News @ M-Media

တောင်အာရှငလျင် သေဆုံးသူ ၄၀ ခန့်ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်

အောက်တိုဘာ ၂၆၊ ၂၀၁၅
M-Media

afg

– အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းကို ဗဟိုပြု၍ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု ယနေ့ညနေပိုင်းက လှုပ်ခတ်သွားခဲ့ပြီး၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ပါ အဆိုပါ မြေငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

ကနဦးရရှိသော သတင်းများအရ အာဖဂန်မှ တက်ခ်ဟာရ်ပြည်နယ်ရှိ မိန်းကလေးစာသင်ကျောင်းတွင် အနည်းဆုံး ကျောင်းသား ၁၂ ဦးသေဆုံးခဲ့ကာ၊ ဆွက်တောင်ကြား၊ အာဖဂန်နှင့် ပါကစ္စတန်နယ်စပ်တို့တွင်လည်း အသေအပျောက်များ ရှိနေပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၄၀ ကျော် သေဆုံးသည်ဟု သိရသည်။

ထို့ပြင် အာဖဂန်မြောက်ပိုင်းတွင် အဆောက်အဦးများ ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာဖွယ် ရှိနေသည်။ ငလျင်ဒဏ်ကို အာဖဂန် မြို့တော် ကဘူးလ်၊ အိန္ဒိယမြို့တော် နယူးဒေလီနှင့် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်တို့အထိ ခံစားခဲ့ရပြီး ပြည်သူများမှာ လမ်းမများပေါ်သို့ အလျင်အမြန် ထွက်ပြေးခဲ့ကြသည်။

အဆိုပါငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အာဖဂန်အစိုးရမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် စတင်လုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply