6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

(၁၉၂၀၊ ဒီဇင်ဘာ ၂၀တွင် စတင်ခဲ့သော ပထမကျောင်းသားသပိတ် သပိတ်မှောက်ကျောင်းသား တစ်ဦးဖြစ်သူအမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်၏ ကျောင်းသားသပိတ် ကိုယ်တွေ့မှတ်တမ်း)

 

လွန်ခဲ့သည့် ၉နှစ်ခန့်က ဖြစ်ပါသည်။ ရန်ကုန်ကောလိပ် ခရစ်ကက် အသင်းသည် မြန်မာပြည် မီးရထားအသင်းနှင့် ချိန်း၍ ကစားခဲ့သည်။ ကစားပွဲပြီးသော် ကျွန်တော်သည် စားသောက်အပြီးနောက် ကောလိပ်ကျောင်းဝင်းထဲသို့ အေးအေးဆေးဆေး ပြန်လာပါသည်။

ဘာဖြစ်ပါလိမ့်

ထမင်းစားခန်းအနီးမှ လှမ်းကြည့်လိုက်ရာ တင်းနစ်ကစားကွင်း အမှတ်(၁)မှာ လူသူကင်းမဲ့နေသည်ကို တွေ့ရ၏။ ဤကား အခွင့်အရေးကောင်း တစ်ခုပင်ဖြစ်၍ ကျွန်တော်သည် ရက်ကက်တစ်ချောင်း သွားယူပြီး တင်းနစ် ကစားရန် အကြံဖြစ်သည်။

သို့သော် ကျွန်တော်နှင့်အတူ ကစားမည့်အဖော် တစ်ဦးမျှ ကျောင်းထဲမှာ မတွေ့ရပေ။ ကျောင်းသားတွေ ဘယ်ရောက်ကုန်ပါလိမ့်။ ဘာဖြစ်တာပါလိမ့်၊ ကျွန်တော် သိချင်လာသည်။

သပိတ်မှောက်ပြီတဲ့

ထို့ကြောင့်ပင် ထမင်းစားချိန်တွင် မိတ်ဆွေ ကိုဘလှိုင်ကို မေးရသည်။ သူကား ကောလိပ်ဘောလုံးသမား ဖြစ်သည်။ သူကပင် ကျွန်တော့်ကို ပြန်မေး၏။ “ကျွန်တော်တို့ ကောလိပ်နှစ်ခုပေါင်းပြီး သပတ်မှောက်ကြတာ ခင်ဗျား မသိဘူးလား” တဲ့။

 

 

သပိတ်စခန်းသို့

နောက်တစ်နေ့ နံနက်တွင် ကိုညွန့်နှင့်အတူ ကျွန်တော်သည် ဗဟန်းသို့ လာခဲ့၏။ ကိုညွန့်မှာ ဆင်းဒဝစ်လမ်း၌ နေ၏။ သူ့အိမ်မှာ သပိတ်မှောက်ကျောင်းသားများ၏ နားနေရာ စည်းဝေးရာ စားသောက်ရာ ဌာနတစ်ခု ဖြစ်သည်။ ကျွန်တော် ဗဟန်းသို့ ရောက်သောအခါတွင် ကောလိပ်နှစ်ခုမှ ကျောင်းသားထုကြီးကို ရွှေတိဂုံဘုရား အရိပ်အာဝါသ၌ တစ်စုတစ်စည်းတည်း တွေ့ရလေ၏။ အနာဂတ်မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်မည့်သူတို့မှာ တင်းကျပ်သော စည်းကမ်းများ ဝန်းရံထားသောနေရာ၌ စနစ်တကျ ရှိနေကြသည်ကို တွေ့ရ၏။

 

၁၉-၁၂-၁၉၂၃က ဖွင့်လှစ်ခဲ့သော ဗဟန်းတောရလမ်း ဦးအရိယတိုက်ကျောင်းမှ အမျိုးသားကောလိပ်၊ ဆရာကြီး ဦးရာဇတ်သည် ထိုကောလိပ်မှ ပထမဆုံးသော BA ဘွဲ့ရသူဖြစ်သည်။

