အောက်တိုဘာ ၉၊ ၂၀၁၅
M-Media
မိုးဝေ စုစည်းတင်ဆက်သည်။
၁၉၇၆ ခု အောက်တိုဘာ ၆ ရက်..
ထိုင်းနိုင်ငံ၏ သမိုင်းတွင် မေ့ဖျောက်၍ မရသည့် သမ်မာဆက်တက္ကသိုလ် (Thammasat University) အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပွားသည့်နေ့ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ဖီးလ်မာရှယ် သာနွမ် ကီတီကာချွန် တိုင်းပြည်သို့ ပြန်လာမှုကို မကျေနပ်၍ ကျောင်းသားများ ဆန္ဒပြမှုကို အခွင့်ကောင်းယူကာ စစ်တပ်အကြီးအကဲအချို့က အာဏာသိမ်းရန် ဂွင်ဆင်၍ ထိုသတ်ဖြတ်မှုကြီးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်လေသည်။
ပြဿနာအစ
————-
ထိုင်းဘုရင်ကြီး ဘူမီဘော အဒူလ်ယာဂျစ်က နိုင်ငံ၏ ဥသျှောင် အဖြစ် ခံယူပြီး စစ်တပ်လွှမ်းမိုးသည့် အစိုးရဖြင့် ဆယ်စုနှစ်ချီ၍ ဖြတ်သန်းလာခဲ့သော ထိုင်းနိုင်ငံရေးစနစ်မှာ ၁၉၇၃ ခုနှစ်တွင် တစ်ဆစ်ချိုး ပြောင်းလဲလာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲရန် အောက်တိုဘာ ၁၄ ရက်နေ့ ကျောင်းသားများ ဆန္ဒပြမှုနှင့်အတူ ထိုင်းနိုင်ငံ၏ အာဏာရှင် ၃ ဦးဖြစ်သော ကြည်းတပ်ဦးစီးချုပ် သာနွမ် ကီတီကာချွန်နှင့် ပါရာဖတ် ချာရူဆာသိန်း၊ ဗိုလ်မှူးကြီး နာရွန် ကီတီကာချွန်တို့မှာ တိုင်းပြည်မှ ထွက်ပြေးခဲ့ရလေသည်။
၁၉၇၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး ၀န်ကြီးချုပ် ကုက်ရစ်ဦးဆောင်ကာ ၁၆ ပါတီပါဝင်သည့် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သော်လည်း တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံမှာ မြောက်ဗီယက်နမ်မှ ကွန်မြူနစ်များလက်အောက်သို့ ကျရောက်သွားပြီး၊ လာအိုတွင်လည်း ကွန်မြူနစ်အစိုးရ တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် ကွန်မြူနစ်ကြောက်စိတ်များဖြင့် မတည်ငြိမ်တော့ဘဲ လက်ယာယိမ်းအဖွဲ့များကလည်း အားကောင်းလာခဲ့သည်။
ထို့နောက် ဆန္ဒပြမှုများ၊ ချီတက်မှုများနှင့် ရှုပ်ထွေးခဲ့ပြီး ထိုင်းပြည်တည်ငြိမ်ရေးအတွက် အာဏာသိမ်းရမည်ဟု စစ်တပ်အာဏာပိုင်များက တွက်ခဲ့ကြလေသည်။ ထိုအချိန်တွင် ဆန်ဈေးနှုန်း တက်သွားခြင်းက မီးလောင်ရာ လေပင့်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ပြီး စစ်တပ်ထောက်ခံသော နာဝါဖွန် (Nawaphon) အဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီး ပရာမန်တို့စီစဉ်၍ လူပေါင်း ၁၅၀၀၀ ခန့် ပါဝင်သည့် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့ကာ စစ်တပ်အား အာဏာလွှဲပေးရန် ၀န်ကြီးချုပ် ကူက်ရစ်ကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကီတီဗူဒ်ဟို ဘိက္ခူမှာ ကွန်မြူနစ်များကို သတ်ခြင်းက အပြစ်မဖြစ်ဟုပင် ပြောကြားခဲ့သည်။ ထိုမတည်ငြိမ်မှုများ ကြောင့် ၁၉၇၆ ခုနှစ် ဇန်န၀ါရီတွင် ၀န်ကြီးချုပ် ကုက်ရစ်က ပါလီမန်ကို ဖျက်သိမ်းခဲ့ရသည်။
