နိုဝင်ဘာ ၂၀ ၊ ၂၀၁၅
M-Media
မာန်ထက်သျှံ ရေးသည်။
စစ်တို့မည်သည် လက်နက်ကိုင်သည်။ အကြမ်းဖက်သည်။ အနိုင်ရရေးအတွက် လူ့အသက်ကို သတ်ကြသည်။ လူသားများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံး ပျက်စီးတတ်သည်။ ထို့ကြောင့် စစ်ဆိုသော အရာကို လူသားများမုန်းသည်။
ပဋိပက္ခ ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး၊ အုပ်စုတစ်ခုနှင့် တစ်ခု အမြင်မကြည်လင်မှု မကျေနပ်မှုများမှ စတင်တတ်သည်။ ပဋိပက္ခကြောင့် လူတို့၏ အသက်ဇီဝိန် ကြွေကျတတ်သည်။ လူ့အဖွဲ့အစည်းများ အတိဒုက္ခရောက်ကြရသည်။ ပဋိပက္ခကို လူတို့မလိုလား လူသားများစက်ဆုပ်ကြသည်။
ငြိမ်းချမ်းမှုအတိဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီး ဖြစ်စေလိုကြသည်။ ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တကြသည်။ ငြိမ်းချမ်းမှု၏ ဓါတ်သဘောကို ခံစားလိုကြသည်။ လူသားတိုင်းငြိမ်းချမ်းချင်သည်။
စစ်ဘေးဒဏ်ကြောင့် ကမ္ဘာသူကမ္ဘာသားတို့ အခက်အခဲမျိုးစုံကြုံတွေ့ရသည်။ စစ်မီးလျှံကြောင့် မြန်မာပြည်သားတို့ ဒုက္ခနွံ့နစ်ခဲ့ကြသည်။ စစ်မက်ဖြစ်ပွားမှု၏ ရလဒ်သည် လူသားအားလုံးကို ဘေးတွေ့စေသည်။ စစ်ပွဲတွေကြောင့် ကလေးသူငယ်များ၏ တောက်ပတဲ့ အနာဂတ်ဘ၀ကို ရိုက်ချိုးပစ်သည်။ ဒါကြောင့် စစ်ပွဲတွေ မရှိရင်ကောင်းမည်ဟု ပြောလာကြသည်။
ပဋိပက္ခတွေ ကမ္ဘာတစ်လွှားဖြစ်သည်။ ပဋိပက္ခတွေ မြန်မာ တ၀ှမ်းဖြစ်ပြန်ပြီ။ လူတွေကြောင့်လား။ မူတွေကြောင့်လား။ ခွဲခြားဆက်ဆံမှုတွေကြောင့်လား။အရောင်အသွေး အဆင်းသဏ္ဍန်ကြောင့်လား။ ပဋိပက္ခ၏ နောက်ဆက်တွဲဖြစ်စဉ်ကြောင့် ဒုက္ခသည်စခန်းတွင် လူအများ ပြည့်ကျပ်နေသည်။
ငြိမ်းချမ်းရေးဆိုတာ ဘယ်မှာရှာရမည်နည်း။ သတင်းစာဂျာနယ်တွေပေါ်မှာလား။တီဗွီပေါ်မှာလား။ လူကြီးတွေဆီမှာလား။ အစိုးရဆီမှာလား။ လူတွေရဲ့ မျက်နှာပေါ်မှာလား။ဖြေပေးပါ စာရှုသူ။ အပြုံးပီတိမဲ့နေသော မျက်နှာကို ငြိမ်းချမ်းပါတယ်လို့ ပြောနိုင်မလား။ ထိတ်လန့်ခြင်း၊ လွှမ်းဆွေးခြင်းများနှင့် ဖုံးနေတဲ့ မျက်နှာကို အေးချမ်းပါတယ်လို့ ဆိုနိုင်ပါ့မလား။
