အောက်တိုဘာ ၁၇ ၊ ၂၀၁၅
M-Media
သဘောထား တင်းမာသော အမျိုးသားရေးဝါဒီ အုပ်စု မဘသ ၏ နောက်ဆုံးအဆင့် နိုင်ငံရေး အမြတ်ထုတ်မှုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွက် ထောက်ခံပွဲတွင် လော်ဘီ အုပ်စုတွင်း ရှေ့နောက်မညီသော အသွင် လက္ခဏာများ ပေါ်လွင်လာခဲ့သည်။

အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သည့်အမျိုးစောင့်ဥပဒေ အောင်ပွဲ အခမ်းအနား တက်ရောက်လာသည့် အမျိုးသားရေး ၀ါဒီ သံဃာတော်များ
မ.ဘ.သ အဖွဲ့သည် အငြင်းပွားဖွယ် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ထပ်မံစုရုံးပြီး ဆွေးနွေးနှီးနှောကြရန် စီစဉ်နေကြောင်း ဒေသခံ အဖွဲ့ခွဲများထံပေးပို့သည့် မဘသ ဗဟိုကော်မတီ၏ ညွှန်ကြားချက်တစ်ရပ်အရ သိရသည်။ သို့သော် လူထုထံ ထုတ်ဖော်ပြောကြားခြင်းဖြင့် အာဏာရ USDP ပါတီအတွက် မဲများ ဆုတ်ယုတ်နိုင်သောကြောင့် သတင်းအမှောင်ချထားသည်ဟု အဖွဲ့ဝင်များက ဆိုသည်။
“ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံတစ်ဝှန်း မြို့နယ်တွေမှာ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက် လူသိရှင်ကြား သတင်းဖြန့်ဖို့ မှာကြားထားပါတယ်။ ဒါ့အပြင် မဘသ အလိုကျ မျိုးစောင့်ဥပဒေများရဲ့ အရေးပါမှုကို ထပ်ပြန်တလဲလဲ ပြောကြား ရမှာဖြစ်တယ်။ ဒီဥပဒေပြဋ္ဌာန်းနိုင်အောင် အကောင်အထည်ဖော်ပေးခဲ့တဲ့ USDP ပါတီအတွက် မဲဆန္ဒရှင်တွေဆီက မဲတွေကို သဲ့ယူနိုင်ဖို့ တိုက်တွန်းဖွယ်ရှိနေပါတယ်။ တစ်နည်းဆိုရရင် USDP အတွက် ကမ်ပိန်း လုပ်နေတာပါပဲ။ လက်ရှိအစိုးရအတွက် မဲရအောင် ရက်ပိုင်းအတွင်း လှုပ်ရှားမှု စတင်လိုက်ဖို့ စီမံပြင်ဆင်ထားပြီးဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ မဘသ ခေါင်းဆောင်တစ်ဦးမှ ပြော၏။
သို့သော် မိမိ၏အဖွဲ့အစည်းမှ နိုင်ငံရေးပါတီတစ်ခုအား ကျားကန်ပေးရေး တိုက်တွန်းချက်အပေါ် မဘသ အဖွဲ့တည်ထောင်သူနှင့် နာယဖြစ်သူ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာ ဘိဝံသမှ ငြင်းဆန်ထား၏။ မဘသ အဖွဲ့သည် ကမ်ပိန်းလုပ်ရန် ညွှန်ကြားခံရမှု မရှိကြောင်း၊ လူထုကို ပညာပေးဖို့သာဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးပါတီ (၀ါ) အဖွဲ့အစည်း၏ အစီအမံကို ဖော်ဆောင်ပေးမည် မဟုတ်ကြောင်း၊ အဖွဲ့၏ရည်ရွယ်ချက်ဖြစ်သည့် အမျိုးဘာသာ သာသနာအရေးကိုသာ ဦးတည်စူးစိုက်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။
ထိုစကား၏အခြားတစ်ဖက်တွင်တော့ သမ္မတ ဦးသိန်းစိန်၏ အားပေး ခွင့်ပြုချက်ဖြင့် သုဝဏ္ဏ အားကစားရုံအတွင်း ကျင်းပသော မျိုးစောင့်ဥပဒေအောင်ပွဲ၌ မဘသခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝီရသူက လက်ရှိအစိုးရသည်သာ ယခုရွေးကောက်ပွဲ၏ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်းဆို၍ သမ္မတ ဦးသိန်းစိန်အား ထောက်ခံပြောဆိုသွားသည်။ သို့သော် မိမိသော်လည်းကောင်း၊ မိမိ၏ ဘက်တော်သားများသော် လည်းကောင်း ကမ်ပိန်းများပြုလုပ်သွားမည်မဟုတ်ဟု အသိပေးခဲ့သည်။
