သြဂုတ် ၉ ၊ ၂၀၁၅
M-Media
– ဇာတိမြေနှင့် မိုင်များစွာဝေးကွာသောနေသော တူရကီရှိ ဆီးရီးယားဒုက္ခသည်စခန်းများ၌ တစ်ကွဲတစ်ပြားဖြစ်နေသော မိသားစုများ ဆင်နွှဲရန် ကြိုးစားနေကြသည့် အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်မှာ အခြားသော နေရာများနှင့် တူမည်မဟုတ်ချေ။
“အိမ်ရဲ့အဝေးမှာ ပထမဆုံးအဖြစ် အီဒွလ်ဖိသီရ်ကို ကျွန်တော်တို့ ကုန်ဆုံးရတော့မှာပါတယ်။ ဒါဟာ နောက်ဆုံး အကြိမ်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကတော့ နေ့စဉ်နဲ့အမျှ ယုတ်လျော့လာပါတယ်။ ကျွန်တော်တို့ ထိခိုက်ခံစားရတာထက်စာရင် ဒီမှတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အဖေ့ဆီက သတင်းမကြားရဘူး၊ သူ သေသလား၊ ရှင်သလားဆိုတာလဲ မသိပါဘူး။ တစ်ကယ်လို့ သေသွားတယ်ဆိုရင်တော့ အဖေ့ရဲ့မြေပုံ ဘယ်နေရာရှိလဲဆိုတာ သိချင်ပါတယ်” ဟု ဒုက္ခသည် တစ်ဦးဖြစ်သော ဘီကီရ် ရှေဟိုက Anadolu Agency သတင်းဌာနသို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဒီမှာရတဲ့ အခွင့်အရေးတွေထဲကနေ အီးဒ်အတွက် ပြင်ဆင်နေပါတယ်။ အစ္စလာမ်ကမ္ဘာမှာ အခု လတ်တလော ဖြစ်ပျက်နေတာတွေဟာ မကြာခင်ပြီးဆုံးသွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
ဆီးရီးယားဒုက္ခသည်များမှာ လွန်ခဲ့သည့် ၅ နှစ်လုံးလုံး တူရကီ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ AFAD မှ စီစဉ်ပေးထားသော တဲများနှင့် ကွန်တိန်နာများတွင် နေထိုင်ခဲ့ကြရသည်။
တူရကီရှိ ဒုက္ခသည်စခန်းများတွင် လုံခြုံမှုရှိနေသော်လည်း ချစ်ခင်နှစ်သက်ရသူများ၏ အဝေးတွင် ဒုက္ခသည်များမှာ မပျော်နိုင်ကြ။
အက်ကာကာလီ ခရိုင် ဆန်လာဖာရ်ဒေသရှိ ဆူလေမန်ရှားဟ် ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည့် ဟူစိန်အဘ်ဒူလာက ၎င်းမှာ သားလေးဦးနှင့် သားမက်တစ်ဦးတို့ကို စစ်ပွဲတွင် ဆုံးရှုံးခဲ့ရပြီး မိမိအနေဖြင့် နိုင်ငံအား စွန့်ခွာလာရသည်မှာ ၄ နှစ် ရှိခဲ့ပြီဟု ပြောကြား ခဲ့သည်။
ထိုကဲ့သို့ ကံမကောင်းအကြောင်းမလှခဲ့သော်လည်း အီးဒ်ပွဲတော်ကိုမူ ၎င်းတို့က တူရကီတွင် ဆင်နွှဲခဲ့ကြသည်။
“လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်က ဆီးရီးယားမှာ ရှိနေတဲ့သူတွေနဲ့ ဒုက္ခသည်တွေကို အီဒွလ်ဖိသီရ်ပွဲတော် ကောင်းကောင်းမွန်မွန် ကျင်းပဖို့ အတားဆီးဖြစ်စေပါတယ်။ တူရကီကတော့ ကျွန်တော်တို့အတွက် အားလုံးကို စီစဉ်ပေးပါတယ်။ ဒါပေမယ့် ဇာတိမြေနဲ့တော့ မတူဘူးပေါ့ဗျာ။ တူရကီမှာ ကျွန်တော်တို့လုံခြုံပါတယ်။ ဒါက အီးဒ်ပွဲတော်လောက်ကို ကျွန်တော်တို့အတွက် အရေးကြီးပါတယ်” ဟု ၎င်းကဆိုပြီး IS အဖွဲ့နှင့် လေကြောင်းမှ တိုက်ခိုက်မှုများကို ကြောက်ရွံ့သော်လည်း သားများ၏ မြေပုံများကို ကြည့်ချင်သည်ဟု အဘ်ဒူလာက ပြောကြားခဲ့သည်။
“စစ်ပွဲပြီးသွားရင် အိမ်ပြန်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ သားတွေရဲ့ မြေပုံတွေကို ကြည့်နိုင်မှာပါ။ ဒီအီးဒ်နေ့ကတော့ ကျွန်တော့်အတွက် တကယ့်အီးဒ် ဖြစ်မှာပါပဲ”
