6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၅ ၊ ၂၀၁၅
M-Media
နှင်းဆီခင် ရေးသည်။
nursing mother
စာဖတ်ခါစ၊ စာစုံဖတ်ခါစတုန်းကပေါ့။ မဂ္ဂဇင်းတွေ၊ ဝတ္တုတိုနှင့်ဆောင်းပါးတွေမှာ မကြာခဏဆိုသလို ဖတ်မိတာက အမေအကြောင်းတွေပါပဲ။ အတွေးနုနု ဦးနှောက်နုနုလေးမို့ စာရဲ့အနှစ်သာရကို မခံစားတတ်ခဲ့တာကိုတော့ ရိုးသားစွာဝန်ခံပါရစေ။

များသောအားဖြင့်ကလည်း လောကကြီးကနေ ပျောက်ကွယ်သွားပြီးဖြစ်တဲ့ အမေတမ်းချင်းတွေလေ။ အဲဒီတုန်းကကိုယ့်မှာ အမေဆိုတာက မားမားမတ်မတ်ရှိနေတာကိုး။ ဘာကိစ္စမှာမဆို “အမေ… သိလား” အစချီပြီး အမေ့ကိုတတွတ်တွတ် နားပူနားဆာ လုပ်နေကျ။ ပြောတိုင်းဖြစ်၊ တောင်းတိုင်းရအောင် အမေက ဖြည့်ဆည်းပေးနေတော့လည်း ကြီးလွန်းတော့ မမြင် ဖြစ်ခဲ့မိသည်ပဲပေါ့။ ရှိသေးတယ်။ အဲဒီအချိန်တုန်းကဆို အမေက အိမ်ဦးနတ်ဖြစ်ခဲ့တဲ့ အဖေ့ကို ရိုရိုသေသေ ဝတ္တရားမပျက်ပြုစုဖို့ရယ် သားတွေသမီးတွေကို မျက်ခြည်မပြတ်ဂရုစိုက်ရင်း ထိန်းကျောင်းပဲ့ပြင်တဲ့ တာဝန်ပဲရှိတယ်။ အိမ်ပြင်ထွက် ဖားစီးငါးစီးနှင့် စီးပွားရှာစရာမှ မလိုတာ။ မလိုဆို အမေအများစုဟာ သူတို့ချစ်တဲ့ခင်ပွန်းနှင့် သားသမီးတွေကို မေတ္တာတွေ တစ်သီကြီးပေးပြီး ပြုစုယုယဖို့သာ ရှိတာကိုး။ ကျွန်မတို့ခေတ်လို ယောက်ျားနှင့် အပြိုင် (မယ်တစ်ရွက်မက တစ်ထမ်းနီးပါး) အိမ်ပြင်ထွက်အလုပ်လုပ်လေ့လည်း မရှိတာက တစ်ကြောင်းပေါ့။ ဒီတော့ အလုပ်ပြန်ကျောင်းပြန်တိုင်း အမေ့မျက်နှာကို ရွှင်ရွှင်လန်းလန်းနှင့် တစ်ဝကြီးမြင်တွေ့နေကျ။

အမေကတော့ ဘယ်အချိန်မဆို ဘယ်သား ဘယ်သမီး အိမ်ပြန်လာနေကျဆိုတာကို ဦးနှောက်ထဲမှာ စီထားပြီးသား။ ထိုင်နေကျ ထိုင်ခုံဘေးကနေ လည်ဆန့်လို့ မျှော်နေတတ်တယ်လေ။ အိမ်ကိုချောချောမောမော ရောက်လာကြတာ တွေ့ရပြီးပြီဆိုမှ ဆေးပေါ့လိပ်ကို မီးညှိရင်း အားပါးတရဖွာနေလိုက်ရော။ ရှိသေးတယ်။ မိုးမိလာတဲ့အခါမျိုးမှာ “ရေတွေစင်အောင် သုတ်ဦး အအေးမိလိမ့်မယ်” “အဝတ်ဆိုတွေ ခပ်မြန်မြန်လဲလိုက် ကြားလား” အစချီတဲ့ အမေ့လမ်းညွှန်ကြားချက်တွေရဲ့ အဆုံးမှာ ဟင်းချိုပူပူ ဒါမှမဟုတ် စွပ်ပြုတ်ပူ တစ်ခွက်ကို ချက်ချင်းစီစဉ်ချက်ပြုတ်ပြီး သောက်ခိုင်းတတ်တယ်။ အဲဒါကျွန်တော်တို့ရဲ့ အမေလေ။

မြန်မာအကျီင်္လက်ရှည်အဖြူ၊ ထဘီ (အညို၊ အမည်း)၊ ဘီးကျော်ပတ်ဆံထုံးနှင့် အမျိုးသမီးကြီးတွေမြင်တိုင်း အမေ့ကိုဖျက်ခနဲ သတိရတတ်တာ ဒီကနေ့ ဒီအချိန်ထိပါပဲ။ စကားကိုခပ်တိုးတိုး၊ နူးနူးညံ့ညံ့ပြောတတ်တာ အမေ့ဝသီ။ သားသမီးတွေ ကိုလည်း အော်ကြီးဟစ်ကျယ် ပြောတာမျိုးကြားရင် အမြဲဟန့်တယ်။ အမေ့ပုံရိပ်တွေက ကျွန်မရဲ့ နှလုံးသားနှင့် အတွေးထဲမှာ အမြဲလိုလိုစိုးမိုးနေပါတယ်။ အမေ ကျွန်မတို့ကို ခွဲခွာပြီး နောက်နေ့ကစလို့ဆိုပါတော့။ အမေတစ်ယောက်ရဲ့ ရင်တွင်းခံစားမှု၊ မေတ္တာ၊ အကြင်နာနှင့် စာနာနားလည်မှု ဆိုတာတွေက ကိုယ်ဖတ်တဲ့စာအုပ်တွေမှာ ဖော်ပြထားတာထက်ပိုပြီး လေးလေးနက်နက်ခံစားမိနိုင်တာ ဘယ်အချိန်များလဲလို့ ဆိုရင်တော့ ကိုယ်တိုင်အမေဘဝကိုရောက်တဲ့ အခါသမယပဲလို့ ဆိုပါရစေ။ ဟုတ်တယ်လေ။ တချို့ တချို့ အရာတွေက စကားလုံးတွေနှင့် ဖွင့်ပြောလို့ မရဘဲ နှလုံးသားနှင့်ရင်းပြီး သိရှိခံစားရတာမျိုး မဟုတ်လား။

အမေလို့ အားပါးတရခေါ်၊ ရင်ထဲကသောကတွေ အမောတွေကို အားပါးတရဖွင့်ပြောပြရင်း ရင်ဖွင့်ခွင့်ရတာ ကံကောင်းလိုက်တာ။ အမေဆိုတာ သက်ရှိထင်ရှား ရှိနေလို့ကတော့ လာစမ်းပါစေ။ ဒီလောကဓံ၊ အမေက ကိုယ့်ရှေ့ကနေ ရင်ဆီးလို့ ခံပေးနိုင်လောက်အောင် စိတ်သတ္တိကြီးလွန်းတယ်လေ။ ဒါကြောင့်ပါပဲ အမေ့ကိုအားကိုးတစ်ခုအနေနှင့် အတွယ်ကြီးတွယ်နေမိတာ မဆန်းဘူးပေါ့နော်။

ပြီးခဲ့တဲ့ နွေအားရက်တစ်ရက်ကပေါ့။ အဝတ်ဘီရိုကိုရှင်းရင်း အမေပေးခဲ့ဖူးတဲ့ ပိုးဇင်းမယ် (အညိုရောင်) လုံချည်ကို တွေ့လိုက်ရတယ်။ လုံချည်ကဟောင်းဆို တော်တော်လေးဟောင်းနေပြီ။ အင်းလေ အနှစ်သုံးဆယ်ကျော်ကျော် သိမ်းဆည်းထားခဲ့တာ ဟောင်းသင့်ပြီပေါ့။ ဒါပေမယ့်လေ အဲဒီအမေ့လုံချည်လေးနှင့် ဆက်နွယ်နေတဲ့ အတွေးတွေကတော့ ကျွန်မရင်ထဲမှာ ခုချိန်ထိ လန်းဆန်းနေတုန်းပါ။ အထွေးဆုံးသမီးဖြစ်ပြီး သွေးဆုံးသားဆုံး ရထားတာမို့ အမေကကျွန်မကို သိပ်ချစ်ပါတယ်။ ကျွန်မ သိကျွမ်းခဲ့သမျှတွေ၊ ဆွေးမျိုးသားချင်းတွေထဲမှာ အမေ့လိုမိန်းမသားမျိုး ရှားပါးမယ်လို့ ကျွန်မထင်တယ်။ ခေတ်ပညာကို အခြေခံအဆင့်လောက်သာ တတ်ခဲ့တဲ့ အမေနဲ့ အတွေးအမြင်တွေက မယုံနိုင်လောက်အောင်မြင့်မားတယ်။ ဒါက ကျွန်မတို့သားသမီးတစ်ခုရဲ့ မျက်စိမှိတ် ယုံကြည်ထောက်ခံထားတာမျိုး မဟုတ်ပါဘူး။ ဆွေမျိုးတွေသာမက သူစိမ်းတစ်ရံဆံတွေကပါ နှုတ်ကဖွင့်ပြောပြီး ချီးကျူးခံရလောက်အောင် အမေ့ရဲ့ အရည်အသွေးတွေက မြင့်မားခဲ့တာကြောင့်ပါပဲ။

