နိုဝင်ဘာ ၃၊ ၂၀၁၅
M-Media
– နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်သည့် အိန္ဒိယရှိ မွတ်စလင်စာကြည့်တိုက်တစ်ခုတွင် ဟောင်းနွမ်းနေသည့် စာအုပ်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။
“ဒီစာကြည့်တိုက်ကို ၁၉၁၅ ခုနှစ်မှာ MG လမ်းမနားမှာရှိတဲ့ အဆောက်အဦးတစ်ခုမှာ အခန်းငှားပြီး ဖွင့်လှစ်ခဲ့တာပါ။ အဲဒီကတည်းက နေရာတော်တော်များများကို ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှာတော့ Azam ပရ၀ုဏ်ထဲ ရောက်လာတာပါပဲ” ဟု Deccan Muslim Institute စာကြည့်တိုက်မှ ကျောင်းအုပ်ကြီးဖြစ်သူ မိုဟာမက် အစ်ဖ်က နိုဝင်ဘာ ၁ ရက်နေ့တွင် Times of India သို့ ပြောကြားခဲ့သည်။အဆိုပါ စာကြည့်တိုက်မှာ အိန္ဒိယရှိ သက်တမ်းအရင့်ဆုံး စာကြည့်တိုက်များထဲမှ တစ်ခုလည်းဖြစ်သည်။
“ဒီစာကြည့်တိုက်ဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ အကြီးဆုံး အူရဒူ စာကြည့်တိုက် ဖြစ်ပါတယ်။ ဒီမှာ စာအုပ်ပေါင်း ၃ သောင်းကျော်ရှိပြီး ၂ သောင်းကျော်က အူရဒူစာပေနဲ့ စာအုပ်တွေပါ”
စာကြည့်တိုက်အပြင် ပညာရေးဆိုင်ရာ သုတေသန လုပ်ငန်းများကိုပါ လုပ်ကိုင်နေသာ Deccan Muslim Institute မှာ အောက်တိုဘာ ၃၀ ရက်နေ့က နှစ်ပေါင်း ၁၀၀ ပြည့်မြောက်သည့် အမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းတို့စာကြည့်တိုက်တွင် ရှာဖွေဖတ်ရှုမှု အများဆုံးမှာ အူရဒူ ဘာသာစကားဖြင့် ရေးသားထားသည့် ဟိန္ဒူကျမ်းများဖြစ်သော Bhagwad Gita နှင့် Guru Granth Sahib ကျမ်း၊ မာရာသီ ဘာသာစကားဖြင့် ရေးသားထားသော ကုရ်အာန်ကျမ်းတို့ဖြစ်သည်ဟု ပြောကြားခဲ့သည်။
သက်တမ်း နှစ်ပေါင်း ၁၅၀ ကျော် ကြာမြင့်ပြီဖြစ်သော စာအုပ်များပင် ရှိနေသည့် ထိုစာကြည့်တိုက်မှ အချို့သော စာအုပ်များမှာ ဟောင်နွမ်းနေပြီး စုတ်ပြဲ ပျက်ဆီးနေသောကြောင့် စာကြည့်တိုက် တာဝန်ရှိသူများက ထိုစာအုပ်များကို ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် ထိန်းသိမ်းရန် ဆောင်ရွက်လာကြသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျွန်တော်တိုဟာ စာအုပ်တွေကို ဒစ်ဂျစ်တယ် E-book ပြောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ စာအုပ်ပေါင်း ၁၁၅၀ လောက်ကိုတော့ ပြောင်းပြီးပါပြီ။ အဲဒီ မူရင်းစာအုပ်တွေကို ကျွန်တော်တို့ ပေးမဖတ်ပါဘူး။ စာကြည့်တိုက်က ကွန်ပျူတာစနစ်ထဲမှာ အဲဒီစာအုပ်တွေကို E-Book အနေနဲ့ ဖတ်ရှုလို့ ရပါတယ်” ဟု စာကြည့်တိုက်တာဝန်ရှိသူ အီဘရာရီယန် ဆာနာ ပင်တော့ဒ်က ပြောကြားခဲ့သည်။
