ဇူလိုင် ၁၉၊ ၂၀၁၅
M-Media
– ခွဲထွက်ရေးနှင့် လူမျိုးရေးခွဲခြားမှု သဘောထားများ ပါဝင်သော ကွန်ဖက်ဒရိတ်အလံအား ဖြုတ်ချမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုကို လူဖြူလူမျိုးကြီးဝါဒီအဖွဲ့ Ku Klux Klan (ကေသုံးလုံးဂိုဏ်း) က ယမန်နေ့တွင် တောင်ကယ်ရိုလိုင်းနား၌ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ကေသုံးလုံးဂိုဏ်းမှ အဖွဲ့ဝင် ၁၀၀ ခန့်မှာ ပြည်နယ်မြို့တော် ကိုလံဘီယာရှိ ပြည်နယ်လွှတ်တော်သို့ ချီတက်ခဲ့ကြခြင်းဖြစ်ပြီး အာဖရိကန်-အမေရိကန် တက်ကြွလှုပ်ရှားများနှင့် ၎င်းတို့အား ထောက်ခံသူ ၄၀၀ ခန့်နှင့် တွေ့ဆုံခဲ့ကာ ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့ကြသည်။
ကွန်ဖက်ဒရိတ်အလံအား လွှမ်းခြုံထားသည့် ဓာတ်ပုံရိုက်ထားသော လူဖြူလူမျိုးကြီးဝါဒီ သေနတ်သမားတစ်ဦးမှာ ချာလ်စတန်ရှိ လူမည်းဘုရားကျောင်းမှ လူ ၉ ဦးကို ပစ်သတ်ခဲ့ပြီးနောက် တောင်ကယ်ရိုလိုင်းနား ပြည်နယ်လွှတ်တော်တွင် နှစ်ပေါင်း ၅၀ ကျော် လွှင့်ထူထားသော ကွန်ဖက်ဒရိတ်အလံကို ပြီးခဲ့သည့်တစ်ပတ်က ဖယ်ရှားခဲ့သည်။
ထို့ကြောင့် ကေသုံးလုံးဂိုဏ်းက မကျေမနပ်ဖြစ်ကာ ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်အတွင်း လူအုပ်စုနှစ်ခုအကြား ခဲဖြင့်ပစ်ပေါက်ခြင်း၊ ကွန်ဖက်ဒရိတ်အလံအား ဆွဲယူစုတ်ဖြဲခြင်းများ ဖြစ်ပွားခဲ့ကာ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကေသုံးလိုင်းဂိုဏ်းသားများအား ဘတ်စ်ကားများပေါ်သို့ ပြန်ပို့ခဲ့သည်။
ထိုဆန္ဒပြမှုတွင် ကေသုံးလုံးဂိုးဏ်းသားများမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ၎င်းတို့၏အမွေအနှစ်များအား အသိအမှတ်ပြုမှုတို့ကို တောင်းဆိုခဲ့ကြပြီး ၎င်းတို့၏သမိုင်းကို ဖျောက်ဖျက်၍ မရဟု ဟစ်အော်ခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့အား တန်ပြန်ဆန့်ကျင်သူများကမူ ကေသုံလုံးဂိုဏ်းအား လက်မခံတော့ကြောင်း၊ ယခုအချိန်မှာ ၂၀၁၅ ခုနှစ်သို့ ရောက်ရှိနေပြီး ကေသုံးလုံးနှင့် ၎င်းတို့ မဟာမိတ်များ၏ နေ့ရက်များက ကုန်ဆုံးသွားပြီဟု ပြန်လည် ဟစ်အော်ခဲ့ကြသည်။
ကေသုံးလုံးဂိုဏ်းမှာ လူဖြူလူမျိုးကြီးဝါဒီ လက်ယာစွန်းရောက်ဂိုဏ်းဖြစ်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် လူမည်းများအား ပစ်မှတ်ထားသော တိုက်ခိုက်သတ်ဖြတ်မှု အများအပြားကို ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။
Ref: Aljazeera
Comments