စစ်၏ အမည်းစက်ကြောင့် ငိုကြွေးသံနှင့် အတူ ကြောက်ရွံ့ခဲ့ကြသည်။ အနိဠာရုံ မြင်ကွင်းများကြောင့် ၀မ်းနည်းပူဆွေးခဲ့ရသည်။ အမိမဲ့၊ အဖမဲ့ ကလေးသူငယ်များ၏ ဘ၀သည် အသိုက်ပျက် ငှက်ငယ် တစ်ကောင် ကဲ့သို့ ပျံသန်းရာ ခရီးလမ်း ပျောက်ဆုံးနေရရှာသည်။
ပဋိပက္ခတွေ ဖြစ်နေသည်။ ဘာသာမတူလို့၊ လူမျိုးကွဲလို့၊ အသားအရောင် ကွဲပြားလို့၊ နိုင်ငံရေး အယူအဆချင်း မတူလို့ပေါ့။ ကွဲပြားမှုသည် အင်အားတစ်ရပ်ဟု ခံယူစေချင်သည်။ လူသားများကြား ကွဲလွှဲမှုတွေ ရှိကောင်းရှိမည်။ သို့သော် ကွဲလွှဲမှုကို အခြေခံကာ ကွဲပြဲမှုတော့ မဖြစ်သင့်။ ငါစွဲ၊ ၀ါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ဒေသစွဲ၊ မိရိုးဖလာစွဲ၊ ပတ်ဝန်းကျင်စွဲ စသည့် အချည်အနှောင်များကြောင့်ဆိုလျှင် အဘယ်မှာ ပဋိပက္ခကို ဖြေရှင်းနိုင်အံ့နည်း။
ငြိမ်းချမ်းသော ဘ၀ဟူသည် စိုးရိမ် ကြောက်ရွံ့မှု ကင်းရမည်။ ၀မ်းနည်း ပူဆွေးမှု ကင်းရမည်။ လုံခြုံမှုရှိပြီး သဟဇာတ ရှိသော လူမှုအသိုက်အ၀န်းထဲမှ ဖြစ်ရမယ်။ မတရားမှုတွေကင်းစင်ပြီး ရင့်ကျက်တည်ငြိမ်သော လူမှုဘ၀၀န်းကျင်ကို လူသားတိုင်း လိုလားကြသည်။
စစ်ပွဲတွေကို ကြည့်လိုက်ပါ။ စာသင်ခန်းတွင်ရှိရမည့် အရွယ်များ ရှေ့တန်း စစ်မျက်နှာပြင်တွင် တိုက်ခိုက်နေကြသည်။ စာရေးသော လက်များသည် သေနတ်ကိုင်ဆောင်သော လက်များ အဖြစ် အသွင်သဏ္ဍာန်ယူနေကြသည်။ လူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ရမည့် အစား မိုင်းထောင် ဗုံးခွဲနေကြရသည်။အချို့မှာ ပညာရေးဖြင့် ထိတွေ့ရမည့်အစား သွေးထွက်သံယိုမှုများနှင့် ကျင်လည်နေကြရသည်။
စစ်ပွဲတွေဘာကြောင့်ဖြစ်လာရသနည်း။ ကိုယ့်အယူအဆချင်း မတူညီလို့ လက်နက်စွဲကိုင် တိုက်ကြတာလို့ပြောရင် မှားမည်မထင်။ တစ်ဦးနှင့် တစ်ဦး၊တစ်ဖက်နှင့် တစ်ဖက် တိုက်ကြ ခိုက်ကြ ခုတ်ကြ ထစ်ကြနှင့် စစ်ပွဲဆိုရွံ့ရှာမိလေပြီ။