ဝင်ခွင့် စစ်ဆေး

သပိတ်စခန်းဝတွင် တာဝန်ကျနေသော ကျောင်းသား အစောင့်တစ်ဦးက စခန်းအဝသို့ ရောက်လာသော ကျွန်တော်တို့ကို တားဆီးစစ်ဆေး မေးမြန်းခြင်းပြုသည်။ ကျွန်တော်တို့မည်သူဖြစ်ကြောင်း ပြောပြရှင်းလင်းမပြနိုင်လျင် သပိတ်စခန်းအတွင်း ဝင်ခွင့်ပြုမည်မဟုတ်ပေ။ သို့သော် ကျွန်တော်တို့ကို သိပြီးသူများဖြစ်သောကြောင့် ဝင်သွားရန် အစောင့်က ခွင့်ပြုလိုက်၏။

 

သပိတ်မှောက်ကျောင်းသားများ တည်းခိုခဲ့သော ဗဟန်းကြားတောရလမ်း ဦးအရိယကျောင်းတိုက်အတွင်းရှိ ဇရပ်များ

 ကျောင်းသားမြို့တော်

ကျွန်တော်သည် ဤသို့ဖြင့် သပိတ်စခန်းအတွင်းသို့ ရောက်ခဲ့နေသည်မှာ ကျွန်တော့်ကို မန္တလေးတွင် ကျောင်းဆရာအဖြစ်အမှုထမ်းရန် ကောင်စီက အသိအမှတ်ပြု ခန့်ထားသည်အထိ ဖြစ်၏။ နေ့တွေရက်တွေ ကုန်လာသည်နှင့် သပိတ်စခန်းအတွင်းသို့ ရန်ကုန်မြို့တွင်းရှိ အခြားကျောင်းများမှ ကျောင်းသားများ လာရောက်ပူးပေါင်းကြသည်မှာ ဗဟန်းရပ်ကွက်၌ ကျောင်းသားမြို့တော်ကြီး ဖြစ်သွားပါတော့သည်။

 

ဆရာကြီးဦးရာဇတ်၏ အမျိုးသားအထက်တန်းကျောင်း (ယခု အထက၂၊ မန္တလေး)


 

ရိက္ခာ ပြဿနာ

ဗဟန်းရှိ ရွှေတိဂုံစေတီဝန်းကျင်တွင် ဇရပ်ပေါင်းများစွာ ရှိနေပါသောကြောင့် တည်းခိုနေရန် အိုးအိမ် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်တော့ချေ။ သို့သော် စားရေးရိက္ခာ ပြဿနာကား ရှိသည်။ ယင်းပြဿနာသည် သပိတ်မှောက်ကောင်စီကို ခေါင်းခဲစေသော ကိစ္စဖြစ်ခဲ့သည်။

 

စည်းနှင့်ကမ်းနှင့်

စည်းကမ်းတင်းကြပ်သည့်ဘက်ကမူ စံပြဖြစ်ခဲ့၏။ ဗမာတွေ စည်းကမ်းမရှိဘူးဟု အပြစ်တင်လေ့ ရှိကြသည်။ သို့သော် ဗဟန်းရှိ သပိတ်စခန်းတွင်ကား စည်းကမ်းကို ဂရုတစိုက် သတ်မှတ်လိုက်နာကြသည်။ တစ်ချိန်က အဆောင်မှူးများ၏ သြဇာကို မနာယူခဲ့သော ကောလိပ်ကျောင်းသားတို့သည် ယခု သပိတ်စခန်းမှူးများ၏ စည်းကမ်းကို တစ်သဝေမတိမ်း လိုက်နာကြ၍ ရုပ်ရှင်ကားတစ်ခု မည်မျှ မိုးပျံအောင်ကောင်းနေပါစေ  သပိတ်မှောက်ကောင်စီ လူကြီးတွေထံမှ ခွင့်မရလျင် သပိတ်စခန်းမှ မထွက်ရဲကြပေ။

 

