ဇူလိုင် ၁၄၊ ၂၀၁၅
M-Media
– ၁၀ စုနှစ်တစ်ခုကြာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည့် နျူကလီးယားအရေးအတွက် အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက်ရရှိခဲ့သည်ဟု အီရန်သံတမန်များက ယနေ့တွင် ပြောကြားလိုက်သည်။
အဆိုပါ သဘောတူညီချက်အရ အီရန်၏ နျူကလီးယားအစီစဉ်ကို ၁၀ စုနှစ် တစ်ခုကျော် ကန့်သတ်ထားမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်၏ ရေနံတင်ပို့မှုနှင့် နိုင်ငံ၏ စီးပွားရေးကို ထိုခိုက်စေသော ပိတ်ဆို့မှုများအားလုံးကို တစ်ဖြည်းဖြည်း ဖယ်ရှားပေးမည်ဖြစ်သည်။
“အလုပ်တွေအားလုံး အောင်မြင်ခဲ့ပြီး ကျွန်တော်တို့ သဘောတူညီချက် ရရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ပြည်သူတွေအားလုံးကို ဘုရားသခင် ကောင်းချီးမင်္ဂလာ ပေးသနားတော်မူပါစေ” ဟု အမည်မဖော်လိုသည့် အီရန်သံတမန်တစ်ဦးက ပြောကြားခဲ့ပြီး အခြား အီရန်တာဝန်ရှိသူ
တစ်ဦးကလည်း သဘေတူညီချက် ရရှိခဲ့သည်ဆိုခြင်းကို အတည်ပြုခဲ့သည်။
အီရန်နှင့် အင်အားကြီး ၆ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ ဗီယင်နာရှိ ကုလရုံးချုပ်တွင် ဒေသစံတော်ချိန် ယနေ့နံနက် ၁၀ နာရီခွဲ၌ တွေ့ဆုံမည်ဖြစ်ပြီး၊ သဘောတူညီချက်အတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားမည်ဟု ဥရောပသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်နှင့် ဥရောပနိုင်ငံရေးရာပေါ်လစီ အကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟီရီနီတို့မှာ ပူးပေါင်း၍ ကြေညာချက်တစ်ခု ထုတ်ပြန်ရန်လည်း ရှိနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်ရရန် လပေါင်း ၂၀ ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဇွန်လ ၃၀ ရက်နေ့က နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း မပြီးပြတ်သဖြင့် ဆက်လက်ဆွေးနွေးခဲ့ရခြင်း ဖြစ်သည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.