News @ M-Media

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်က မိမိတို့ကို ဦးတည်ခြင်းဟု ရုရှားပြော

နိုဝင်ဘာ ၁၁၊ ၂၀၁၅
M-Media

– အီရန်နှင့် မြောက်ကိုရီးယားတို့၏ နျူကလီးယား အန္တရာယ်ကြောင့် ဥရောပတွင် ဒုံးကျည်ကာကွယ်ရေးစနစ် ချထားသည်ဟု အမေရိကန်က ပြောကြားခြင်းမှာ ရမည်ရှာခြင်းသာဖြစ်ပြီး မိမိတို့၏ နျူးကလီးယား အင်အားကို အားပျော့စေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်နှင့် နေတိုးအဖွဲ့မှာ ဆိုဗီယက်နိုင်ငံဟောင်းများအပါအ၀င် ဥရောပတွင် ဒုံးကျည်ကာကွယ်ရေး စနစ်များကို တိုးမြှင့်ချထားခြင်း၊ စစ်အခြေစိုက်စခန်းများကို တိုးချဲ့ခြင်း၊ စစ်အင်အားများ တိုးမြှင့်ခြင်းတို့ကို ယခုနောက်ပိုင်းတွင် ပိုမိုပြုလုပ်လာခဲ့ပြီး ရုရှား၏ မကျေနပ်မှုများလည်း မြင့်တက်လာခဲ့သည်။

“အခုလက်ရှိမှာ အီရန်ရဲ့ ပြဿနာကလည်း ပြေလည်သွားပြီ။ သဘောတူညီချက်တွေကို လက်မှတ်ထိုး အတည်ပြုပြီးပါပြီ။ ဒါပေမယ့် ဒုံးကျည်ကာကွယ်ရေးစီမံကိန်းကတော့ အရင်အတိုင်း ဆက်သွားနေတုန်းပါပဲ” ဟု စစ်ဖက်ဆိုင်ရာဖွံ့ဖြိုးရေးအတွက် ဆိုချီတွင်ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့ပြီး မိမိတို့၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပိုမိုတောင့်တင်းလာအောင် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း ရုရှားစစ်တပ်တွင် ဒုံးကျည်ပေါင်းစုံကာကွယ်စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ပူတင်ကလည်း မိမိတို့၏ နျူလက်နက်တိုက်အတွင်းသို့ နျူကလီးယားထိပ်ဖူး တပ်ဆင် ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်သစ် ၄၀ ကို ထပ်မံ ဖြည့်တင်းနိုင်ခဲ့သည်ဟု ပြီးခဲ့သည့်ဇွန်လက ပြောကြားခဲ့သည်။

Ref: RT

Comments

Leave a Reply