ဆီပုံးထမ်း

တစ်ကြိမ်တွင် စေတနာရှင်တစ်ဦးက သပိတ်စခန်းသို့ ဆီပုံးများ လှည်းဖြင့်တင်ပို့၍ လှူဒါန်းလိုက်၏။ လှည်းမှာ သပိတ်စခန်းအတွင်း ဝင်၍မရချေ။ ကူလီထမ်းမည့်သူလည်းမရှိ။ အခက်တွေ့နေပါပြီ။ ကောင်စီလူကြီးတွေက သန်သန်မာမာ ကျောင်းသားတွေကို လိုက်ရှာ၏။ နောက်ဆုံးတွင် ကျောင်းမှ ဘောလုံးသမားတစ်ဦးက ကူလီလုပ်လိုက်၍ ဆီပုံးတွေမှာ သပိတ်စခန်းထဲသို့ ရောက်ရှိသွားလေ၏။

 

သတင်းစာသယ်

တစ်ကြိမ်တွင် သပိတ်စခန်း၌ဖတ်ရန် သတင်းစာများ သွားယူရေးပြဿနာ ရှိနေသည်။ ဤပြဿနာကို ကောလိပ်ဘောလုံးအသင်းမှ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၍ ဘီအေအေ ဘောလုံးလက်ရွေးစင်တစ်ဦးလည်းဖြစ်သူ ကျောင်းသားတစ်ဦးက ရှင်းပေး၏။ အဆိုပါကျောင်းသားသည် နံနက်၅နာရီ၌ ဘိုင်စကယ်တစ်စီးဖြင့် သပိတ်စခန်းမှ ထွက်သွားပြီးလျင် ရန်ကုန်မြို့တွင်းရှိ သတင်းစာတိုက်ပေါင်းစုံသို့သွားပြီး သပိတ်စခန်းအတွက် သတင်းစာများသွားယူ၍ နံနက်၇နာရီဆိုလျင် သူ့ထံ၌ ရန်ကုန်ဂေဇက်၊ သူရိယ၊ မြန်မာ့အလင်း၊ နယူးဘားမား အစရှိသောသတင်းစာများ သယ်ဆောင်ပြီး သပိတ်စခန်းသို့ ပြန်ရောက်လာတော့၏။

 

ဂုဏ်ယူဝင့်ကြွား

ဤကား အမျိုးသားအောင်ပွဲနေ့၏ ၉ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် ကျွန်တော် မှတ်မိသမျှ တင်ပြခြင်းဖြစ်၏။ အဖြစ်အပျက်အားလုံးကိုကား သေချာကျန မမှတ်မိတော့ပေ။ အမှန်ဆိုသော် သပိတ်မှောက်ခဲ့သောနေ့များကို ကျွန်တော်တို့သည် အစဉ်သတိရနေလျက် အောင်မြင်မှုများအတွက် ဂုဏ်ယူဝင့်ကြွားနေရဦးမည်ဖြစ်၏။ ဤ ၉ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ကျွန်တော်တို့ သပိတ်မှောက်ရဲဘော် ကျောင်းသားများအားလုံး ရွှင်ပြုံးချမ်းသာရှိကြစေရန် ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

တာဝန်

အမျိုးသားအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီးတစ်ဦးအနေဖြင့် ကျွန်တော့်ကျောင်းမှ ကျောင်းသားကျောင်းသူများသည် အမိနိုင်ငံနှင့် အမျိုးသားတို့၏ တိုးတက်မြင့်မားရေး တာဝန်များကို ထမ်းဆောင်လိုသောစိတ်ဓာတ်မြင့်မားလာစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါသည်။

(အိုးဝေရွှေရတုသဘင် လက်ရွေးစင်ဆောင်းပါးများ၊ ဒုတိယအကြိမ်၊ ၂၀၁၂ ဇူလိုင်လထုတ်၊ ဘဦးခေတ်(၁၉၂၀-၁၉၃၀)၊ စာမျက်နှာ ၂၃/၂၄)

ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူမျှဝေပါသည်။

Tags:

Leave a Reply