ပဋိပက္ခတွေကို ဘယ်သူဖန်တီးသနည်း။ လူတစ်စုဟုဆိုကြသည်။ နောက်ကွယ်မှ ကြိုးကိုင်သူများဟု ပြောကြသည်။ နောက်ကွယ်မှ ကြိုးကိုင်သူ လူတစ်စုဟု ဆိုလျှင် ပိုမှန်မည်။ ဘာကြောင့်များ ဖန်တီးရသနည်း။ အယူဝါဒမှိုင်းတွေကြောင့် အစွဲတွေကြောင့် အမုန်းမီးတွေကြောင့် ဒေါသအမှားတွေကြောင့် အမျိုးမျိုးသုံးသပ်ကြသည်။ သို့ပေမယ် လူသားတိုင်းကတော့ ပဋိပက္ခမှိုင်းတိုက်သော လူအချို့ကို ဆန်ကျင်နေကြရသည်။
ငြိမ်းချမ်းရေးရမ္မက်သည် ချိုမြိန်သည်။ ခံစားမှု အေးစက်စေသည်။ ရင့်ကျက် တည်ငြိမ်သည်။ လူသားတိုင်း ဆာလောင် တောင့်တကြသည်။ ငြိမ်းချမ်းခြင်း အတိဖြင့် ဖုံးလွှမ်းတဲ့ ကမ္ဘာမြေတခွင်ရှင်သန် အသက်ဆက်လိုကြသည်။
စစ်ပွဲတွေအကြောင်းမေးချင်သည်။ နှစ်၆၀ကျော် တိုင်အောင် မဖြေရှင်းနိုင်တဲ့ မြန်မာပြည်းတလွှားက သေနတ်သံများ ဘယ်တော့များမှ ရပ်စဲမှာလဲ။ ပြည်ထောင်စု သွေးချင်းညီအစ်ကိုတွေ အကြား ယုံကြည်မှုခိုင်မာစွာ ဘယ်တော့မှတည်ဆောက်နိုင်မှာလဲ။ တမြေတည်းနေ၊ တရေတည်းသောက် မောင်နှမသားချင်းများဟု အဘယ့်ကြောင့် မခံယူနိုင်ဝံ့သနည်း။ စစ်ဒဏ်အလူးအလဲ ခံစားနေရသော ပြည်သူတွေကို မေးကြည့်ပါ။ စစ်တိုက်တာကောင်းကြလားလို့။ အားလုံး အဖြေတစ်ခုတည်း ထွက်မည်မှာ မလွှဲပေ။ ‘စစ်ပွဲဆိုတာကို ကျုပ်တို့ အလိုမရှိ’တဲ့ ။
ပဋိပက္ခတွေ အကြောင်းဆိုချင်သည်။ မြန်မာပြည် အနောက်ဘက်ခြမ်းကစပြီး အလယ်ပိုင်းတ၀ိုက်ကို မွှေကာ အရှေ့ဘက်ခြမ်းရောက် ထိတိုင်အောင် မငြိမ်းတဲ့ ဘာသာရေး ပဋိပက္ခမီးတွေ ဆက်ပြီး တောက်လောင်နေဦးမှာလား။ ကြောက်ရွံ့မိသည်။ ထိတ်လန့်မိသည်။ လူမှုစီးပွားဘ၀ ပျက်သုဉ်းရသည်။ မည်သည့် လူသားအတွက်မှ အကျိုးမရှိ။ ပဋိပက္ခကြောင့် နေရပ်ရှောင်ခွာ ထွက်လာကြသူများကို မေးကြပါ။ ဖြေကြပါဦးမည်။ ‘ဘာသာရေး၊လူမျိုးရေး ပဋိပက္ခများကို လုံးဝအလိုမရှိ’ လို့။
