News @ M-Media

တူရကီတွင် ဒုက္ခသည်သင်္ဘောတစ်စီး တိမ်းမှောက်ပြန်

နိုဝင်ဘာ ၁၂၊ ၂၀၁၅
M-Media

greece

– တူရကီနိုင်ငံမှ ဂရိနိုင်ငံအနောက်ပိုင်း ကာနာကာလေးပြည်နယ်ရှိ လက်စ်ဘော့စ်ကျွန်းသို့ သွားရောက်စဉ် တူရကီရေပိုင်နက်၌ ဒုက္ခသည် သင်္ဘောတစ်စီး ယမန်နေ့က တိမ်းမှောက်ခဲ့သောကြောင့် အနည်းဆုံး ကလေးငယ် ၇ ဦးပါအ၀င် ဒုက္ခသည် ၁၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဒုက္ခသည်များအား တင်ဆောင်လာသည့် အဆိုပါသင်္ဘောမှာ သစ်သားသင်္ဘောဖြစ်ပြီး ကျောက်ဆောင်များနှင့် တိုက်မိပြီးနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

“ကမ္ဘာကြီး နိုးထလာဖို့အတွက် နောက်ထပ် အေလန် (စက်တင်ဘာလအတွင်းက ဒုက္ခသည်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သောကြောင့် သေဆုံးကာ တူရကီရှိ ကမ်းခြေတစ်ခုပေါ်သို့ လာတင်သည့် ၃ နှစ်အရွယ် ဆီးရီးယား ကလေးငယ်) တစ်ယောက် လိုသေးလို့လား။ လူသားချင်း စာနာထောက်ထားမှုဟာ ဘေးကနေ ထိုင်ကြည့်နေကြတယ်” ဟု တူရကီသမ္မတ အာဒိုဂန်က ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ဝေဖန်ပြောကြားခဲ့သည်။

တူရကီနိုင်ငံမှာ ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည် ၂.၂ သန်းကို လက်ခံထားပြီး၊ ဥရောပတွင် ပိုမိုကောင်းမွန်သော ဘ၀များကို ပိုင်ဆိုင်လိုကြသည့် ဒုက္ခည်များ တစ်ထောက်နားရာ နေရာလည်း ဖြစ်နေသည်။

Ref: Aljazeera

Comments

Leave a Reply