ဇူလိုင် ၂၈ ၊ ၂၀၁၅
M-Media
တရုတ်နှင့် အိန္ဒိယတို့ဆုံတွေ့ရာ ဗမာပြည် (သို့) အာရှ၏အချက်အချာ
(WHERE CHINA MEETS INDIA; BURMA AND THE NEW CROSSROADS OF ASIA)
ခေတ်သစ်မြန်မာပြည်ဟာ အာရှမှာမည်သို့အရေးပါသည့်အခန်းကဏ္ဍကပါဝင်လာနိုင်သည်ကိုသိလိုသူတိုင်း မဖြစ်မနေဖတ်ရှုသင့်သည့်စာအုပ်အဖြစ် ဆရာသန့်မြင့်ဦးရေးသည့် Where China Meets India မြန်မာဘာသာပြန်ကို ကို M-Media စာဖတ်ပရိတ်သတ်များအတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ မူရင်းအင်္ဂလိပ်ဘာသာနဲ့ရေးသားထားပြီး မြန်မာဘာသာဖြင့် ဖတ်ရှုလိုသူများအတွက် WHERE CHINA MEETS INDIA ကို “မြန်မာသည် အာရှ၏ ဂိမ်းချိန်ချာလော” အမည်ဖြင့် ဆရာနိုင်ဦး ကဘာသာပြန်ထားပါသည်။
(ဆရာနိုင်ဦး၏အမှာမှ)
ပြင်ပကမ္ဘာကြီးအကြောင်း နကန်းတစ်လုံးမျှမကြားဘူး၊ မမြင်ဘူးပါပဲနှင့် ကျနော်တို့ ဗမာတွေ ခြေပစ်လက်ပစ် အိပ်မောကျခဲ့သည်မှာ နှစ်ကြိမ်နှစ်ခါ တိုင်လေပြီ။ သက်ဦးဆံပိုင် အာဏာရှင်တွေ၊ ပဒေသရာဇ်ဘုရင်တွေ လက်အောက်မှာ တစ်ကြိမ်နှင့် ဆိုးယုတ်သော စစ်အာဏာရှင်များလက်အောက်တွင် တစ်ကြိမ် ပေါင်းနှစ်ကြိမ်။
ခေတ်ကမ္ဘာကြီးနှင့် ပတ်သတ်၍ ဗမာတွေ အကြားအမြင်၊ ဗဟုသုတမရှိ။ မြန်မာပြည်အပြင်ဘက် ရောက်ဖူးပေါက်ဖူး၍ ကြားသိနားလည်ခဲ့ကြသော ဆရာကောင်းတို့က ခေတ်နှင့်လျော်ညီသော အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အကြံပေးသည့်တိုင် ဘုန်းကြီးစာလောက်သာ တတ်သည့် ဘုရင့်အသိုင်းအဝိုင်းက ပြက်ရယ်ပြုခဲ့သည်။ ပြည်သူလူထုဆိုသည်ကလည်း နီးရာဓား ကြောက်ရသည်။ “ခြေနှစ်ချောင်းလည်း မကယ်နှင့် မင်းလှေမျောလည်း မဆယ်နှင့် ” ဆိုသလို တိုင်းရေးပြည်ရေးနှင့် ဖာသာလဝါနေတတ်ကြသည်။ “အလှူပေးသူဌေးဖြစ်၊ နတ်ပြည်ရောက် ” ဆိုသလိုသော အယူစွဲ ဥခွံလေးကိုပင် ကမ္ဘာလုပ်နေလာခဲ့ကြရာ ဗြုန်းဆို တစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ရောက်သွားခါမှ အိပ်ရာက လန့်နိုးခဲ့ကြသည်။ ဗြိတိသျှ ကိုလိုနီခေတ် မရောက်မီအထိ ကိုယ့်တစ်အိမ်ထောင် ဝမ်းစာဖူလုံဖို့လောက်သာ စိုက်ပျိုးစားသောက်တတ်သည်ဖြစ်၍ ဗမာတွေမှာ အုပ်ချုပ်ရေးပညာမရှိ၊ စက်မှုအတတ်ပညာမရှိ၊ ကုန်ကုန်ပြောရလျှင် တရုတ်၊ ကုလားတွေလိုပင် ဈေးပင် မရောင်းတတ်။ နိုင်ငံတကာနှင့် ယှဉ်သော ကူးသန်းရောင်းဝယ်ရေးကို နားမလည်။ ပိုဆိုးသည်က ကုန်သည်ပွဲစားအလုပ်အကိုင်ကိုပင် အထင်သေးအမြင်သေး ရှိတတ်ကြသည်။ ဒီတော့ သဘာဝကျစွာပင် ဗြိတိသျှအုပ်ချုပ်ရေးအောက်မှာ ဗမာတွေကျွန်ဖြစ်ခဲ့ကြသည်။
အင်္ဂလိပ်တွေက လိုချင်တာ ယူသွားကြသည်။ ယူလို့မရတော့သည့်အဆုံးမှ ဟောင်းလောင်းပက်လက်ဖြစ်ကျန်ခဲ့သော ဗမာပြည်ကို ဗမာတွေလက်ထဲထည့်ပေးခဲ့သည်။ ဗမာပြည်ကို ဗမာတွေလက်ထဲပြန်ရောက်ပေမယ့် အသိပညာနုံနည်းသော ဗမာတွေနှင့် လွတ်လပ်ရေး မထိုက်တန်။ လုကြယက်ကြနှင့် အတ္တတွေ ပွတ်တိုက်မိရာက တစ်ပြည်လုံး ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရာက စစ်အာဏာရူးလူတစ်စုလက်ထဲ ပြန်ရောက်သွားပြီး အမှောင်ထဲမှာ ဗမာတွေ နောက်တစ်ကြိမ် နှစ် (၅၀) ကျော် အိမ်မောကျခဲ့ပြန်ပါသည်။
ယခုအိပ်ရာက နိုးလေပြီ။ သို့ပေမယ့် ပထမတစ်ကြိမ်တုန်းကလို ပြင်ပကမ္ဘာကြီးနှင့် ဘွားကနဲ့ တွေ့လိုက်ရချိန်မှာ ဗမာတွေမှာ ခြေဗလာ၊ လက်ဗလာနှင့် ရင်ဆိုင်ဖို့အသင့်မရှိ။ ကမ္ဘာနှင့်ယှဉ်ဖို့ အသိပညာ၊ အတတ်ပညာတွေမွဲပြာနေဆဲ။ ပထမအကြိမ် ပြင်ပကမ္ဘာကြီးနှင့် ဗမာတွေ ပက်ပင်းတိုးခဲ့ချိန်နှင့် ယခုတစ်ကြိမ်သည်လုံးဝမတူတော့။ ယခုတစ်ကြိမ် စိန်ခေါ်မှုတွေက ယခင်ကထက် အဆပေါင်းများစွာ ပြင်းထန်သည်။ နည်းပညာဆိုတာတွေကို အသာထား။ ပထဝီဝင်အခင်းအကျင်းတို့သည်ပင် များစွာပြောင်းလဲသွားလေပြီ။ ယခင်က မြန်မာနှင့် အိမ်နီးချင်းနိုင်ငံတွေကြား လူတိုးမပေါက်နိုင်သော မြိုင်သေလာအထပ်ထပ်နှင့် လျှိုကြီး ချောက်ကြီး တောင်တန်းကြီးတွေ ကမ္ဘာခြားသလို ခြားနေခဲ့ပါသော်လည်း ယခုမူ လူဦးရေပေါက်ကွဲလာသည်နှင့်အမျှ နိုင်ငံတို့၏ နယ်နမိတ်စည်းရိုးတွေ ထိကပ်လာသည်။ အချို့နေရာတွေဆိုလျှင် မထင်ရှားတော့၊ ဝါးသွားလေပြီ။ ဤသို့ ဤနှယ် ဖြစ်ပေါ်ပြောင်းလဲမှုတို့ပင် နောက်ဆက်တွဲရလာဒ်အဖို့မှာလည်း နှစ်စွန်းနှစ်ဆွယ်ရှိသည်ဟု ဆိုသည်။ ဖြစ်ပေါ်လာသော အနေအထားအသစ်တို့ကို မြန်မာတို့အနေနှင့် နိုင်ငံရေးအရ တစ်စည်းတစ်လုံးတည်းနှင့် ကိုင်တွယ်နိုင်ပါမူ တစ်တိုင်းတစ်ပြည်လုံးအတွက် ရတနာပုံကိန်းဆိုက်နိုင်ပါသော်လည်း ယခင်လို အတ္တမာန်မာနတွေနှင့် အာဏာရူး၊ ဥစ္စာရူး ရူးနေကြဦးမည်ဆိုလျှင်ကား အင်္ဂလိပ်ကျွန်ဇာတ်သွင်းခံရသည်ထက် ကိုယ်ကျိုးနည်းဖွယ်ရှိကြောင်း ဆရာသန့်မြင့်ဦး၏ ယခုစာအုပ်တွင် ရှာဖွေတွေ့နိုင်ပါသည်။ (ဆရာနိုင်ဦး အမှမှ)
“မြန်မာသည် အာရှ၏ ဂိမ်းချိန်ချာလော” – စာအုပ်မှ ကောက်နှုတ်ချက်
တရုတ်နိုင်ငံ၏ စက်မှုထုတ်ကုန်လုပ်ငန်းများ ကြီးထွားလာသည်နှင့်အမျှ တစ်နေ့ထက်တစ်နေ့ လောင်စာစွမ်းအင်များ ပို၍ လိုအပ်လာနေသည်။ သို့ဖြစ်သည်နှင့်အညီ တရုတ်ပြည်၏ လောင်စာလိုအပ်မှုကို လက်တလောဖြည့်ပေးနေသည်မှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ရေနံတွင်းများမှဖြစ်ပြီး ၎င်းနေရာမှ ရေနံတို့ကို သင်္ဘောများဖြင့် ဝယ်ယူရာတွင် မလက္ကာ ရေလက်ကြားကို ဖြတ်၍ စင်္ကာပူမှတဆင့် တရုတ်ပြည်သို့ရောက်ရှိလာခြင်းဖြစ်ရာ ဤတွင် တရုတ်မဟာဗျူဟာ လေ့လာရေးသမားများ ရတတ်ပွေစရာအခြေအနေတစ်ခုမှာ “မလက္ကာ ရေလက်ကြား” ဖြစ်လေသည်။ မလက္ကာရေလက်ကြားသည် အမေရိကန်တို့ ထိန်းချုပ်မှုအောက်တွင်ရှိနေသဖြင့် အကယ်၍ တစ်နေ့နေ့တစ်ချိန်ချိန် အမေရိကန် (သို့) အိန္ဒိယနှင့် မိမိတို့ ကတောက်ကဆဖြစ်ခဲ့သော် ရန်သူစစ်သင်္ဘောတို့က မလက္ကာရေလက်ကြားကို အသာလေးပိတ်လိုက်၍ ရေနံတင်ပို့မှုကို ဖြတ်တောက်လိုက်ရုံနှင့် မိမိတို့ စင်းစင်းကြီးသေသွားနိုင်သည်ကို တရုတ်ခေါင်းဆောင်တွေကောင်းကောင်းသိသည်။ တရုတ်ပြည်အတွက် မလက္ကာရေလက်ကြားသည် အရေးပါနေသလို ခြေပစ်လက်ပစ်လည်း မှီခို၍မရ။ ဤသဘောကို တရုတ်သမ္မတ ဟူကျင်တောင်က မလက္ကာ ဒိုင်လမာ (The Mellacca Dilemma) ဟု ဝိဂြိုဟ်ပြုခဲ့ရာ ယခုမူ ဗမာပြည်ကို