ငြိမ်းချမ်းရေး သတင်းစကားဆက်ချင်သည်။ ငြိမ်းချမ်းရေးသည် လူသားတို့၏ အသက်၊ လူသားတို့၏ ဘ၀၊ လူသားတို့၏ မနက်ဖြန်၊ လူသားတို့၏ ပစ္စုပန်၊ လူသားတို့၏ အနာဂတ် ၊လူသားတို့၏ မျှော်လင့်ချက် ရောင်ခြည်သာဖြစ်သည်။ ငြိမ်းချမ်းသော ရွှေပြည်ကြီးရဲ့ လွပ်လပ်ခြင်းကို စံစားရသူတစ်ဦးနှင့် သောက အပူမီးဝိုင်းကာ အသက်လုပြေးရသူတစ်ယောက်တို့၏ ခံစားချက်မှာ မိုးနှင့် မြေပမာ ကွာခြားလှပေသည်။ ထိုသူမှာငြိမ်းချမ်းရေး သတင်းစကားကို အပြည့်အ၀ စောင့်စားနေမိသည်။
စစ်ပွဲအတွင်း ဓါတုလက်နက်တွေသုံးသည်။ လူသားမျိုးရိုး ဗီဇထိတိုင်အောင် ခြိမ်းခြောက်လာသည်။ ဓါတုလက်နက်ပပျောက်အောင်ဟု ဆိုကာ စစ်ပွဲဆင်နွှဲကြပြန်သည်။ ငြိမ်းချမ်းရေးစစ်ပွဲ ဟုဂုဏ်ယူဝံ့ကြွားစွာ တိုက်ကြခိုက်ကြသည်။ ဘယ်လိုပဲဆိုဆို စစ်ဖြစ်ပြီဆိုလျှင် လူသားတွေ အခက်ကြုံသည်။ နေမှုထိုင်မှု စားမှုသောက်မှု အစစအရာရာမှာ ဒုက္ခတွေ့သည်။ ၀မ်းနည်းစရာကောင်းလှပါသည်။
ပဋိပက္ခကို ရှောင်ရှားလိုသည်။ စစ်မီးလျှံကို မုန်းသည်။ ငြိမ်းချမ်းမှုကို ပိုင်ဆိုင်လိုကြသည်။ သို့သော် ငြိမ်းချမ်းမှုဆိုတာ အဘယ်မှာနည်း။ သေနတ်သံ ၀န်းရံထားတဲ့ လူမှုဝန်းကျင်မှာ ငြိမ်းချမ်းရေး စကား ထွက်ဆိုနိုင်ပါ့မလား။ ဒေါသသံညံနေတဲ့ လူအုပ်ကြားထဲမှာ ငြိမ်ချမ်းပါစေလို့ ပြောနိုင်မှာလား။
ငြိမ်းချမ်းရေးမျှော်လင့်ချက်ရော ရှိသေးလား။ မေးလိုက်ချင်သည် မြန်မာပြည်ကြီး။ ငြိမ်းချင်မှုမရှိရင် မလွတ်လပ်ဘူး။ လွတ်လပ်မှုမရှိရင် ၀မ်းနည်းလာမယ်။ ပူဆွေးလာမယ်။ မျှော်လင့်ချက်တွေမဲ့လာမယ်။ ငြိမ်းချမ်းခြင်းနှင့် လွတ်လပ်ခြင်းဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်မှီခိုနေတယ်။ ဒီတော့ ငြိမ်းချမ်းရေးဆောင်ယူနိုင်မှ လွတ်လပ်ခြင်း အရသာကို အပြည့်အ၀ခံစားနိုင်မယ်။
ကမ္ဘာမြေကြီး ပြန်လည်သင့်မြတ်ချင်ပြီ။ မြန်မာပြည်ကြီး ငြိမ်ချမ်းချင်ပြီ။ မြန်မာပြည်ကြီး ဘယ်တော့ ငြိမ်းချမ်းမှာလဲ။ ဒီနေ့လား။ မနက်ဖြန်လား။ မနေ့ကလား။
ငြိမ်းချမ်းချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။
စစ်ဘေးသင့် ပြည်သူတစ်ဦး၏ စကားသံ။
အေးချမ်းချင်ပြီ။ အေးချမ်းချင်ပြီ။ အေးချမ်းချင်ပြီ။
ပဋိပက္ခကြောင့် ရှောင်ခွာပြေးနေသူတစ်ဦးရဲ့ ထွက်ဆိုသံ။
