စက်တင်ဘာ ၉၊ ၂၀၁၅
M-Media
– ကလေးငယ်အား ချီပိုးထားသည့် အမျိုးသားတစ်ဦးပါအ၀င် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရမှု မရှိစေရန် ထွက်ပြေးသည့် ဒုက္ခသည်များကို ခြေဖြင့်ကန်ကျောက်ခြင်း၊ ခြေထိုးခြင်းများ ပြုလုပ်ခဲ့သည့် ဟန်ဂေရီရုပ်သံဌာနမှ ဗွီဒီယိုရိုက်သူ အမျိုးသမီးကို အဆိုပါရုပ်သံဌာနက ထုတ်ပယ်လိုက်သည်ဟု သိရသည်။
N1TV ရုပ်သံဌာမှ ၀န်ထမ်းအမျိုးသမီးဖြစ်ပြီး ဆာဘီးယားနှင့်နီးသည့် ဟန်ဂေရီနယ်စပ်တွင် ဆီးရီးယားမှ အများစုပါဝင်သည့် ရာနှင့်ချီသော ဒုက္ခသည်များမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုမှ ထွက်ပြေးစဉ် ၎င်းက မိန်းကလေးငယ်တစ်ဦးကို ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည်။
ထို့ပြင် ကလေးငယ်ကို ချီထားသည့် အမျိုးသားတစ်ဦး ထွက်ပြေးလာရာတွင်လည်း ၎င်းက ခြေထိုးခံခဲ့သောကြောင့် ထိုအမျိုးသားနှင့် ကလေး နှစ်ဦးစလုံးမှာ မှောက်လျက် ပြုတ်ကျသွားခဲ့သည်။ ၎င်း၏ ထိုလုပ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုမှာ အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့သွားခဲ့ပြီး ဝေဖန်မှုပြစ်တင်မှုများလည်း ရှိခဲ့သည်။
“N1TV ရဲ့ ၀န်ထမ်းတစ်ယောက်ဟာ ရော့စ်ကီ စစ်ဆေးရေးဂိတ်မှာ လက်မခံနိုင်စရာ အပြုအမူကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီ ဗွီဒီယိုရိုက်သူ အမျိုးသမီးနဲ့ စာချုပ်ကို ဒီနေ့ ချက်ခြင်းပဲ ဖျက်သိမ်းခဲ့ပါတယ်” ဟု N1TV ရုပ်သံက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါရုပ်သံ၏ အယ်ဒီတာချုပ်ဖြစ်သူ ဇာဘော့လ် ကစ်ဘာ့ဂ်ကလည်း “ဒီအခြေအနေမှာ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဘယ်လိုဖြစ်ရလဲဆိုတာ နားမလည်ပါဘူး။ တုန်လှုပ်စရာကောင်းပြီး လက်မခံနိုင်စရာပါပဲ” ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဟန်ဂေရီသတင်းဝဘ်ဆိုက် 444.hu ကမူ အဆိုပါ ရုပ်သံရိုက်ကူးသူ အမျိုးသမီးမှာ ပီထရာ လက်စ်ဇ်လိုဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဟန်ဂေရီအစိုးရမှာ ဒုက္ခသည်များနှင့်ပတ်သက်၍ တင်းမာသည့်သဘောထားရှိပြီး ဒုက္ခသည်များအား လက်ခံရန် လုံးဝငြင်းဆိုထားသည်။
Ref: Reuters
Comments