– ရန်ကုန်မြို့လည်ခေါင်ရှိ ကားကြပ်သောလမ်းမပေါ်၌ သူ၏ အငှားယာဉ်ကလေးကို မောင်းနှင်လှုပ်ရှားနေစဉ် မျိုးမင်းထိုက်တစ်ယောက် ကွမ်းသီးနှင့် ဆေးရွက်ကြီးတို့ ရောထားသော ကွမ်းယာကို စည်းချက်ကျကျ ၀ါးနေသည်။ သူ၏ သွားများမှာလည်း နီညိုရောင်သန်းနေ၏။
မြန်မာနိုင်ငံ၏ တဟုန်ထိုး တိုးတက်လာသော ကုန်သွယ်ရေးအချက်အချာမြို့၏ မပြတ်တမ်း ကားပိတ်နေသည့်နေရာတွင် သူ၏လုပ်ငန်းကို ခေါက်တုံ့ခေါက်ပြန် လုပ်နေကာ ရှည်လျားသည့်နေ့ကို ကုန်ဆုံးနေရသည်မှာ ကျင့်သားရသည်ထက်ကို ပိုနေသည်။ ထိုသို့ ရုန်းကန်လှုပ်ရှားနေနိုင်သည်မှာ ကွမ်းယာကြောင့်လည်း ပါသည်။
“ကျွန်တော် တက္ကဆီစမောင်းတုန်းက အရမ်းအိပ်ငိုက်တယ်။ ဒါ့ကြောင့် အိပ်မငိုက်ဖို့အတွက် ကျွန်တော် ကွမ်းယာစားတာပါ” ဟု အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ကွမ်းယာမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အလွန်လူကြိုက်များသော အာရုံကျယ် မြုံ့စရာတစ်ခု ဖြစ်လေသည်။
သို့သော်လည်း ဆေးစွဲသကဲ့သို့ စွဲသွားမှု၊ သွားများတွင် ဂျိုးတက်မှုနှင့် ခံတွင်းကင်ဆာအန္တရာယ် မြင့်မားမှုတို့အပါအ၀င် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော အရာတစ်ခုလည်းဖြစ်သည်။
ဆေးရွက်ကြီး အပိုင်းအစ၊ ကွမ်းသီးစိတ်၊ ထုံးအရည်နှင့် အခြားဆေးများကို ကွမ်းပင်မှရသော လတ်ဆတ်သည့် ကွမ်းရွက်တွင်ထည့်ကာ ထုပ်လိုက်သော ကွမ်းယာကို မြန်မာနိုင်ငံရှိ နေရာတိုင်း၌ တွေ့မြင်ရသည်။
ကွမ်းကြိုက်သူများကတော့ ကွမ်းမှာ နိုးကြားစေသည်၊ စွမ်းအားကိုမြှင့်တင်ပေးသည်၊ အသက်ရှုကောင်းစေသည်ဟု ကောင်းကွက်များပြ၍ အမွှမ်းတင်ကြသည်။
“သွားတွေနာတဲ့အတွက် ကျွန်တော် ကွမ်း စ,စားခဲ့တာပါ။ သိပ်တော့မကြိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော် သွားနာတာကို ပျောက် သွားစေခဲ့ပြီး ကျွန်တော်လည်း ကြိုက်လာပါတယ်” ဟု မျိုးမင်းထိုက်က ဆိုသည်။ သူ၏ နှုတ်ခမ်းတွင်တော့ အနီရောင် ကွမ်းချေးများကို မြင်နေရသည်။
“ဒါ မြန်မာတွေရဲ့ ဓလေ့ပါပဲ”
ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် အာဏာရှင်များမှာ ၂၀၁၁ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးအစိုးရအတွက် လမ်းဖွင့်ပေးခဲ့ပြီး၊ ထိုပြောင်းလဲမှု၏ ရလဒ်အဖြစ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ပြီးနောက် ရန်ကုန်မြို့မှာလည်း အခြေအနေပြောင်းလဲသွားသည်။
မြင့်တက်လာသည့် မိုးမျှော်အဆောက်အဦးများပေါ်တွင် ကရိန်းများက တိုးဝှေ့နေရာယူလာကြသည်။ ပြည်သူများကလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က မကိုင်နိုင်သော မိုဘိုင်းဖုန်းမျာကို ဖောဖောသီသီ ကိုင်လာနိုင်ကြသည်။
သို့ရာတွင် အချို့အရာများကတော့ မပြောင်းလဲ။ ထိုအထဲတွင် လမ်းတိုင်းနီးပါးနှင့် နံရံများတွင် တွေ့ရသည့် ကွမ်းတံတွေးကွက်များလည်း ပါဝင်သည်။
