သြဂုတ် ၂၉ ၊ ၂၀၁၅
M-Media
– ရခိုင့်တပ်မတော် AA နှင့် ဘင်္ဂလားဒေ့ရှ် ဒေသတွင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ ခွဲထွက်ရေးအဖွဲ့ AA အပေါ် စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဝေးလံခေါင်ဖျားသည့် တောင်ကုန်းများမှာ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှ ခွဲထွက်ရေး အုပ်စုပေါင်းစုံ၏ ခြေချရာဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကမှ ဖွဲ့စည်းခဲ့ကာ ရခိုင်ပြည်နယ် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သည့် ရခိုင့်တပ်မတော်လည်း ထိုအထဲတွင် ပါဝင်သည်။ ထိုအဖွဲ့မှာ ရဲတပ်ဖွဲ့အားနည်းသော နယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များအတွက် ပြဿနာတစ်ခုဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့၏ ထိုကဲ့သို့ စီးနင်းတိုက်ခိုက်မှုက ရခိုင့်တပ်မတော်မှ ဘန်ဒါဘန်ပြည်နယ် သန်ချီမြို့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့အား တိုက်ခိုက်ပြီးနောက်ပိုင်း ဖြစ်လာခြင်းဖြစ်သည်။ သြဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ၉ နာရီခွဲခန့်အချိန်တွင် ရခိုင့်တပ်မတော်မှ အဖွဲ့ဝင်များက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB အဖွဲ့တစ်ခု စစ်သားအချို့နှင့်အတူ ရေယာဉ်ဖြင့် ပတ္တရောင်လှည့်နေစဉ် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် ဘင်္ဂလာဒေ့ရှ်က စစ်သားများနှင့် တိုက်လေယာဉ်တစ်စီး အပါအ၀င် စစ်အင်အားကို ချက်ခြင်းဖြည့်တင်းခဲ့သည်ဟု BGB တပ်ဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဗိုလ်ချုပ်ကြီး အဇစ်က ပြောကြားခဲ့သည်။ ရခိုင့်တပ်မတော်၏ တိုက်ခိုက်မှုမှာ ညနေ ၃ နာရီအထိ ကြာမြင့်ခဲ့သည်။
ခွဲထွက်ရေးသမားများ ဆုတ်ခွာသွားသောအခါ BGB နှင့် စစ်တပ်တို့ ပူးပေါင်း၍ ၎င်းတို့အပေါ် စစ်ဆင်ရေး ဆင်နွှဲခဲ့သည်ဟု အဇစ်က ဆိုပြီး၊ ရခိုင့်တပ်မတော်မှာ ဘန်ဒါဘန်ရှိ ဝေးလံခေါင်သီသော နယ်စပ်တောအုပ်အတွင်း နေထိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် BGB နှင့် စစ်သားများကိုလည်း ထပ်မံပေါင်းထည့်သွားမည်ဟု အဇစ်က ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ အဲဒီကို တပ်ဖွဲ့တွေ ထပ်ပို့နေပါတယ်။ ပြီးတော့ မနက်ဖြန် (ကြာသာပတေးနေ့)မှာ သူတို့အားလုံးကို ရှင်းလင်းဖို့ အမြစ်ဖြုတ်စစ်ဆင်ရေး ဆောင်ရွက်သွားပါမယ်” ဟု အဇစ်က The Daily Star သို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာစစ်တပ်အား ဒါကာမြို့ မြန်မာသံရုံးမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားထားပြီး ခွဲထွက်ရေးသမားများ မလွတ်မြောက်စေရန်အတွက် နယ်စပ်အားပိတ်ထားရန် တောင်းဆိုခဲ့သည်ဟု သူက ဆိုသည်။
“သူတို့ဘက်က နယ်စပ်ကိုပိတ်ထားဖို့ မြန်မာစစ်တပ်ကို ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ ဒါမှ သူတို့ (မြန်မာစစ်တပ်) က စစ်ဆင်ရေးအတွင်းမှာ ခွဲထွက်ရေးသမားတွေကို အရေးယူနိုင်မှာပါ” ဟု အဇစ်က ပြောကြားခဲ့ပြီး မြန်မာစိုးရကလည်း အကူအညီအားလုံးပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ကို အသေအချာပြောခဲ့သည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့ညဘက်မှ ကြာသာပတေးနေ့မနက် အချိန်ကြား ရန်ဂါမာတီခရိုင်တွင် ပြုလုပ်ခဲ့သော စီးနင်းတိုက်ခိုက်မှုတွင် ရခိုင့်တပ်မတော်မှ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြောကြားခဲ့သည်။
အမှတ် ၃၀၅ လက်နက်ကြီး တပ်မဟာမှ ဗိုလ်ချုပ် တက်စ်လင်းမ်ကမူ ရခိုင့်တပ်မတော် ယူနီဖောင်းများ၊ လက်တော့များ၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ မော်တော်ဆိုင်ကယ်များနှင့် မြင်းနှစ်ကောင်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု bdnews24 သို့ ပေးပို့သော အီးမေးလ်တွင် ဖော်ပြခဲ့သည်။ သူပုန်များဘက်မှ ၈ ယောက်မှ အယောက် ၂၀ အကြားမှာ ဒဏ်ရရရှိခဲ့သည်ဟု ကနဦး မျက်မြင်သက်သေများ၏ ပြောကြားမှုများအရ သိရသည်။
ရခိုင့်တပ်မတော်ကမူ အခြေအနေ တစ်ရပ်လုံးမှာ နားလည်မှုလွဲမှားခြင်းမှ ဖြစ်လာသည့်ကိစ္စဖြစ်ပြီး BGB အရာရှိများကို အပြစ်တင်ခဲ့သည်။ ရခိုင့်တပ်မတော်မှ လွန်းရွှေကမူ BGB တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ရာတွင် မိမိတို့မှာ ဘင်္ဂလားဒေ့ရှ်၏ ရန်သူ မဟုတ်ကြောင်း ရခိုင့်တပ်မတော်မှ အဖွဲ့ဝင်များက ရှင်းပြသော်လည်း BGB တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် ကနဦးတိုက်ပွဲ ဖြစ်ပွား ရခြင်းဖြစ်သည်ဟု Dhaka Tribune မှ အဒီလ် ဆက်ဟာဝပ်ကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေနဲ့ ဒီလိုတိုက်ပွဲမျိုးဖြစ်ဖို့ ကျွန်တော်တို့မှာ ပေါ်လစီမရှိပါဘူး။ ဒါပေမယ့် ဒါကတော့ ကြောက်စရာကောင်းတဲ့ နားလည်မှု လွဲခြင်းဖြစ်ပြီး၊ ၀မ်းနည်းဖို့ကောင်းတဲ့ အဖြစ်အပျက်ပါပဲ။ ကျွန်တော်တို့ဘက်ကတော့ ဒါကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားသွားပါမယ်” ဟု လွန်းရွှေက ထပ်လောင်းပြောကြားခဲ့သည်။
xxxxxxxxxxxxxxxxxxxxx
The Diplomat မှ ဆောင်ပါးရှင် Prashanth Parameswaran ၏ Why Did Bangladesh Just Launch a Raid Against Myanmar Separatists? ဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Leave a Reply
You must be logged in to post a comment.