နိုဝင်ဘာ ၄၊ ၂၀၁၅
M-Media
– မန်ယူနောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်မှာ ၎င်းနှင့် လက်ရှိ မန်ယူ လက်ထောက်နည်းပြ ရိုင်ယန်ဂစ်တို့ ပူးပေါင်းကာ ဇိမ်ခံဟိုတယ် ဖွင့်လှစ်ရန် စီစဉ်ထားသည့် အဆောက်အဦးတွင် လာရောက်နေထိုင်နေသော အိမ်ယာမဲ့များအား ကူညီပံ့ပိုးသွားရန် သဘောတူညီချက်တစ်ခု ရယူခဲ့သည်ဟု သိရသည်။
မန်ချက်စတာမြို့လယ်ကောင်မှ စတော့အိတ်ချိန်း အဆောက်အဦးဟောင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ အဆိုပါ အိမ်ယာမဲ့များအား လာမည့်ဖေဖော်ဝါရီလ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သည်အထိ ထိုအဆောက်အဦးတွင် နေထိုင်ရန် ခွင့်ပြုထားသည်။
သို့သော်လည်း နဗီးလ်ကမူ အဆိုပါ အိမ်ယာမဲ့များအား စိတ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကြံအဥာဏ်ပေးမှုများ ပြုလုပ်ပေးရန် မြို့တော်ကောင်စီ၊ လူမှုဖူလှုံရေးအကြီးအကဲများနှင့် သဘောတူညီခဲ့သည်။ Riverside Care and Support စင်တာကလည်း အဆိုပါ အဆောက်အဦးသို့ ပုံမှန်လာရောက်လည်ပတ်ကာ ကြည့်ရှုစောင့်ရှောက်သွားမည်ဖြစ်ပြီး နေထိုင်စရာ နေရာကိုလည်း ရှာဖွေပေးသွားရန် ရှိနေသည်။
“လမ်းပေါ်မှာ ဘယ်သူမှ မအိပ်သင့်ပါဘူး။ ဒီစတော့အိတ်ချိန်း အဆောက်အဦးမှာ လာနေတဲ့ အိမ်ယာမဲ့တွေကို ကွန်းခိုစရာနေရာလေး ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ကျွန်တော်တို့ဟာ မြို့တော်ကောင်စီ၊ Riverside အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်သွားမှာပါ” ဟု နဗီးလ်က ပြောကြားခဲ့သည်။
ဂယ်ရီနဗီးလ်မှာ ဒုတိယတန်းစားအဆင့်ရှိသည့် အဆိုပါ အဆောက်အဦးအား ပေါင် ၁.၅ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.