ဧပြီလအတွင် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ခဲ့ပြီး လေးပါတီ ပါဝင်သည့် ညွန့်ပေါင်းအစိုးရ တက်လာကာ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဆန်နီ ပရာမို့ဂ်ျက ၀န်ကြီးချုပ်ဖြစ်လာ ခဲ့သည်။ ဆန်နီ၏ အစိုးရမှာ ညွန့်ပေါင်းအစိုးရရှိ လက်ယာယိမ်းများနှင့် တိုးတက်သည့်အမြင်ရှိသူ အဖွဲ့များအကြား သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရင်း အင်အားချည့်နဲ့လာခဲ့သည်။
ရမယ်ရှာ
————
ထိုကဲ့သို့ နိုင်ငံရေး မတည်ငြိမ် ဖြစ်နေချိန်တွင် ၁၉၇၃ ခုနှစ် ကျောင်းသားများ ဆန္ဒပြမှုအတွင်း နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့ရသည့် စစ်အာဏာရှင် ၃ ဦးမှ ကြီးတပ်အကြီးအကဲ ပရာဖတ်ပြန်လာသည့်အခါ ပြည်သူများက ဆန္ဒပြကြသည်ကို ကြည့်၍ ထိုအချိန်က ဒု-၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည့် ပရာမန်က အာဏာရှင်ဟောင်း သာနွန်ကို ပြည်တော်ပြန်စေ၍ မငြိမ်းသက်မှုကို ဖန်တီးကာ အာဏာသိမ်းရန် အကြံရခဲ့သည်။
ထို့နောက် ၁၉၇၆ ခု စက်တင်ဘာလနှောင်းပိုင်း သာနွမ်ပြန်လာသည့် အခါ ကျောင်းသားများနှင့် အလုပ်သမားအဖွဲ့များက သမ်မာဆတ် တက္ကသိုလ်တွင် အခြေစိုက်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး သာနွမ်အား တိုင်းပြည်မှနှင်ထုတ်ရန် တောင်းဆိုခဲ့သည်။
စက်တင်ဘာ ၂၅ ရက်နေ့တွင် နာခွန်ပသွမ်၌ ရဲတပ်ဖွဲ့က သာနွမ်ကို ဆန့်ကျင်သည့် အလုပ်သမား အဖွဲ့ဝင်နှစ်ဦးကို သတ်ပစ်မှုကို ပြန်လည်အမှတ်ရစေရန် သမ်မာဆတ် တက္ကသိုလ်တွင် ကျောင်းသားများက ဆွဲကြိုးချသည့်သဏ္ဍာန် ပြပွဲတစ်ခုကို ပြုလုပ် ခဲ့ကြသည်။
ထိုဓာတ်ပုံမှာ အောက်တိုဘာ ၅ ရက်နေ့မနက်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Bangkok Post နှင့် ထိုင်းသတင်းစာ Dao Sayam တို့တွင်ပါလာခဲ့ပြီး ဆွဲကြိုးချမှုတွင် ပါဝင်သူ ကျောင်းသားမှာ ထိုင်းအိမ်ရှေ့မင်းသားနှင့် ဆင်တူပြီး (ဆင်တူအောင် ဓာတ်ပုံကို တမင်ဖန်တီးကာ သတင်းစာများတွင် ထည့်သွင်းကြသည်ဟု အဆိုလည်းရှိသည်) တော်ဝင်မိသားစုကို ကျောင်းသားများက မထီမဲ့မြင်ပြုသည်ဟု သတင်းများ ချက်ခြင်းပြန်နှံ့သွားလေသည်။
စစ်တပ်ပိုင်ရေဒီယိုနှင့် အခြားသော မီဒီယာများက ကျောင်းသားများကို အပြစ်ဖို့ကာ “ကျောင်းသားများကို သတ်ပစ်” “ကွန်မြူနစ်များကိုသတ်ပစ်” ဟု တရားဝင်ကြွေးကျော်မှုများ ပြုလုပ်တော့သည်။
ထိုနေ့ညနေပိုင်းတွင် ကျောင်းသား ၂၀၀၀ ခန့် ထိုင်သပိတ်လုပ်နေသော သမ်မာဆတ်တက္ကသိုလ်အား စစ်တပ်က လက်သပ်မွေးထားသည့် ပြည်သူ့စစ် ၄၀၀၀ က ၀န်းရံထားလိုက်ပြီး သမိုင်းတွင်မည့် သတ်ဖြတ်မှုကြီးကို ဆောင်ရွက်ရန် အစပျိုးလိုက်လေသည်။