ကွမ်းတစ်ထုတ် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသော မြို့တစ်ဝှမ်းရှိ ကွမ်းယာဆိုင်ငယ်များတွင် ကွမ်းဝါးသူများက တန်းစီနေကြသည်။ လည်ပင်းတွင် ကြိုးဖြင့် သိုင်းထားသည့် ကွမ်းယာဗန်းဖြင့် လူရှုပ်သည့် လမ်းဆုံလမ်းခွများတွင် ကားသမားများအား လိုက်လံရောင်းချနေသူများလည်း ရှိသည်။
ကွမ်းယာရောင်းသူများအတွက်တော့ နိုင်ငံ့ဓလေ့တစ်ခုကို ဖြည့်တင်းပေးသည့် ထိုအလုပ်က ၎င်းတို့၏ ဘ၀ကို စိုပြေစေသည်။ မျိုးမြင့်ထွန်းတစ်ယောက် နေ့စဉ် မနက် ၃ နာရီထ၍ မြို့တွင်းရှိ ဘူတာရုံတွင် ရထားစီးသူများကို ကွမ်းရောင်းသည်။
တစ်ရက်လျှင် ပုံမှန်ဖောက်သည် ၂၀ အပြင် အခြားအယောက် ၈၀ ခန့်ကို ရောင်းချရပါက ကန်ဒေါ်လာ ၄၀ (လေးသောင်းကျော်) ၀န်းကျင် ၀င်ငွေရသည်ဟု သူက ခန့်မှန်းထားသည်။ ထိုဝင်ငွေမှာ ၂၀၁၂ ခုနှစ်က တစ်ဦးလျှင် တစ်လ ပျမ်းမျှ ဒေါ်လာ ၁၀၀ အောက်သာ ၀င်ငွေရကြသည့် မြန်မာလိုနိုင်ငံမျိုးတွင် အတော်လေး စိုပြေသည့် ၀င်ငွေမျိုးဖြစ်သည်။
“မြန်မာနိုင်ငံက လူအများစုဟာ ကွမ်းစားကြပါတယ်။ ဒါက မြန်မာတွေရဲ့ ဓလေ့တစ်ခုပါ။ အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာပါ” ဟု မျိုးမြင့်ထွန်းက ပြောသည်။
သို့သော်လည်း ဆရာဝန်များကတော့ နိုးကြားမှု အတွက်ဆိုသည့် နိုင်ငံလုံးဆိုင်ရာ ထိုအာသီသမှာ စနစ်ကျသော ကျန်းမာရေး စနစ်မျိုး မရှိသည့် မြန်မာနိုင်ငံတွင် ကျန်းမာရေးကို ထိခိုက်စေသည်ဟု သတိပေးခဲ့သည်။
“မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆေးလိပ်မဟုတ်တဲ့ ဆေးရွက်ကြီးကို သုံးစွဲသူအရေအတွက် အမြင့်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံပါ။ အထူးသဖြင့် အမျိုးသားတွေ ကြားထဲမှာပေါ့” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ စပါယ်ရှယ်လစ်တစ်ဦးဖြစ်သူ ဒေါက်တာ ဒီရန်ဒရာ နာရိန်း ဆင်ဟာက AFP သို့ ပြောကြားခဲ့သည်။
သူ၏ သုတေသနပြုမှုတွင် မြန်မာနိုင်ငံမှ အမျိုးသားအရေအတွက်၏ ထက်ဝက်ကျော်နှင့် အမျိုးသမီးများ၏ ၁၆ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီး သုံးစွဲကြသည်ကို တွေ့ရှိခဲ့ရသည်။
ဆေးရွက်ကြီးနှင့် ကွမ်းသီး နှစ်ခုစလုံးမှာ ကင်ဆာရောဂါကို ဖြစ်ပွားစေသည့် အရာများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌ ကင်ဆာရောဂါဖြစ်ပွားသူများ၏ ငါးပုံတစ်ပုံမှာ ခံတွင်းနှင့်သက်ဆိုင်သည့် ကင်ဆာရောဂါ ဖြစ်ပွားကြသူများ ဖြစ်သည်။
ဆေးရွက်ကြီးမပါဘဲ ကွမ်းစားသူများမှာ မစားသူများထက် စအို၊ ပါးစပ်နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အခြေအနေ ၂၅၀ ရာခိုင်နှုန်း ပိုများသည်ဟု ဆင်ဟာက ဆိုသည်။ ဆေးရွက်ကြီးနှင့် ကွမ်းစားသူများကတော့ ရောဂါဖြစ်နိုင်ချေ ရာခိုင်နှုန်း ၇၇၀ အထိပင် ရှိလေသည်။
သို့သော်လည်း ကွမ်းမစားရေး အသိပညာပေးမှုမှာ ပြန့်နှံ့ခြင်းမရှိဟု ဆရာဝန်များက ဆိုသည်။
“ကွမ်းစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို မြန်မာနိုင်ငံလူတွေက မသိကြပါဘူး” ဟု ပြည်တွင်း အသိပညာပေးရေးအဖွဲ့ဖြစ်သော ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း PHF မှ ဒေါက်တာ သန်းစိန်က သတိပေးခဲ့သည်။
ကျန်းမာရေးအသုံးစားရိတ် နည်းပါးသည့်နိုင်ငံ
WHO ၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံမှာ ကျန်မာရေးအတွက် ဘက်ဂျက်အသုံးပြုမှု အနည်းဆုံး နိုင်ငံဖြစ်သည်ဟု သိရပြီး ၂၀၁၃ ခုနှစ်တွင် GDP ၏ ၀.၅ ရာခိုင်နှုန်းသာ အသုံးပြုခဲ့ကာ တောင် ဆူဒန်နှင့် ဟေတီနိုင်ငံတို့ထက်ပင် ပိုမိုနည်းပါးလေသည်။
သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် နိုင်ငံ GDP ၏ ၄.၃ ရာခိုင်နှုန်းကို စစ်အသုံးစားရိတ်အဖြစ် သတ်မှတ်ခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့မှ လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
ခံတွင်းကင်ဆာဖြစ်ခြင်းမှာ ပုံမှန်အားဖြင့် နှေးကွေးပြီး သေဆုံးမှုကို ရှောင်ရှားနိုင်သည့် ရောဂါမျိုးဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံရှိ စီးကရက်ဘူးများတွင် ကျန်းမာရေးအန္တရာယ်ကို သတိပေးထားသော ကြောက်စရာကောင်းသည့် ဓာတ်ပုံများ ပါဝင်သည်။ သို့သော်လည်း ကွမ်းယာအထုပ်များတွင်တော့ ဘာမှမပါ။
PHF အနေဖြင့် ထိုကျန်းမာရေး ပညာပေးမှုမျိုးကို ပြန့်နှံ့ရန်အတွက် လက်ကမ်းစာရွက်များနှင့် ပိုစတာများကို ရိုက်ထုတ်ထားသည်။ ထို့ပြင် ကွမ်းယာဆိုင်ငယ်များတွင်လည်း သတိပေးချက်များ ကပ်ထားချင်သည်။ ကျန်းမာရေး ၀န်ကြီးဌာနကမူ ထိုအဆိုပြုချက်ကို လေ့လာနေဆဲဟု ပြောကြားခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် ကွမ်းစားသည့်ဓလေ့ကို တိုက်ထုတ်ရန်မှာ လွယ်ကူသည့် ကိစ္စမျိုးမဟုတ်။ ကွမ်းစားခြင်းမှာ တောင်အာရှနှင့် အရှေ့တောင် အာရှတို့တွင် ရာစုနှစ်များစွာကြာ ရှိခဲ့သည့် အမြစ်တွယ်နေသော ရိုးရာဓလေ့ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဒေါက်တာ သန်းစိန်တစ်ယောက် အိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်မှုများကို အားကျနေသည်။
“ထိုင်းကိုသွားကြည့်ရင် လူတွေ ကွမ်းစားတာမျိုးကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ ကျေးလက်ဒေသတွေမှာတောင်မှ မစားကြတော့ပါဘူး။ မလေးရှားကြည့်ရင်လည်း ဒီလိုပါပဲ။ ဒါဆို ကျွန်တော်တို့လူမျိုးတွေက ဘာ့ကြောင့် ဒီဓလေ့ကို ဆက်ထိန်းထားတာလဲ” ဟု သူက မေးခွန်းထုတ်ခဲ့သည်။
တက္ကဆီ စတီယာတိုင်နောက်တွင် ထိုင်နေသည့် မျိုးမင်းထိုက်ကမူ ၎င်းမှာ ကျန်းမာရေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနေသော်လည်း ၁၂ နှစ်တာ ကွမ်းစားလာခဲ့ပြီးနောက် ဖြတ်ဖို့မရှိတော့ဟု ပြောကြားခဲ့သည်။
“(ကျန်းမာရေးထိခိုက်မှာကို) ကျွန်တော် ကြောက်ပါတယ်။ ဒါပေမယ့် ကွမ်းမရှိရင် မနေနိုင်ဘူးဗျာ”
Ref: AFP
လေးမောင် ဘာသာပြန်သည်။
Comments