မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင်အများစုမှာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါက ပဋိပက္ခထပ်မံဖြစ်မည်ကို ကြောက်သောကြောင့် မဲပေးရန်စိုးရိမ်မှုရှိနေသည်ဟု မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့စည်းများထံမှသိရသည်။
“ရွေးကောက်ပွဲမှာ မိထ္တီလာမြို့ကနေယှဉ်ပြိုင်မယ့် ပါတီတွေအများကြီးပဲ။ အဲဒီထဲကမှ NLD ကိုမဲပေးရင် ဘာသာရေး ပဋိပက္ခတွေဖြစ်လာမှာကြောက်နေတယ်။ အစ္စလာမ်တွေထဲမှာစိုးရိမ်မှုတွေ ရှိနေတယ်” ဟုမိတ္တီလာခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးဆန်းဝင်းရှိန်က ယခုလ၄ရက်နေ့ကပြောသည်။
၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန် အနိုင်ရရှိခဲ့သည်။ “၂၀၁၂မှာ NLD ကနေ အနိုင်ရလို့ ၂၀၁၃မှာ ဘာသာရေးပဋိပက္ခဖြစ်လာလို့ ကြောက်တာမဟုတ်ဘူး။
ဘာကိုကြောက်တာလဲဆိုရင် ပဋိပက္ခဖြစ်တုန်းက အမည်မသိလူတွေက အစ္စလာမ်တွေကို သတ်တာတွေရှိတယ်။ အဲဒီအချိန်မှာ ပြောတဲ့ စကားတွေကို ကြောက်တာ။ မင်းလားကွ မွတ်ဒေါင်းဆိုတာ၊ မင်းလားကွ အားပေးသူဆိုတာဆိုတဲ့ စကားလုံးတွေကို ကြောက်တာ၊ ဒါကြောင့် အခုရွေးကောက် ပွဲမှာလည်း NLD အနိုင်ရရင် ဒါမျိုးတွေဖြစ်လာမှာလားဆိုတာ ကြောက်တာ” ဟုအစ္စလာမ်ဘာသာဝင် ဦးဘကြူးကပြောသည်။ မိတ္ထီလာမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် အစ္စလာမ်ဘာသာဝင် အရေအတွက်မှာ
၁၅,၀၀၀ ခန့်ရှိပြီး အဆိုပါအရေအတွက်ထဲမှ ၅,၀၀၀ခန့်မှာ NLD ကိုမဲပေးရမည်ကို စိုးရိမ်နေသည်ဟု ဦးဆန်းဝင်းရှိန်ကပြောသည်။
လက်ရှိအချိန်တွင် မိတ္ထီလာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်နေရာတွင် အစ္စလာမ်ဘာသာဝင်များ ပါဝင်ပါက ဘာသာဝင် အချင်းချင်း မေးမြန်းမှုများရှိကြောင်း သိရသည်။ “မဲဆွယ်တဲ့ထဲမှာသာ အစ္စလာမ်ဘာသာဝင် ပါတယ် ဆိုရင် တွေ့တဲ့လူက လူကိုယ်တိုင်လာပြောတာဖြစ်စေ၊ ကိုယ်စားပြောခိုင်းတာဖြစ်စေ လာပြောတယ်။ ဘာသာရေးပဋိပက္ခ ဖြစ်ချင်နေတာလားဆိုတဲ့စကားတွေ လာပြောတာ။ ဒါကဘာကိုပြနေတာလဲဆိုရင် အခုထိအကြောက်တရားက ရှိနေဆဲဆိုတာကိုပြနေတာ”ဟုဦးဆန်းဝင်းရှိန်ကပြောသည်။
ပဋိက္ခဖြစ်စဉ်တွင်နေအိမ်များဖျက်ဆီးခံရမှု၌ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့် နေအိမ်အများအပြားပါဝင်ခဲ့ပြီး လက်ရှိအဆိုပါနေအိမ်များမှ အသက်ပြည့်ပြီး မဲပေးခွင့် ရှိသည့် အစ္စလာမ်လူများစုမှာ မည်သည့်ရပ်ကွက်တွင် မဲပေးရမည်မှန်းမသိကြဟုသိရသည်။
“နေအိမ်တွေဖျက်ခံလိုက်ရတော့ အများစုက ကယ်ဆယ်ရေးစခန်းတွေမှာနေကြတယ်။ အခုကြတော့ အရင်နေခဲ့တဲ့ ရပ်ကွက်မှာ ပြန်နေထိုင် ခွင့်မပေးတော့ ပတ်သက်ရာ ပတ်သက်ကြောင်းရှိတဲ့ အမျိုးအိမ်တွေမှာနေကြရတယ်။ အဲဒီတော့ မဲစာရင်းက အရင်ရပ်ကွက်မှာ ပါမှာလား၊ အခုနေတဲ့ရပ်ကွက်မှာပါမှာလားဆိုတာကို မသိကြဘူး။