လက်မရွံ့များ
—————-
သမ်မာဆတ်တွင် ကျောင်းသားများ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၌ လက်မရွံ့အဖွဲ့ ၃ ဖွဲ့ ပါဝင်ပြီး အားလုံးကို စစ်တပ်နှင့် နယ်စပ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့တို့က လေ့ကျင့် ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။ ထိုအဖွဲ့များမှာ နာဝါဖွန်(Nawaphon)၊ The Red Gaur၊နှင့် စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့ VDC အဖွဲ့တို့ ဖြစ်သည်။
“အမျိုး၊ ဘာသာ၊ ဘုရင်စနစ်” ဟူသော ကျွေးကြော်သံဖြင့် စတင်ခဲ့သည့် နာဝါဖွန်အဖွဲ့အပါအ၀င် အဖွဲ့အားလုံးမှာ ပြည်တွင်းလုံခြုံရေးဌာနချုပ် ISOC မှ က လက်သပ်မွေးထားသည့် အဖွဲ့များဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများကိုပါ လျှို့ဝှက် ဆောင်ရွက်ပေးခဲ့ကြသည်။
၁၉၇၅ ခုနှစ်တွင် အင်အား ငါးသောင်းခန့် ဖြစ်လာခဲ့သည့် နာဝါဖွန်အဖွဲ့မှာ လုပ်ကြံသတ်ဖြတ်ရေးနှင့် လက်ဝဲယိမ်းတက်ကြွလှုပ်ရှားသူများအား နှိမ်နင်းရေး သင်ကြားမှုများကို လက်ယာယိမ်း ဘုန်းကြီး ကီတီဗူဒိုက ချွန်ဘူရီပြည်နယ်တွင် တည်ထောင်ထားသည့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့လေသည်။
သမ်မာဆတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြီးနောက် စစ်တပ်က အာဏာသိမ်းပြီး ၀န်ကြီးချုပ်ဖြစ်လာသည့် တာနင်မှာ နာဝါဖွန်အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်ပင် ဖြစ်လေသည်။ ထိုသတ်ဖြတ်မှုကြီးတွင် ပါဝင်သည့်အဖွဲ့များကို Thai Marxist စာအုပ်ရေးသူ ဂီလ်းစ် အန်ဂ်ပါကွန်က ၁၉၃၀ ပြည့်နှစ်များတွင် ဥရောပရှိ ဖက်စစ် ပြည်သူ့စစ်အဖွဲ့များကဲ့သို့ အဖွဲ့များဖြစ်သည်ဟု ရေးသားခဲ့လေသည်။
တိုက်ခိုက်မှုစပြီ
—————–
အောက်တိုဘာ ၆ ရက်နေ့ မနက်စောစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ကက်ဘိနက်အစည်းအဝေးတွင် ဒုတိယ၀န်ကြီးချုပ်ဖြစ်သည့် ချာ့တ်ထိုင်းပါတီခေါင်းဆောင် ပရာမာန် အဒီရက်ဆန်က ကျောင်းသားလှုပ်ရှားမှုကို ပြတ်ပြတ်သားသားနှိမ်နင်း ရမည်ဟု နှပ်ကြောင်းပေးခဲ့သည်။
မနက် ၅ နာရီခန့်တွင် ပြည်သူ့စစ်များက တက္ကသိုလ်ကျောင်းဝင်းထဲသို့ စတင်ပစ်ခတ်ကြပြီး နံနက် ၇ နာရီတွင် နယ်စပ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့က တက္ကသိုလ်ထွက်ပေါက်အားလုံးကို ပိတ်လိုက်လေသည်။ နံနက် ၁၁ နာရီတွင် အမှိုက်ကားတစ်စီးဖြင့် ဂိတ်ပေါက်ဝကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ထို့နောက်တွင် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းတော့သည်။
