စ ပြောင်းလဲပစ်ရမယ်။ လွတ်လပ်ပွင့်လင်း တဲ့ သုတေသနလုပ်ငန်းတွေ များများလုပ်ဖို့လိုမယ်။ ရင်ဘတ်ကျယ်ပြီး အမှန်တရားကို လက်ခံရဲတဲ့သတ္တိရှိ ဖို့လည်း လိုမယ်။
ဒီလိုမှမဟုတ်ရင်တော့ ဘယ်ခေတ်ဘယ်အခြေအနေမျိုးပဲ ရောက်ရောက်၊ ဘယ်လို အင်စတီကျူးရှင်းတွေပဲ အားကောင်းလာ ပါစေ.. နိုင်ငံရေးအရ ဒီမိုကရေစီ စနစ်ဖြစ်လာပြီ.. ခွဲခြားဖိနှိပ်ထားတဲ့ဥပဒေတွေ ပယ်ဖျက် လိုက်ပြီ.. တန်းတူညီမျှမှုတွေ ရှိလာပြီဆိုစေဦးတော့၊ ကျနော်တို့ တကယ်ကျင်လည်နေရတဲ့ နေ့စဉ်လူမှုဘ၀ တွေမှာ တန်းတူညီမျှမှုတို့ တရားမျှတမှုတို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်လို့မရနိုင်ပေဘူး။ ။
ကျော်ဇေယျာဝင်း
July 3, 2015
Comments