မဘသ အဖွဲ့သည် ဘာသာရေးနှင့်နိုင်ငံရေး အကြားရှိ အကန့်အသတ်ကို ချိုးဖျက်နေသလို ၎င်း၏ မွတ်စ်လင်မ် ဆန့်ကျင်ရေး အစီအမံများနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီ အင်အားများအားဖြင့် ရွေးကောက်ပွဲကို လမ်းချော်အောင် ခြယ်လှယ်နေသည်ဟု အပြင်းအထန် ဝေဖန်ခံနေရပြီဖြစ်သည်။
တစ်ချိန်က သံဃာတော်များအား တိုက်ခိုက်ခဲ့သည့် အာဏာရပါတီအပေါ် လက်ခံမှုများ ဖြစ်လာအောင် USDP အတွက် မဲဆွယ်ပေးစေသည့် နောက်ဆုံး အစီအစဉ်ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေကြ၏။
“အမျိုးသားရေးကို ကာကွယ်ခြင်းနဲ့ USDP ကိုအားပေးထောက်ခံခြင်းဆိုတဲ့ မဘသရဲ့ လမ်းစဉ်ဟာ သူတို့ရဲ့ဦးတည်ချက်တွေနဲ့ ဖီလာ ဆန့်ကျင်နေပါတယ်။ USDP က အမျိုးသားရေးနဲ့ သာသနာရေးအကျိုးစီးပွားကို မကာကွယ်ခဲ့ပါဘူး။
လက်ပံတောင်းကြေးနီစီမံကိန်းအရေးမှာ သံဃာတော်တွေကို တိုက်ခိုက်မှု၊ လယ်တီဆရာတော်ဘုရားရဲ့သိမ်တော်ကို စီးနင်းမှုတွေထဲ USDP ရဲ့ ပါဝင်ပတ်သက်မှုကိုသာ စဉ်းစားကြည့်လိုက်ပါ။ မဘသ လို့ခေါ်တဲ့ အမျိုးသားရေးဝါဒီ ဘုန်းကြီးများက အိပ်ပျော်နေလျက် လမ်းထလျှောက်နေကြတာပါ။ သူတို့က ဒီအတိတ်ဖြစ်စဉ်တွေကို တမင် မေ့ဖျောက်စွန့်ပစ်ထားကြလို့ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါ ၂၀၁၂ ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင်များက ဖော့စ်ဖရပ်စ်(မီးစုန်းဓာတ်)ပါဝင်သော မီးလောင်ဗုံးများဖြင့် ဖြိုခွဲခဲ့သဖြင့် သံဃာတော်ပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။
အာဏာရပါတီအဖွဲ့ဝင်တစ်ချို့သည် မဘသ အဖွဲ့ကို တနင့်တပိုးလှူဒါန်းပေးကမ်းမှုအားဖြင့် မျက်နှာလုပ်နေကြသည်။ ပြီးခဲ့ရက်သတ္တပတ် ပဲခူးတိုင်းဒေသအတွင်း မဲဆွယ်ခရီးစဉ်၌ USDP ပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက သာသနာကိုအလွဲ သုံးစားပြု လုပ်လိုသော နိုင်ငံရေးသမားနှင့် အသင်းအဖွဲ့များကို ဝေဖန်ရှုတ်ချခဲ့သည်။
“နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချခြင်းပေါ် ကျွန်တော့်အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ ဒီကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းအရရော ရွေးကောက်ပွဲ ဥပဒေအရပါ လက်ခံမထားပါဘူး”။
နိုင်ငံတော်၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌သော် လည်းကောင်း၊ ရွေးကောက်ပွဲဥပဒေ၌ သော်လည်းကောင်း ဘာသာရေးကို နိုင်ငံရေးမှ ကင်းလွတ်စေရန် ရဟန်း သံဃာများအား မဲပေးပိုင်ခွင့်၊ နိုင်ငံရေးပါတီ ထူထောင်ခွင့်မှ တားမြစ်ပြဋ္ဌာန်းထားသည်။
