အောက်တိုဘာ ၂၆၊ ၂၀၁၅
M-Media
– ဘော်လ်ကန်ကျွန်းဆွယ်အား ဖြတ်ကျော်ရောက်ရှိလာသည့် ဒုက္ခသည်များကို စီမံခန့်ခွဲရေးတွင် အချက် ၁၇ ချက်ပါဝင်သော အစီအစဉ်အတစ်ခုကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့် ဘော်လ်ကန်ဒေသမှ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု ဥရောပကော်မရှင်က ပြောကြားလိုက်သည်။
ယမန်နေ့က ဘရပ်ဆဲလ်မြို့၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်များတွင် ဂရိမှ ဂျာမနီသို့ သွားရာ လမ်းကြောင်းတစ်လျောက် ဒုက္ခသည် လက်ခံရေးစင်တာများ၌ ဒုက္ခသည် တစ်သိန်းခန့် ထားရှိနိုင်သည့်နေရာများ ဖန်တီးပေးရန်လည်း ပါဝင်ပြီး ထိုအတွက် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါအစီအစဉ်မှ လူငါးသောင်းကို ဂရိနိုင်ငံတွင် ထားရှိသွားမည်ဖြစ်ပြီး ကျန်ငါးသောင်းကို မက်ဆီဒိုးနီးယားနှင့် ဆားဘီးယားတို့ကဲ့သို့ ဂျာမနီသို့ သွားရာလမ်းတစ်လျှောက်ရှိ ဘော်လ်ကန်နိုင်ငံများ၌ ရှိသော စင်တာများတွင် စီစဉ်ပေးသွားမည်ဖြစ်သည်။
“ဥရောပမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်ဆိုးကြီးကို ရှောင်ရှားဖို့အတွက် ဘော်လ်ကန်ဒေသ အနောက်ဘက်လမ်းကြောင်းတစ်လျှောက် ဒုက္ခသည်တွေကို လူသားစိတ်ဓာတ်နဲ့ ဆက်ဆံဖို့ လိုအပ်ပါတယ်” ဟု ဥရောပကော်မရှင် ဥက္ကဌ ဂျန်ကလုဒ် ဂျန်ကာက ပြောကြားခဲ့သည်။
မည်သည့်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံ့ခွင့်ပေးမည် သို့မဟုတ် နေရပ်သို့ ပြန်ပို့မည်ဆိုသည်ကို မဆုံးဖြတ်ခင် ဒုက္ခသည်များအား စောင့်ကြည့်စာရင်းသွင်းရာ၌ လက်ဗွေနှိပ်ခြင်းကဲ့သို့ ဘိုင်အိုမက်ထရစ် အချက်အလက် ကောက်ယူမှုများကို အပြည့်အ၀ အသုံးပြုရေးနှင့် နယ်စပ်ဆောင်ရွက်မှုများကို တိုးချဲ့ရေးအတွက်လည်း နိုင်ငံများက သဘောတူညီခဲ့ကြသည်။
ဆလိုဗေးနီးယားနိုင်ငံသို့ ဒုက္ခသည် အများအပြားဝင်ရောက်လာမှုကို စီမံခန့်ခွဲနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင် ၄၀၀ ချထားပေးရေးအတွက်လည်း ဥရောပနှင့် ဘော်လ်ကန်နိုင်ငံများက သဘောတူညီခဲ့ကြသည်။ ဆလိုဗေးနီးယား ၀န်ကြီးချုပ် မီရို ဆီရာကမူ ဥရောပမိတ်ဖက်နိုင်ငံများအနေဖြင့် မိမိတို့အား လုံလောက်သည့် ကူညီမှုများ မပေးဟု စောစောပိုင်းက ပြောကြားထားသည်။
Ref: Aljazeera
Comments