အောက်တိုဘာ ၃၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်မတ်လမှ စတင်ခဲ့သည့် ယီမင်စစ်ပွဲအတွင်း သေဆုံးသူ ကလေးငယ်အရေအတွက်မှာ ၅၀၀ ကျော်သွားခဲ့ပြီဟု ယူနီဆက်ဖ်မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖီ ဘူလီရက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်များကို ပြည်ပြေးသမ္မတ အလ်ဒ် ရဘ်ဘူ မန်ဆူးရ်ဟာဒီအား ထောက်ခံသော ဆော်ဒီဦးဆောင်သည့်အဖွဲ့က ၆ လကြာ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ကလေးငယ်ပေါင်း အနည်းဆုံး ၅၀၅ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများမှာ ၇၀၂ ဦး ရှိနေသည်။
“ဒီပမာဏဟာ တကယ့်လက်တွေ့ပမာဏထက် နည်းပါတယ်။ ယီမင်က ကလေးတွေရဲ့ အခြေအနေဟာ နေ့စဉ်နေတိုင်း ဆိုးရွားလာပါတယ်။ ဒါဟာ ကြောက်စရာပါပဲ” ဟု ဘူလီရက်စ်က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုများ ချက်ခြင်း အဆုံးသတ်ရန်လည်း စစ်ပွဲတွင် ပါဝင်သူအားလုံးကို တိုက်တွန်းခဲ့သည်။
စစ်ပွဲကြောင့် လူငယ် ၁.၇ သန်းမှာ အဟာရချို့တဲ့မှုအန္တရာယ် ရှိနေသည်ဟု ယူနီဆက်ဖ်က ထည့်သွင်းပြောကြားခဲ့သည်။ တိုက်ခိုက်မှုများ စတင်ပြီးကတည်းက ယီမင်တွင်သေဆုံးသူ အရပ်သားအရေအတွက်မှာ ၂၃၀၀၀ ကျော် ရှိနေပြီဟု ကုလက ခန့်မှန်းတွက်ချက်ထားသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကမူ ယီမင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုဖွဲ့ရန် ဆော်ဒီအာရေဗျက တင်ပြသည့် ဆုံးဖြတ်ချက်ကို ပယ်ချခဲ့မှုအတွက် ကုလသမဂ္ဂကို ပြစ်တင်ခဲ့သည်။
စစ်ပွဲတွင် ပါဝင်သူ နှစ်ဖက်စလုံးမှာ လူနေဧရိယာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုထားသည်။ ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့ကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုထားပြီး အမှားလုပ်မိပါက မိမိတို့က ၀န်ခံသွားမည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.