စက်တင်ဘာ ၂၉၊ ၂၀၁၅
M-Media
– ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၆ မှာတော့ ရှုံးပွဲမရှိသေးတဲ့ ဗီလာရီးယဲလ် ထိပ်ဆုံးရောက်ခဲ့ပြီး အသင်းကြီးတွေကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ကြပါဘူး။
ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြပြီး ရှုံးပွဲမရှိသေးတဲ့ ဗီလာရီးယဲလ်တို့ ကစားရခက်တဲ့ အက်သလက်တီကို ကို အိမ်ကွင်းမှာအနိုင်ယူပြီး ဇယားထိပ်ကို ရောက်လာခဲ့ပါတယ်။ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ တိုက်စစ်ခံစစ် ပြောစရာမရှိခဲ့တဲ့ အိမ်ရှင်တို့ အနိုင်နဲ့ထိုက်တန်ခဲ့ပြီး၊ တစ်လုံးတည်းသော အနိုင်ဂိုးတော့ လီယို ဘက်တစ္စတာအိုက ပွဲအစ ၁၄ မိနစ်မှာ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
ရီးယဲလ်ရဲ့ အိမ်ကွင်း ဂိုးမရှိသရေရလဒ်ကတော့ ကံတရားကိုပဲ အပြစ်ပုံချရမှာပါ။ မာလာဂါကို တစ်ဖက်သတ်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း မရေမတွက်နိုင်ခဲ့ဘဲ နောက်ဆုံး ၁၅ မိနစ်လောက်လည်း တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် လိုချင်တဲ့ဂိုး မရခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ မာလာဂါဂိုးသမား ကာမေနီရဲ့ အံ့ဖွယ်ကာကွယ်မှုကြောင့်လည်း ရီးယဲလ်တို့ ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပါတယ်။
ပွဲစဉ် ၅ အထိ နိုင်ပွဲမရှိတဲ့ ယူရိုပါချန်ပီယံ ဆီးဗီးလား ဒီတစ်ပတ်မှာတော့ အိမ်ကွင်းမှာ ဗယ်လက်ကာနိုကို နောက်ကျအနိုင်ဂိုးနဲ့ ကံကောင်းစွာ နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်ဂိုးသွင်းထားနိုင်ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုးပြန်ပေးခဲ့ရပြီး ဂိုးသမား ကောင်းလွန်တာကြောင့်သာ ဆီးဗီးလား အသက်ရှုချောင်ခဲ့တာပါ။ အနိုင်ဂိုးကိုတော့ ၈၆ မိနစ်မှ ရခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာက တန်းတက်လက်စ်ပါးလ်မက်စ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပေမယ့် ပွဲအစ ၁၀ မိနစ်မှာပဲ မက်ဆီဒဏ်ရာရကာ ပေးဆပ်မှု ကြီးမားခဲ့ပါတယ်။ ဆွာရက်ဇ်က အသင်းရတဲ့ ၂ ဂိုးစလုံးကို သွင်းပေးခဲ့ပြီး ၆၆ မိနစ်မှာ နေးမာက ပင်နယ်တီ မ၀င်ခဲ့ပါဘူး။
လာလီဂါပွဲစဉ် ၆ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဗလင်စီယာ ၁-၀ ဂရာနာဒါ
ဘာစီလိုနာ ၂-၁ လက်စ်ပါးလ်မက်စ်
ရီးယဲလ် ၀-၀ မာလာဂါ
ဗီလာရီးယဲလ် ၁-၀ အက်သလက်တီကို
ဆီးဗီးလား ၃-၂ ဗယ်လက်ကာနို
အိုက်ဘာ ၁-၁ ဆဲလ်တာဗီဂို
စပို့တင်းဂီဂျွန် ၁-၂ ဘက်တစ်
ဒီပို့တီဗို ၃-၀ အက်စပန်ညို
ဂီတာဖေး ၃-၀ လီဗန်တေး
ဆိုစီဒက် ၀- ၀ ဘီဘာအို
Comments