လက်နက်ကိုင်ဆောင်ထားသည့် ကျောင်းသားများက ပြန်လည်ပစ်ခတ်သော်လည်း အားချင်းမမျှ။ နောက်ပိုင်းတွင် ကျောင်းသားများက အပစ်ရပ်ရေး တောင်းဆိုခဲ့ပြီး၊ ရဲတပ်ဖွဲ့အကြီးအကဲ ချမ်ဖွန်က မြင်သမျှပစ်ရန် အမိန့်ပေးခဲ့သည်။
ကျောင်းသားများမှာ ရဲတပ်ဖွဲ့နှင့် ပြည်သူစစ်များလက်အောက်တွင် ရိုက်သတ်ခံရပြီး အလောင်းများကို ချိတ်ဆွဲထားကြသည်။ လက်နက်ချသောသူများကိုလည်း မြေပြင်ပေါ်တွင် အိပ်ခိုင်းထားပြီး ခြေဖြင့်ကန်ကျောက်ကြသည်။ အလောင်များအား ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်မှုကိုလည်း စိတ်ပြေနပြေ လုပ်ကြသေးသည်။ မသေမရှင် ကျောင်းသားများ၏ အလောင်းများကို ဓာတ်ဆီလောင်း၍ မီးရှို့မှုလည်း ပါဝင်လေသည်။
တက္ကသိုလ်နံရံကိုကျော်ကာ အနီးရှိ ချာအိုဖရာယာ (Chaophraya) မြစ်အတွင်းသို့ ခုန်ချထွက်ပြေးသူများကိုလည်း ထိုင်းရေတပ်မှ ပစ်သတ်သည်။ ထိုတိုက်ခိုက်မှုမှာ နာရီအနည်းငယ် ကြာခဲ့သည်။
ထိုအဖြစ်အပျက်အတွင်း ကျောင်းသား တစ်ထောင်ခန့် ဖမ်းဆီးခံရသည်။ ကျောင်းသားများကို အပေါ်ပိုင်းဗလာကျင်းကာ တွားသွားခိုင်းပြီး ခြေဖြင့်ကန်ကျောက်ကြသည်။ ကျောင်းသူများကိုလည်း ရဲတပ်ဖွဲ့နှင့် Red Gaurs အဖွဲ့သားများက မုဒိမ်းကျင့်ကြလေသည်။
ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်မှုအရ ၄၆ ဦးသေဆုံးပြီး ၁၆၇ ဦးဒဏ်ရာရသည်ဟုဆိုသည်။ သို့သော်လည်း အလောင်းများကို ကိုင်တွယ်ရသည့် တရုတ်ကူညီမှုအသင်းက သေဆုံးသူမှာ ၁၀၀ ကျော်ရှိသည်ဟု ဆိုပြီး ၂၀၀၁ ခုနှစ်တွင် ၀ါရှင်တန်ပို့စ်ကလည်း ထိုစာရင်းကို လက်ခံခဲ့သည်။
သတ်ဖြတ်ပွဲကြီးက နေ့လည်ပိုင်းအထိ ကြာမြင့်ခဲ့ပြီး မိုးရွာမှသာ ရပ်တန့်ခဲ့လေသည်။ သမိုင်းဆရာများကတော့ ထိုသတ်ဖြတ်မှုကြီးမှာ အလုပ်သမားများ၊ ကျောင်းသားများနှင့် တောင်သူလယ်သမားအရေး လှုပ်ရှားသူများကို အရက်စက်ဆုံး သတ်ဖြတ်မှုကြီးအဖြစ် ကင်ပွန်းတပ်ခဲ့ကြလေသည်။
အာဏာသိမ်းပြီ
——————
ကြိုတင်စီစဉ်ထားသည့်အတိုင်း ညနေလေးနာရီခန့်တွင် နယ်စပ်စောင့်ကြပ်မှု ရဲတပ်ဖွဲ့၊ Red Gaur အဖွဲ့၊ နာဝါဖွန်နှင့် VDC အဖွဲ့တို့မှာ အစိုးရအိမ်တော်သို့ ချီတက်သွားပြီး ၀န်ကြီးချုပ် ဆန်နီ နှုတ်ထွက်ရေးအတွက် တောင်းဆိုခဲ့ကြလေသည်။
ညနေ ၆ နာရီခွဲတွင်တော့ ရေတပ်ဦးစီးချုပ် ဆန်ဂဒ်ဦးဆောင်ပြီး စစ်တပ်အရာရှိ ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကောင်စီ NARC က အာဏာသိမ်းကြောင်း ကြေငြာခဲ့လေတော့သည်။ တကယ်တော့ NARC အဖွဲ့မှာ သဘောထားပျော့ပြောင်းပြီး ပရာမန်၏ လက်ယာစွန်းရောက်အဖွဲ့ အာဏာရယူခြင်းမှ တားဆီးခဲ့သည့်အဖွဲ့ ဖြစ်လေသည်။
