သြဂုတ် ၈ ၊ ၂၀၁၅
M-Media
နှင်းဆီခင် ရေးသည်။
လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေကမယ်မထင်ပါဘူးနော်။ စီးပွားရေး၊ လူမှုရေး၊ သားရေးသမီးရေးကအစ ပညာရေးအဆုံးပူမယ်ဆိုရင် ပူစရာချည်းပေါ့။ လူဆိုတာကလည်း ဒုက္ခနှင့်ယှဉ်မွေးလာတာတဲ့။ လူတွေကပြောကြတယ်။ မိုးလင်းလို့ မျက်စိနှစ်လုံး ပွင့်လာတယ် ဆိုကတည်းက တစ်နေ့တာ ကုန်ဆုံးရမဲ့ အရေးက ခေါင်းထဲတိုးဝင်လာရော။ ဆောင်ရွက်ရမဲ့ တာဝန်တွေ ဝတ္တရားတွေကခေါင်းထဲမှာ တန်းစီနေတာမို့ ဇယ်စက်သလိုလုပ်ကြရတာ လူအများစုရဲ့သဘာဝလို့ ဆိုရမှာပါ။
တစ်ခုရှိတာက ကိုယ်ဆောင်ရွက်ရမဲ့ အရာခပ်သိမ်းဟာ အဆင်ပြေချောမွေ့နေတယ်ဆိုလို့ကတော့ ဘာအရေးလဲ။ တစ်ခုပြီးတစ်ခု အစဉ်အတိုင်းလုပ်လိုက်ရုံရှိတာပေါ့။ ဒါပေမယ့် လက်တွေ့လောကက ထင်သလောက်မလွယ်ဘူးလေ။ အခက်အခဲတွေ စိန်ခေါ်မှုတွေက အခါသမယကြုံနေရတာမျိုး မဟုတ်လား။ ဒီတော့ နဂိုကမှစိတ်ဓာတ်ပျော့ညံ့သူဆိုရင်တော့ သောကစိတ်ကြောင့် လူရောစိတ်ပါ ပင်ပန်းမှာတော့ သေချာနေပြီ။ ခေါင်းအေးအေး ထားတတ်ပြီး ချင့်ချင့်ချိန်ချိန်ရှိသူဆိုရင်တော့ တော်ရဲ့။ အရာရာကို အသေအချာ ကိုင်တွယ်ဖြေရှင်းနိုင်တာကိုတော့ စိတ်ခံစားမှု မပြင်းထန်လှဘူးပေါ့။
တကယ်တမ်းပြောရရင် အသက်အရွယ်၊ အတွေ့အကြုံနှင့် အခြေအနေကို လိုက်ပြီးစိတ်ခံစားမှုတွေ ကွဲပြားလေ့ရှိပါတယ်။ စိတ်လှုပ်ရှား လွယ်သူတွေကတော့ အသက်အရွယ်မရွေး ပြင်းပြင်းထန်ထန် ခံစားတတ်စမြဲပါ။ ကောင်းပြီ ဒါဆိုရင်စိတ်ခံစားမှုကြောင့် ရုပ်ပိုင်းဆိုင်ရာပါ အထိအခိုက်ခံရတော့မှာလား။ လောကဓံဆိုတာကလည်း ဘဝရှိနေသရွေ့ရှောင်လို့မှ မလွတ်တာပဲ။ ဒီတော့ ဘာလုပ်မလဲ။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းရုံကလွဲလို့ တခြားနည်းလမ်းမှမရှိတာ၊ ထွက်ပေါက်ရနိုင်မဲ့နည်းလမ်းတွေကိုပဲ ရှာယူရမှာပဲပေါ့။
တချို့ရှိတယ်။ စိတ်ခံစားမှုတွေနှင့် ဘဝတစ်ခုလုံးပိတ်လှောင်နေတယ်၊ ထွက်ပေါက်မရှိအောင် ပိတ်မိနေတဲ့သဘော။ လူတိုင်းနီးပါးဟာ အတွေးထဲမှာ ကိုယ်ပိုင်စိတ်ကူးနှင့်ရည်မှန်းချက်တွေ ရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မသိစိတ်မှာရှိနေတဲ့ဆန္ဒနှင့် စိတ်ကူးတွေက အိမ်မက်အဖြစ်ပေါ်လာတတ်တယ်။ အထူးသဖြင့်တော့ အလိုမပြည့်သူဟာ စိတ်အားငယ်မှုနှင့် စိတ်ပျောက် လက်ပျောက်ဖြစ်နေမှာ အမှန်ပါပဲ။ ဒါကို နားလည်စာနာပေးသူ တစ်ဦး ဒါမှမဟုတ် တစ်ဦးထက် ပိုသူတွေရှိမယ်ဆိုရင်တော့ စိတ်ခံစားမှုနှင့် ချောင်ပိတ်မိနေသူအတွက် လျော့ပါးသက်သာသွားနိုင်ပါတယ်။ ဒါ့အပြင် သူ့ကိုမေတ္တာထားသူ ကြင်နာသူရှိမယ်ဆိုရင်တော့ စိတ်ပေါ့ပါး သက်သာပြီး ပျော်ရွှင်လာမှာ သေချာတယ်။