အီဒွလ်ဖိသီရ်မှာ အစ္စလာမ်၏ အဓိက အီးဒ်ပွဲတော် ၂ ခုအနက်မှ တစ်ခုလည်းဖြစ်သည်။ နံနက်စောစောတွင် ၀တ်ပြု ဆုတောင်းမှုများ ပြုလုပ်ပြီးနောက် မုန့်များတည့်ခင်းဧည့်ခံခြင်း၊ ဝေငှခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟများ၏ အိမ်များသို့ သွားရောက် လည်ပတ်ခြင်းတို့ဖြင့် အီးဒ်နေ့ကို အစ္စလာမ်ဘာသာဝင်မျာက ဆင်နွှဲလေ့ရှိကြသည်။
ဝမ်းနည်းစရာ
————
အီးဒ်နေ့ပျော်ရွှင်မှုက ဒုက္ခသည်များစိတ်တွင်း၌ရှိသော စစ်၏ အနိဌာရုံများကို ဖယ်ရှားနိုင်မည် မဟုတ်ချေ။
လွန်ခဲ့သည့် ၂ နှစ်လုံးလုံး တူရကီတွင် ဒုက္ခသည် တစ်ဦးအဖြစ် နေထိုင်လာခဲ့ရသည့် ဆဘီဟာ အဟ်မတ်က နိုင်ငံမှာ စစ်ပွဲနှင့် ဆက်လက် လုံးပမ်းနေရသောကြောင့် လာမည့် အီးဒ်နေ့ အားလပ်ရက်က ၎င်းတို့အတွက် ၀မ်းနည်းပူဆွေးမှု အတိဖြစ်သည်ဟု ဆိုသည်။
“အိမ်၊ အမေ၊ အဖေနဲ့ မောင်လေးတွေ၊ ချစ်ရသူတွေရဲ့ အဝေးမှာဖြစ်နေတဲ့ ဒီအီးဒ်နေ့ကို အားလပ်ရပ် အဖြစ် ကျွန်မ သတ်မှတ်လို့မရပါဘူး။ သူတို့နဲ့အတူ ရှိမနေဘူးဆိုရင် အီးဒ်နေ့ဟာလည်း ကျွန်မအတွက် ဘာမှ အဓိပ္ပါယ်မရှိပါဘူး” ဟု သူမက ပြောကြားခဲ့သည်။
တူရကီရှိ ခရာမန်မာရက်စ် ဒုက္ခသည်စခန်းတွင် လေးနှစ်လုံးလုံး နေထိုင်လာခဲ့ရသည့် အဘီရ် ယတင်မ် ကလည်း ထိုကဲ့သို့ ၀မ်းနည်းပူဆွေးမှုကို ဖွင့်ဟခဲ့သည်။
“အမေနဲ့ အဖေကို ကျွန်မ ဒီမှာရှိစေချင်တာပါ။ အီးဒ်နေ့ကို သာမန်နေ့တစ်နေ့ပဲလို့ ကျွန်မ ထင်ပါတယ်။ ကျွန်မအတွက်တော့ ဘာမှအဓိပ္ပါယ် မရှိပါဘူး။ သူတို့ ကျွန်မတို့ အတွက် အားလုံးလုပ်ပေးပါတယ်။ သူတို့ရဲ့ ထောက်ပံ့ပေးမှုအတွက် ကျွန်မ ကျေးဇူးတင် ပါတယ်။ ဒါပေမယ့် ရွှေလှောင်အိမ်ထဲရောက်နေတဲ့ တေးသီငှက် အိမ်ပြန်ဖို့ ညည်းညူတဲ့ စကားပုံအတိုင်းပါပဲ။ ဒီမှာ နေလို့ရပေမယ့် ကျွန်မ အိမ်ပြန်ချင်ပါတယ်” ဟု ယတင်မ်က ပြောကြားခဲ့သည်။
“ကျွန်မရဲ့မိသားစု၊ ကျွန်မရဲ့တိုင်းပြည်ကို စွန့်ခွာပြီး ဒီကိုရောက်လာတာပါ။ ဒါဟာ နက်ရှိုင်းတဲ့ ဒဏ်ရာပါပဲ။ ဒီတဲတွေက ကျွန်မရဲ့ အိမ်တွေဖြစ်လာပါတယ်”
ဒုက္ခသည်အဖြစ် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံသားအချို့မှာ တစ်နေ့တွင် အိမ်ပြန်နိုင်မည်ဟု မျှော်လင့်နေသည်။
“အခုအချိန်မှာ ကျွန်တော်တို့ဟာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေရဲ့အဝေးမှာ ရှိနေပါတယ်။ ကျွန်တော်တို့ မပျော်ပါဘူး။ စစ်ကြီးပြီးသွားတဲ့အခါ အိမ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်မှာ ဒီမျှော်လင့်ချက် ရှိနေတုန်းပါပဲ” ဟု လွန်ခဲ့သည့် ၃ နှစ်ကတည်းက ဒုက္ခသည် စခန်းတွင် နေထိုင်နေရသည့် အမီရန် ဟူရာဘီက ပြောကြားခဲ့သည်။
ဟူရာဘီ၏ ဇနီးဖြစ်သူ ရက်ဂ်ဒီကလည်း အစ်ဒ်လစ်ဘ်ရှိ ဆွေမျိုးများကို လွမ်းဆွတ်သတိရသည်ဟု ဆိုသည်။
“တစ်နေ့မှာတော့ ကျွန်မ အိမ်ပြန်မှာပါ”
Ref: Onislam
Comments