“အရင်က အာဏာသိမ်းတဲ့ ပုံစံမျိုးပါပဲ။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အစပျိုးမယ်။ ရဲတွေက တရားဥပဒေစိုးမိုးရေးကို မထိန်းနိုင်တော့ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်အောင်လုပ်ပြီး နောက်ဆုံး စစ်တပ်က ၀င်လာတာပါပဲ” ဟု ထိုင်းဘုရင် ဘူမိဘောလ်၏ အငြင်းပွားဖွယ် အထုပ္ပတ္တိ The King Never Smile စာအုပ်ကို ရေးသားခဲ့သော ပေါလ် ဟန်ဒလေက ပြောကြားခဲ့သည်။
လက်မည်းကြီးများ
——————
၁၉၇၃ ခုနှစ် တိုင်းပြည်ကို အုပ်စိုးနေသည့် စစ်တပ်အကြီးအကဲ သာနွမ်ကို ဖြုတ်ခဲ့ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီး ပရာမန် အဒီရက်စ်ဆန် ခေါင်းဆောင်သည့် စစ်တပ်က အာဏာပြန်သိမ်းရန် စနစ်တကျ စီစဉ်ခဲ့ကြကာ ၁၉၇၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြမှုကို အခွင့်ကောင်းယူခဲ့သည်ဟု ပညာရှင်များက ယူဆခဲ့ကြသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ကျောထောက်နောက်ခံပြုထားသည့် လက်ယာယိမ်းပြည်သူစစ်များကို ဘုရင်ကြီး ဘူမိဘောလ်ကလည်း အသိအမှတ်ပြုခဲ့ပြီး အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို “တော်ဝင်အသိုင်းအ၀ိုင်း၏ အလိုတူအလိုပါ ကိစ္စ” ဟု ပင် သတ်မှတ်ခဲ့ကြသည်။
သတ်ဖြတ်မှုဖြစ်ပွားပြီး ၄ ရက်အကြာတွင် ထိုင်းအိမ်ရှေ့မင်းသားမှာ ပြည်သူ့စစ်အဖွဲ့ဝင်များကို ဆုချီးမြှင့်ခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
လက်သည်ပျောက်
———————
၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် သမ်မာဆတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် မည်သူကိုမှ အရေးမယူနိုင်ခဲ့။ စစ်အာဏာရှင်အုပ်စုမှ အဖွဲ့ဝင်များမှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး အခြားအဖွဲ့ဝင်များမှာလည်း တရားစွဲဆိုခြင်းမခံခဲ့ရပေ။
ထိုင်းနိုင်ငံ၏ သမိုင်းစာအုပ်များတွင် ထိုအဖြစ်အပျက်အား ဖျောက်ထားလေ့ရှိပြီး ဖော်ပြသည့်အခါတွင်လည်း ကျောင်းသားများက အကြမ်းဖက်ခြင်းကြောင့် ဖြစ်ပွားရသည်ဆိုသည့် ရဲတပ်ဖွဲ့၏ တစ်ဖက်သတ် အစီရင်ခံစာကိုသာ ကိုးကားရေးသားကြလေသည်။ တစ်ချို့က ကျောင်းသားများနှင့် စစ်တပ်အကြား နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုကြသည်။
သမ္မာဆတ်တက္ကသိုလ်တွင်တော့ အောက်တိုဘာ ၆ ရက်နေ့ရောက်တိုင်း ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အောက်မေ့ဖွယ် အခမ်းအနားများ ပြုလုပ်ကြပြီး ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ပြထားသည့် သတင်းစာဖြတ်ပိုင်းများ၊ မျက်မြင် သက်သေများ၏ ပြောကြားမှုများနှင့် သမိုင်းမှတ်တမ်းများကို ခင်းကျင်းပြသကြလေသည်။ ၁၉၉၆ ခုနှစ်တွင် အထိမ်းအမှတ် တစ်ခုကို တက္ကသိုလ် ပရ၀ုဏ်အတွင်း ဆောက်လုပ်ခဲ့လေသည်။
Comments