ထုတ်ချင်းခတ်လျက် ရခိုင်ကမ်းလွန်သဘာဝဓာတ်ငွေ့နှင့် ရေနံတို့ကို တရုတ်ပြည်အနောက်ဘက်ခြမ်း ဖွံ့ဖြိုးမှု နောက်ကျကျန်နေသော ဒေသများအထိ ကဲ့ယူနိုင်ပြီဖြစ်၍ မလက္ကာ အကျပ်အတည်းကို ဖြေရှင်းပြီးဖြစ်သလို တရုတ်ပြည် အနောက်ခြမ်း ဖွံ့ဖြိုးရေးအတွက်လည်း တံခါးပွင့်သွားပြီဖြစ်ပါ၏။ (စာ ၁၆ဝ – ၁၆၁ မှ)
တရုတ်နှင့် ပတ်သတ်၍ မြန်မာတို့အမြင်တွင် ဒရောသောပါးနှင့် စိမ့်ဝင်လာမည့် ဧရာမလှိုင်းလုံးကြီးတစ်ခုလို ဖြစ်လာခဲ့ကြရာ ထိုအမြင်မှခွာကြည့်လိုက်လျှင်မူ တရုတ်သည် မြန်မာစစ်အာဏာပိုင်တို့နှင့် ဆွေမျိုးပေါက်ဖော်လုပ်နေသလို တစ်ဘက်တွင်လည်း မြောက်ကိုရီးယားနှင့် ဆူဒန်တို့လို လူဆိုးလူမိုက်လူရမ်းကား အစိုးရမျိုးနှင့်လည်း ပရောပရီလုပ်၍ အိန္ဒိယနှင့် ယှဉ်ပြိုင်ရမည့် ဂရိတ်ဂိမ်းကြီးအတွက် အကွက်ချလျက်ရှိရာ တရုတ်မြန်မာဆက်ဆံရေးကို အမှန်တကယ် တွန်းအားပေးနေသော အင်အားတို့သည်ကား ဘယ်အရာတွေဖြစ်နိုင်ပါသနည်း။ တရုတ်နှင့်ပတ်သတ်၍ ဒေသတွင်း အကဲဖြတ်ချက်များက အဘယ်နည်း။ တရုတ်ပြည်အနားသတ်နယ်နိမိတ်သမိုင်းနှင့် ယူနန်ဒေသ အနေအထားကို လုံးလုံးလျားလျား ဘေးဖယ်ထားလို့ရပါသလား
ဘေဂျင်းမှ ယူနန်ဒေသမြို့တော် ကူမင်းသို့ လေကြောင်းနှင့်သွားလျှင် တရုတ်ပြည် ကုန်းတွင်းပိုင်းနှင့် ကွေ့ကောက်ရစ်ခွေနေသော တောင်စဉ်အထပ်ထပ်ကို ကျော်၍ (၃) နာရီမျှ သွားရသော ခရီးဖြစ်ပါသည်။ ယူနန်သည် မြန်မာနှင့် ကပ်လျက် တည်နေရုံမက ဧရိယာနှင့် လူဦးရေပါ မတိမ်းမယိမ်းရှိသော ပြည်နယ်တစ်ခုဖြစ်သလို ဘင်္ဂလားပင်လယ်အောင်သို့ မောင်းနှင်မည့် တရုတ်၏ အင်ဂျင်တစ်လုံးလည်းဖြစ်ပါ၏။ ( စာ – ၁၆၅ မှ )
အိန္ဒိယနှင့် ကျွန်ုပ်တို့သည် မည်သည့်အခါကမျှ သူစိမ်းသူပြင် ဆန်ခဲ့ကြသူတွေမဟုတ်၊ ရှေးအတိတ်တုန်းကပင် အဆက်အဆံရှိခဲ့ရာ ကျွန်ုပ်၏ မိဘများ မွေးဖွားသော (၁၉၃ဝ) ကျော်နှစ်များတွင် မြန်မာသည် အိန္ဒိယအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ်တည်ရှိနေပြီး၊ ကျွန်ုပ်၏ အဖိုးဖြစ်သူကား (၁၉) ရာစုနှောင်းပိုင်းတွင် ကာလကတ္တား တက္ကသိုလ်၌ ပညာသင်ကြားခဲ့ရာ အဖိုး၏ စာကြည့်ခန်းထဲတွင် ချိတ်ထားသော မဟတ္တမဂန္ဒီနှင့် ပဏ္ဍိတ်နေရူးတို့၏ ရုပ်ပုံတို့ကို ကျွန်ုပ်ငယ်ငယ်က ကြည့်ခဲ့ဖူးသည်ကို ယခုအထိမှတ်မိနေသေးသည်။