အရင်ရပ်ကွက်ကို သွားကြည့်ဖို့ဆိုတော့လည်း စားဝတ်နေရေးအတွက် အလုပ်အပျက်ခံပြီး သွားမကြည့်တဲ့ လူတွေရှိတယ်” ဟုဦးဆန်းဝင်းရှိန်ကပြောသည်။ သို့သော်၂၀၁၅တွင် မည်သည့်ပါတီအနိုင်ရရှိသည်ဖြစ်စေ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ အတွက် အာမခံချက်ရှိမည်ဟု ပြောကြားထားခြင်း မရှိသည့်အတွက် အနိုင်ရရှိသည့်ပါတီအပေါ်တွင် အစ္စလာမ်ဘာသာဝင် အများစုမှာ ယုံကြည်မှုမရှိကြောင်း အစ္စလာမ်အများစုကပြောသည်။
“ရွေးကောက်ပွဲမှာ ဘယ်ပါတီအနိုင်ရရ အစ္စလာမ်အများစုမျှော်လင့်တာက နိုင်ငံသား တစ်ယောက်ဖြစ်နေမှတော့ နိုင်ငံသားအခွင့်အရေး အပြည့်အ၀လိုချင်တာပါ။ ကျန်တာ ဘာမှမလိုချင်ပါဘူး” ဟုရတနာမောင်ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်
ဦးမင်းအောင် ကပြောသည်။ အစ္စလာမ် ဘာသာဝင် အများစုထဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကိုအားပေးသည့် အရေအတွက် များပြားကြောင်း၊ သို့သော်လည်းပြီးခဲ့သည့် လပိုင်းအတွင်းက NLD ပါတီမှ ဗဟိုကော်မတီဝင် ဦးဝင်းထိန်မှ ရွေးကောက်ပွဲတွင်
အစ္စလာမ်ဘာသာဝင်များကို ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်းမရှိသည့် အတွက် အစ္စလာမ်အများစုမှ NLD ကိုအားပေးရန် အခက်အခဲများဖြစ်ပေါ်ကြောင်း အစ္စလာမ်အများစုထံမှသိရသည်။ ထို့ပြင်ပြီးခဲ့သည့်ဘာသာရေးပဋိပက္ခဖြစ်ပြီးနောက်
ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အစ္စလာမ်ဘာသာဝင်များကို ပါတီမှထုတ်ပယ်ခြင်းမရှိသော်လည်း လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ခြင်းမရှိကြောင်းသိရပြီး လက်ရှိအချိန်တွင် အဆိုပါပါတီဝင်များကို စည်းရုံးရေး တာဝန်များပေးအပ်ကာ
အစ္စလာမ်ဘာသာဝင်များအပေါ် စည်းရုံးရန် တာဝန်ပေးမှုများ ရှိလာကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ မိတ္ထီလာမှာ လာပြိုင်တဲ့ပြည်ခိုင်ဖြိုး အမတ်တွေက လာပြီးစည်းရုံးခိုင်းတယ်။ ဗီနိုင်းတွေတော့ ယူထားလိုက်တယ်။ စည်းရုံးရေးတော့ မလုပ်ရသေးဘူး” ဟုသီရိမဂံလာရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးမှူးဖြစ်
သည့် အစ္စလာမ် ဘာသာဝင် တစ်ဦးက ယခုလ၄ရက်နေ့ကပြောသည်။ မိတ္ထီလာမြို့နယ်တွင် မဲပေးနိုင်သည့်လူဦးရေမှာ သုံးသိန်းခန့် ရှိကြောင်း၊ မဲရုံပေါင်း ၂၉၃ရုံ ရှိကြောင်းနှင့် မိတ္ထီလာမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ် ခုနစ်ဦးရှိကြောင်း မိတ္ထီလာ ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
http://myanmar.mmtimes.com/index.php/national-news/mandalay-upper-myanmar/16455-2015-11-06-05-24-57.html
Leave a Reply
You must be logged in to post a comment.