စိတ်ခံစားလွယ်သူ တစ်ဦးဟာ သူ့ရဲ့လုပ်ငန်းခွင်မှာ ပညာရေးဆိုင်ရာ သင်တန်းစတာတွေမှာ အခက်အခဲကြုံရတတ်တယ်။ ဆိုပါစို့ ကိုယ့်ရဲ့အထက်အရာရှိ၊ အလုပ်ရှင်၊ ဆရာသမားစသူတွေနှင့် ရင်မဆိုင်ရဲဘူး။ ရဲရဲဝံ့ဝံ့စကားမပြောရဲဘူး။ အစည်းအဝေးတက်ရတဲ့အခါမှာ ဒါမှမဟုတ် လူစုလူဝေး အခမ်းအနားတစ်ခုခုကို တက်ရတဲ့အခါ လူတော မတိုးရဲသလို ဖြစ်တတ်တယ်။ ဦးဆောင် ဆွေးနွေးဖို့ဆိုတာ ဝေးလာဝေး။ သူများတကာပြောဆိုတာတွေကိုတောင် စိတ်ပါလက်ပါ အလေးထားပြီး နားထောင်ဖို့ မလွယ်လှဘူး။ တစ်စုံတစ်ခုပြောလိုက်ရင် မှားသွားမလား။ သူများတကာက ဘာတွေပြောကြမလဲ ကိုယ့်ကိုဘယ်လိုများ ထင်သွားမလဲစတဲ့ အတွေးတွေက စိတ်ခံစာမှုတွေကို တဝဲလည်လည်ဖြစ်နေတာကြောင့်ပါပဲ။ ဒီတော့ ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်မှာ သဟဇာတမဖြစ်ဘဲ အဆင်မပြေဖြစ်နေတဲ့ အပြင် စိုးရိမ်စိတ် သောကစိတ်တွေ ဖိစီးနှိပ်စက်မှုကို ခံနေရတတ်ပါတယ်။
ကောင်းပြီ အဲဒီလိုခံစားမှုတွေကြောင့် သောကပိုနေသူတွေအတွက် သုတေသန ပညာရှင်တွေ အကြံပြုထားတာကို လေ့လာကြည့်နိုင်ပါတယ်။ ဦးဆုံးအနေနှင့်ကတော့ ကိုယ့်ကိုကိုယ် အမှန်အတိုင်းသိမြင်အောင် နားလည်အောင်ကြိုးစားရမှာပါ။ စိတ်ဓာတ်နုနယ်ပြီး ကလေးဆန်တဲ့ အတွေးတွေကို အမှန်တကယ်ဆင်ခြင်မိရင် ဖျောက်ဖျက်ပစ်အောင် ကိုယ်တိုင်ပြုပြင်ယူရမှာဖြစ်တယ်။ အတိတ်မှာကြုံခဲ့ရတဲ့ အခက်အခဲတွေနှင့် ဆုံးရှုံးမှုတွေကို တစိမ့်စိမ့်တွေးနေတတ်သူဟာလည်း စိတ်ခံစားမှုပိုတတ်ပါတယ်။ ဒါကြောင့်ထူးလာမှာ မဟုတ်တဲ့အတိတ်ကို တူးဆွနေခြင်းမျိုးတွေကို ကိုယ်ကိုတိုင် ပယ်ဖျောက်ပစ်ဖို့ အရေးကြီးတယ်။
ကိုယ့်ကိုယ်ကိုအထီးကျန်သလို ပတ်ဝန်းကျင်နှင့် ကင်းကွာသလို မနေဘဲ လိုက်လျော ညီထွေနေတတ်အောင်ပြုပြင် ယူမယ်ဆိုရင်ပေါ့။ ရင်ထဲကခံစားမှုတွေ လျော့ပါး သက်သာလာမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေမှာလည်း သူ့သောက၊ သူ့အခက်အခဲနှင့် သူရှိနေပါလားဆိုတဲ့ အတွေးအမြင် ရလာတာကိုး။ ကိုယ်နှင့်ဆက်ဆံနေသူတွေ ကိုယ့်အပေါ် သနားစိတ်ဝင်နေအောင် ကိုယ့်ဒုက္ခတွေကိုချည်း ဖွင့်ချပြနေတာထက် မှန်ကန်တဲ့ကြံဆနည်းတွေနှင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီကြတာကပိုပြီး လက်တွေ့ဆန်ပါတယ်။
လူဆိုတာက သောကကင်းတယ်လို့မှ မရှိတာ၊ သောကနည်းတာနှင့် များတာပဲကွာတယ်လေ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်အသနားပိုပြီး စိတ်ခံစားမှုဝဲဂယက်ထဲ မျောနေတာထက် ဘဝကိုရင်ဆိုင်ရုန်းကန်နိုင်အောင် ကိုယ့်ရဲ့စိတ်ဓာတ်ကိုပြုပြင်ယူဖို့ အရေးကြီးပါတယ်။ လူ့တောထဲမှာ လူတွေနှင့် အလိုက်သင့်ပေါင်းသင်း ဆက်ဆံတာ၊ လူသားအကျိုးပြု ကိစ္စရပ်လေးတွေမှာ ပါဝင်ဆောင်ရွက်တာဟာ စိတ်ခံစားမှုပြင်းထန်ခြင်း အတွက် ထွက်ပေါက် တစ်ခုပါဆိုတဲ့အကြောင်း…….။
နှင်းဆီခင်
Comments