သြဂုတ်လ၊ ၈ ရက်၊ ၂၀၁၂

(ဓါတ်ပုံ Ekmeleddin Ihsanoglu အတွင်းရေးမှုးချုပ် Organization of Islamic Cooperation ၊ Source: OIC အင်တာနက် စာမျက်နှာ)
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် (Ekmeleddin Ihsanoglu ) အက်မဲလဲဒင်း အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေး လေ့လာဖို့အတွက် အင်ဒိုနီးရှားသမ္မတရဲ့ တောင်းဆိုမှုကို မြန်မာအစိုးရက လက်ခံ စဉ်းစားနေပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက ဒီကနေ့ ပြောလိုက်ပါတယ်။
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ရဲ့ အကြီးအကဲ ရခိုင်ပြည်နယ်ခရီးစဉ်ကို လက်ခံဖို့ အင်ဒိုနီးရှား သမ္မတက သမ္မတကြီး ဦးသိန်းစိန်ထံ စာရေးသားပေးပို့ခဲ့တာဖြစ်ကြောင်း ၊ အဲဒီလို တောင်းဆိုချက်ကို မကြာခင်မှာ အကြောင်းပြန်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောတယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တိုက်ရိုက်လေ့လာလိုတာတွေကို မြန်မာနိုင်ငံအနေနဲ့ တံခါးဖွင့်ပေးထားဖို့ လိုအပ်ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မှာ အဖွဲ့ဝင် အစ္စလာမ်ဘာသာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ အင်ဒိုနီးရှားအောက်လွှတ်တော်အမတ်တွေ နဲ့ လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့က ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားနေပြီး ဗီဇာရရင် မနက်ဖြန် ရောက်ရှိမယ်လို့ အင်ဒိုနီးရှား လွှတ်တော် အမတ်တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့အတွက် သူတို့ဟာ မြန်မာ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာလို့ သိရပါတယ်။ ဒါ့အပြင် အာဆီယံဒေသတွင်းက နိုင်ငံတစ်ချို့မှာရှိတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့အတွက် အာဆီယံအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု နဲ့ ကြိုးပမ်းသွားသင့်တယ်လို့လည်း အင်ဒိုနီးရှား လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Almuzzammil က ပြောလိုက်ပါတယ်။
Comments