ထိုနည်းတူ ဗြိတိသျှအင်ပါယာအတွင်းမှ မြန်မာပြည်၏သမိုင်းပုံပြင်တို့ကိုလည်း ငယ်စဉ်ကပင် စိတ်ဝင်တစားဖတ်ရှုခဲ့ရာမှ ကင်းဘရစ်တက္ကသိုလ်ရောက်သည့်အခါ ဗြိတိသျှသမိုင်းဆရာတို့၏ သင်ကြားပြသမှုအောက်တွင် သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရသည်အထိ ရာဇဝင် အမျှင်တန်းခဲ့ပါ၏။
မိဘများမွေးရပ်မြေသို့ တစ်ခေါက်တစ်ကြိမ် ပြန်ရောက်သည့်အခါများတွင်လည်း ကျွန်ုပ်မိသားစုဝင်များအပါအဝင် ထိုစဉ်က မျိုးဆက်ဟောင်းများထံတကူးတကသွားရောက်တွေ့ဆုံခဲ့ရာတွင် အများစုမှာ ထိုခေတ်ထိုအခါက ပညာတတ်တွေပီပီ အပြောအဆိုအလေ့အထတို့မှာ အင်္ဂလိပ်ဘာသာစကားနှင့် အသားကျနေကြရာ ကိုလိုနီအမွေအနှစ်ကား (၁၉၈ဝ) လွန်ကာလများအထိ ရှိနေဆဲဖြစ်ပါ၏။ (စာ – ၂၇၇ မှ)
မြန်မာမှသည် ဘာလီကျွန်းအထိ ဒေသတစ်လျှောက်ကို အနောက်တိုင်းပညာရှင်တို့က Father India ဟု အမှတ်ရှိခဲ့သလို အရှေ့တောင်အာရှ၏ အိန္ဒယဇာတ်အသွင်းခံရသောနိုင်ငံများဟူ၍လည်း ရည်ညွှန်းတတ်ကြရာ အဓိကအကြောင်းတရားမှာ အိန္ဒိယ၏ စာပေ၊ ယဉ်ကျေးမှု၊ ဗေဒင်လက္ခဏာ၊ ဆေးကျမ်း ၊ နက္ခတ္တဗေဒနှင့် ပဒေသရာဇ် အုပ်ချုပ်ရေးအယူအဆအတွေးအခေါ်တို့က ဆိုခဲ့ပါဒေသတစ်ခုလုံးကို ရာစုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သည်ဆိုသော အဓိပ္ပာယ်ဖြစ်သည်။ ယနေ့တိုင်လည်း ရှေးဟောင်းအိန္ဒိယ၏ အထွေထွေယဉ်ကျေးမှု အမွေအနှစ်တို့ကို နယ်ပယ်တိုင်းတွင် တွေ့မြင်နိုင်ရာ မြန်မာ၊ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင်မူ ဗုဒ္ဓဘာသာသည် လူအများစုကိုးကွယ်ရာဖြစ်၍ အင်ဒိုးနီးရှား၊ ဘာလီကျွန်းနေ လူဦးရေ၏ (၉၀) ရာခိုင်နှုန်းသည် ဟိန္ဒီများဖြစ်ပြီး အစ္စလာမ်ဘာသာသည်ပင် အိန္ဒိယမှတစ်ဆင့်ရောက်လာခြင်းဖြစ်သည်။ (စာ -၂၈၈ မှ)
Comments