အမေကအနေရိုးတယ်။ ဝါကြွားလိုစိတ်မရှိဘူး။ (တကယ်တော့ အမေတို့ဘက်က ချမ်းသာကြွယ်ဝသူတွေ) စာဖတ်တယ်၊ မှတ်တယ် သားသမီးတွေကို ဖြန့်ဝေပြီး ပြောဆိုဆုံးမတတ်တယ်။ အထူးသဖြင့်တော့ သားသမီးတွေကို နားဝင်အောင် ပြောနိုင်တယ်။ ဆူပူကြိမ်းမောင်းတာ ရိုက်နှက်တာမျိုး ကျွန်မတို့ဘဝမှာ လုံးဝ (လုံးဝ) မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ အားလုံးအမေ့ကို ချစ်ကြောက်ရိုသေကြတယ်။

အမြော်အမြင်ကြီးမားတဲ့အမေဟာ သားအကြီးဆုံးကို ဗိုလ်ကြီး၊ သားအလတ်ကို အင်ဂျင်နီယာ (နိုင်ငံခြားပညာသင်ဆုရ) သမီးတွေကို ကျောင်းဆရာမ၊ တရားလွှတ်တော်ရှေ့နေ စာရေးဆရာမ စသည်ဖြင့် ဖြင့်လာအောင် အမေက တိုက်တွန်းအားပေးခဲ့တယ်။ ပညာအမွေပေးရင်း အားပါးတရ ဂုဏ်ယူခဲ့တယ်။ မိသားစုရဲ့ စားဝတ်နေရေးကို အဖေကတာဝန်ကျေခဲ့သလို ကျွန်မတို့အားလုံးအတွက် ရည်မှန်းချက်တွေပြည့်အောင် အမေက စိတ်ဓာတ်ခွန်အားပေးခဲ့သည်ပဲပေါ့။

အတွေးအမျှင်တွေက မီးခိုးကြွက်လျှောက်မဆုံးနိုင်တော့ပါဘူး။ လက်ရှိအချိန်မှာ အမေတို့ အဖေတို့ ပေးခဲ့တဲ့ အိမ်ရိပ်မှာမှီခိုရင်း ကျွန်မရင်က ဖြစ်ပေါ်လာတဲ့ သားသမီးအပေါ် ဘယ်အတိုင်းအတာအထိ တာဝန်ကျေခဲ့ပြီးပြီလဲဆိုတာ ဆက်ပြီးတွေးနေမိတယ်။ ကျွန်မထင်ပါတယ်။ အမေရဲ့ဝတ္တရားကျေပွန်မှုမျိုးကို ခြေဖျားတောင်မီရဲ့လားလို့။ ဒါပေမယ့်လည်း ကျွန်မသိပ်ချစ်တဲ့သားသမီးနှင့်မြေးလေးဟာ ကျွန်မအတွက် အင်အားတွေပါ။ သူတို့တစ်တွေဟာ ကျွန်မရင်ခွင်နှင့်ဝေးနေသည့်တိုင် နှလုံးသားတွေချင်း နီးစပ်နေကြဆဲပါ။ တစ်နှစ်မှာ တစ်ခါဆိုသလို ကျွန်မချစ်တဲ့ မျိုးဆက်သစ်တွေနှင့် ဆုံရင်းအားတက်ခဲ့ရစမြဲပါ။

အမေ့လိုတာဝန်ကျေပွန်မှုဟာ အပြည့်အဝမဟုတ်သည်ပဲထား။ ကျွန်မရဲ့သားသမီးတွေရဲ့ ရင်ကိုထိုးဖောက်မြင်နိုင်စွမ်းရှိအောင်တော့ ကြိုးစားတယ်။ အထူးသဖြင့် ကျွန်မသမီးရဲ့ ခေါ်နေကျ “အမေ” ဆိုတဲ့ စကားလုံးရဲ့နောက်ဆက်တွဲစကားရပ်တွေအပေါ်မှာ နှလုံးသားနှင့် ခံစားပြီးအားပေးနှစ်သိမ့်ကာ တောင်းလာတဲ့အကြံဥာဏ်မျိုးကို ပေးရတာကို ကျွန်မရှင်သန်နေသရွေ့ လုပ်ပေးနေဦးမှာပါ။ စာဖတ်သူမှာရော ရင်ဖွင့်တိုင်ပင်ဖို့ အမေ ဆိုတာ သက်ရှိထင်ရှားရှိနေလား။ ကံကောင်းလိုက်တာ။

အမေခြေအစုံဟာ လောကီပစ္စည်းထက် အဆတစ်ရာထောင်ပိုတယ်ဆိုတာ သိလာမှာပါ။ အမေ မရှိတော့ရင်လေ။

နှင်းဆီခင်

Tags:

Leave a Reply