ယမန်နေ့အထိ ဦးရွှေမန်းနှင့်အဆက်အသွယ် မရရှိသေးပါ။ လက်ရှိပါတီဥက္ကဋ္ဌ ဦးဋ္ဌေးဦးကမူ အဆိုပါ တို့မီးရှို့မီး သံဃာများနှင့် ပူးပေါင်းထားခြင်း အလျဉ်း မရှိကြောင်း ငြင်းဆိုခဲ့၏။
“မဘသ ဦးဆောင်ဆရာတော်တွေရဲ့ ပြောကြားချက်များကို ကျွန်တော်တို့အားလုံး ကြားသိကြပါတယ်။ သူတို့က အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ ဆောင်ရွက်နေတာပါလို့ ပြောခဲ့တာပါ။ USDP ကို မဲပေးဖို့ မပြောဆိုခဲ့ကြပါဘူး။ အမျိုးသားရေးကို ကာကွယ်မယ့် – မဘသ လုပ်ငန်းစဉ်ကို ထောက်ခံမယ့် ပါတီတွေကို မဲပေးကြဖို့ ဟောပြောခြင်းသာ ဖြစ်ပါတယ်”။
ဤအတောအတွင်း နိုင်ငံရေးလောကထဲ မဘသ၏ လှမ်းဝင်လာပုံနှင့် စပ်လျဉ်း၍ အမျိုးမျိုးအဖုံဖုံသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။ သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသော မျိုးစောင့်ဥပဒေဖြစ်မြောက်ခြင်း အောင်ပွဲခံအခမ်းအနား၌ အင်းစိန်ရွာမ ဆရာတော်က ဘာသာ သာသနာကို ကာကွယ်လိုမှုကြောင့် လူ့ဘောင်လောကီ အရေး ၀င်ရောက် စွက်ဖက်ရခြင်းမှာ မှန်ကန် မျှတမှုရှိကြောင်း၊ ဗာတီကန်၌ ကွန်မြူနစ်ဝါဒ အဆုံးသတ်စေမှု အပါအ၀င် အနောက်တိုင်း ရာဇ၀င်မှ ဘာသာရေးဆိုင်ရာ စံနမူနာကဲ့သို့ ပြုကျင့်ရန် ဆော်သြခဲ့သည်။ ၎င်းအပြင် ဗုဒ္ဓဘာသာ နိုင်ငံတော် ထူထောင်ရေး ဥပဒေ တစ်ရပ်ပြဋ္ဌာန်းနိုင်ရန်အတွက်လည်း တိုက်တွန်းသွား၏။ သို့သော် မဘသအဖွဲ့တံဆိပ် ကပ်ထားသည့် NLD ဆန့်ကျင်ရေး စီဒီခွေနှင့် လက်ကမ်းစာစောင်များကို အဆိုပါ စုရုံးမှု၌ ဖြန့်ဝေခဲ့ကြသည့်တိုင် ယင်းပစ္စည်းပစ္စယများနှင့်ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ကြသည် သာမက နိုင်ငံရေးလှုပ်ရှားမှုထဲ မိမိတို့အဖွဲ့၏အမှတ်တံဆိပ်အား လိုရာဆွဲ အသုံး မပြုရန် မဘသမှ တားမြစ် စကားဆိုခဲ့သည်။
စစ်တပ်ကျောထောက်နောက်ခံ အလိုတူအလိုပါ မြန်မာ ဦးပိုင်လီမီတက်မှ အောင်ပွဲခံ အခမ်းအနား တက်ရောက်လာသော သံဃာ ၂၀၀၀ ကျော်ကို ကျပ်ငွေ သုံးသိန်းတန် ရွှေရင်ထိုးတစ်ခုစီ ပေးအပ်ခဲ့ကြောင်း သတင်းထွက်လာသောနေ့က ဗူးပေါ်သလို ပေါ်လွင်သွား သဖြင့် မဘသ အဖွဲ့ဝင်များ အထိနာသွားကြသည်။ သို့ပင်သို့ငြားလည်း မြောက်ဥက္ကလာပမြို့နယ် အခမ်းအနားတစ်ခု၌ ဆရာတော် ဦးသြဘာသဆိုသူမှာ နောက်လိုက်သား လူဝတ်ကြောင် ၆ ဦးကို အမျိုးသားရေး အားပေးကူညီပေးခြင်းအတွက် ထိုရင်ထိုးများဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု မဘသ အဖွဲ့ဝင်များ၏ အဆိုအရ သိရပေသည်။
××××××××××××××××××
The Myanmar Times တွင် အောင်ကျော်မင်း ရေးသားသည့် Divisions as Ma Ba Tha begins ‘campaigning’ သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုထားခြင်းဖြစ်သည်။
Comments