သမိုင်းတစ်လျှောက်လုံးတွင် အစ္စလာမ့်သမိုင်းဆိုင်ရာ အထိမ်းအမှတ်နေရာ၊ ပညာသင်ဆုနှင့်ပတ်သက်သည့် သတင်းအချက်အလက် စင်တာ၊ ဆေးဘက်ဆိုင်ရာ စင်တာ၊ အကြံပေးရုံးခန်း၊ ဘာသာစကားသင်ကြားရေး စင်တာ၊ အသက်မွေးဝမ်းကြောင်း သင်ကြားမှု စင်တာ၊ သုတေသန စင်တာ စသဖြင့် ထိုစာကြည့်တိုက်မှာ လူ့အဖွဲ့အစည်းအတွက် အသွင်အမျိုးမျိုးပြောင်းကာ အဖက်ဖက်မှ ပံ့ပိုးကူညီပေးနိုင်ခဲ့သည်။
“လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီးခေတ်တွေကို ကျွန်တော် ဖြတ်သန်းခဲ့ပါတယ်။ ကျွန်တော်ဟာ စီးပွားရေးသမား တစ်ယောက်ပါ။ ၁၉၅၄ ခုနှစ်မှာ ဒီစာကြည့်တိုက်နဲ့ ကျွန်တော် ဆက်သွယ်ခဲ့တယ်။ ကျွန်တော့်ရဲ့ စာပေချစ်မြတ်နိုးမှုက ကျောင်းဆရာတစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ ဘုံဘေက ကောင်းပေ့ဆိုတဲ့ မဂ္ဂဇင်းတွေကို ဒီစာကြည့်တိုက်အတွက် စုဆောင်းပေးဖို့ ကျွန်တော် တာဝန်ပေးခံရပါတယ်။ ပြီးတော့ နယ်ပယ်ပေါင်းစုံက စာအုပ်တွေကိုလည်း ကျွန်တော် စုဆောင်းပေးခဲ့ပါတယ်” ဟု အသက် ၈၅ နှစ်အရွယ်ရှိပြီး စာကြည့်တိုက်၏ ပရိတ်သတ်တစ်ဦးဖြစ်သူ အဘ်ဒူလ် ဂါနီဆာနီက ပြောကြားခဲ့သည်။
ဂါနီမှာ လက်ရှိအချိန်တွင် အမြင်အာရုံ မကောင်းသောကြောင့် စာအုပ်များကို မဖတ်နိုင်တော့သော်လည်း စာကြည့်တိုက်သို့ ပုံမှန် လည်ပတ်လျက် ရှိနေသည်။
“ဒီကိုလာတဲ့သူတွေအချင်းချင်း မိတ်ဆွေတွေ ဖြစ်နေပါပြီ။ ကျွန်တော်တို့ဟာ ဘာသာရေး၊ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းအကြောင်း ဆွေးနွေးကြတယ်။ ဒီနေ့ခေတ်မှာ မျိုးဆက်တွေက နည်းပညာတွေနဲ့ အရမ်းအလုပ်ရှုပ်နေကြတယ်။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းနဲ့ ပြဿနာတွေအတွက် ဆွေးနွေးဖို့ အချိန်မပေးနိုင်ကြတော့ပါဘူး”
ထို့ပြင် စာကြည့်တိုက်ရှိ စာအုပ်များနှင့်ပတ်သက်၍လည်း ၎င်းက “စာကြည့်တိုက်မှာ အူရဒူဘာသာစကားနဲ့ ရေးသားထားတဲ့ ရှေးဟောင်း ဟိန္ဒူဘာသာရေးစာအုပ်တွေ အများကြီး ရှိပါတယ်။ ဥပမာ Bhagwad Gita၊ Mahabharata၊ Ramayana စာအုပ်တွေနဲ့ Guru Granth Sahib တစ်အုပ်လုံးလည်း အူရဒူလို ရှိပါတယ်။ ပြီးတော့ အူရဒူလို သမ္မာကျမ်းစာလည်း ရှိပါတယ်။ နောက်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို မာရာသီ၊ ဟင်ဒီ၊ အင်္ဂလိပ်နဲ့ အူရဒူ ဘာသာပြန်ထားတာတွေလည်း ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်းမှုတွေ ပိုပြီးရှိလာဖို့
လူ့အဖွဲ့အစည်းတစ်ခုက အခြားလူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို ဒီမှာ ဖတ်ရှုလေ့ရှိကြပါတယ်”
Ref: Onislam
Comments