စက်တင်ဘာ ၆၊ ၂၀၁၅
M-Media
– တိုက်စစ်မှူးရူနီမှာ အင်္ဂလန်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို မှီမည်ဟု မိမိ မမျှော်လင့်ခဲ့ကြောင်း မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ပြောကြားလိုက်သည်။
ယနေ့မနက်က ဆန်မာရီနိုအသင်းအား ၆ ဂိုး ပြတ်ဖြင့် အနိုင်ရခဲ့သည့် အင်္ဂလန်အသင်း၏ ယူရိုခြေစစ်ပွဲတွင် ရူနီမှာ ၁၃ မိနစ်၌ ပင်နယ်တီဖြင့် တစ်ဂိုးသွင်းယူပေးခဲ့ပြီး ဂန္တ၀င်ကစားသမား ဘော်ဘီလ်ချာလ်တန် တင်ထားခဲ့သည့် ၄၉ ဂိုး စံချိန်နှင့် တူညီသွားပြီဖြစ်သည်။
သို့သော်လည်း ရူနီအား မန်ယူသို့ ၂၀၀၄ ခုနှစ်က ပေါင် သန်း ၃၀ ဖြင့်ခေါ်ယူကာ မြေတောင်မြှောက်ပေးခဲ့သည့် ဖာဂူဆန်ကမူ ၎င်းအနေဖြင့် အစပိုင်းတွင် ရူနီအား ဂိုးလှိုင်လှိုင်သွင်းနိုင်မည့် တိုက်စစ်မှူးအဖြစ် မသတ်မှတ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
“ဒီလိုမျိုး ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ပြီးတော့ သူ့ကို ဂိုးသွင်းစွမ်းရည်ရှိမယ်လို့လည်း ကျွန်တော် သတိမပြုမိခဲ့ပါဘူး။ ပြစရာ ဘာမှ မရှိခဲ့လို့ပါ။ သူဟာ ထူးချွန်တဲ့ ဘောလုံးသမားတစ်ယောက်လို့ မြင်ပြီး ဒါက သူ့ကို ကျွန်တော်တို့ လိုချင်တဲ့ အဓိက အကြောင်းအရင်းပါ” ဟု ဖာဂူဆန်က ITV Sport သို့ ပြောကြားခဲ့သည်။
ဘော်ဘီချာလ်တန်မှာ အင်္ဂလန်လက်ရွေးစဉ်အသင်းအတွက် ၁၉၅၈ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ပွဲပေါင်း ၁၀၆ ပွဲ ကစားခဲ့ပြီး ၁၉၆၆ ကမ္ဘာ့ဖလားကို ကိုင်မြှောင်နိုင်ခဲ့သူ ဖြစ်သည်။ ဖာဂူဆန်ကမူ ချာလ်တန်မှာ မန်ယူတွင် ရူနီကို အကြံဥာဏ်များ ပေးခဲ့သည်ဟုဆိုသည်။
သို့သော်လည်း ရူနီ၏ ဂိုးသွင်းစံချိန်သစ် တင်နိုင်မည့် အောင်မြင်မှုကို ပိုမိုကြီးကျယ်သော အောင်မြင်မှုအဖြစ် သတ်မှတ်ရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတကာအဆင့်တွင် သက်သေပြနိုင်ခြင်းဟု သာမန်သာ ချီးကျူးခဲ့သည်။
ရူနီက မိမိမှာ အင်္ဂလန်အသင်းနှင့် ကမ္ဘာ့လားရရှိရန် မျှော်လင့်ထားဆဲဟု ပြောကြားခဲ့ဖူးပြီး၊ ဖာဂူဆန်ကမူ သံသယရှိနေသည်။
“အဲဒါက အရမ်း၊ အရမ်း ခက်ခဲတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကစားသမားတွေကြောင့် ကျွန်တော် ဒီလိုပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် မီဒီယာနဲ့ ပရိတ်သတ်တွေဆီက သူတို့အပေါ်မှာရှိနေတဲ့ ဖိအားဟာ မယုံနိုင်စရာပါပဲ”
ဆန်မာရီနိုနှင့်ပွဲမှာ ရူနီ၏ အင်္ဂလန်အသင်းအတွက် ၁၀၆ ပွဲမြောက်ပွဲဖြစ်ပြီး ဘော်ဘီချာလ်တန်ကစားခဲ့သည့် ပွဲအရေအတွက်နှင့် တူညီသွားခဲ့ခြင်းလည်းဖြစ်သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.