ဘာကြောင့် မငြိမ်းချမ်းသနည်း။ မငြိမ်းချမ်းအောင်လုပ်လို့ မငြိမ်းချမ်းသည်။ ဒါဆို ဘာကြောင့် ငြိမ်းချမ်းအောင် မလုပ်ကြသနည်း။ အဖြေကရှင်းသည်။ အတ္တအတားအဆီးတွေကြောင့် ဖြစ်ဟန်တူသည်။ အတ္တမာန်မာနများ၊ အယူသည်းမှုများ၊ မုန်းတီးမှုများ၊ ရန်ငြိုးရန်ဖက်မှုများ၊ မနာလို ၀န်တိုမှုများ ရှိနေဦးမည်ဆိုက အကြမ်းဖက် သံသရာထဲတွင် တ၀ဲလည်လည် ဖြစ်နေဦးမည်ဖြစ်သည်။ အတ္တအတားအဆီးတွေကို ဘယ်သူဖန်တီးသနည်း။ လူတွေဖြစ်သည်။ ငြိမ်းချမ်းခြင်းကို လိုချင်တာသည် လူသားဖြစ်သည်။ မငြိမ်းချမ်းမှုကို ဆောင်ကျဉ်းသူမှာလည်း လူသားပင်ဖြစ်သည်။ သို့ဆိုလျှင် လူသားအချင်းချင်း ညှိနှိုင်းကာ ငြိမ်းချမ်းမှုကို တည်ဆောက်လို့ မရနိုင်စွမ်းလား။ အချိန်ကြောင့်လား။ ကာလအကန့်အသတ်တွေကြောင့်လား။ ဘေးဘက်က ဘောင်ခတ်ဝန်းရံမှုတွေကြောင့်လား။ အားလုံးကို ရိုက်ချိုးပြီး ငြိမ်းချမ်းရေးတံခါးကို တွန်းဖွင့်ချင်သည်။ အေးချမ်းမှု အလင်းတန်းကို ဖူးတွေ့ချင်ပြီ။ ဒါကမ္ဘာသူကမ္ဘာသားများ၏ စိတ်ဆန္ဒ။ မြန်မာပြည်သားတို့၏ အာသီသ။ငိမ်းချမ်းမှုကို မျှော်လင့်သည်။ မ၀င့်မရဲ တောင့်တမိသည်။
စစ်ပွဲတွေကို မလိုလား၊ ပဋိပက္ခတွေ မဖြစ်စေချင်၊ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီနှင့်အတူ လွတ်လပ်ငြိမ်းချမ်း မျှတလမ်းသို့ မတူလက်များတွဲကာ အနာဂတ်မြန်မာပြည်ကြီးကို မြန်မာပြည်သူများအားလုံး ၀ိုင်းဝန်းတည်ဆောက်လိုကြသည်။
အမှောင်တွေပြီးရင် အလင်းပေါက်လာမည်။ ညကုန်ဆုံးရင် နေ့သစ်ရောက်လာမည်။ လှပတဲ့ အာရုံဦးနံနက်ခင်းမှာ ငြိမ်းချမ်းရေး ဂျိုးဖြူငှက်၏ သာယာနာပျော်ဖွယ် တေးသီမှုသံစဉ်ကို ကြားချင်လှပါဘိ။ တို့ချစ်တဲ့ မြန်မာပြည်ကြီး ထာဝရငြိမ်းချမ်းပါစေလို့ ဆုမွန်စကားခြွေလိုက်ချင်သည်။ ငြိမ်းချမ်းမှုအပေါင်း ခညောင်းပါစေ။
စာဖတ်သူ အပေါင်းလည်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ငြိမ်းချမ်းရေး နှစ်ဖြာသော သုခနှင့် အစဉ် ပြည့်စုံပါစေသတည်း။
ငြိမ်ချမ်းရေးကို ထာဝရမျှော်လင့်တောင့်တနေသူ
မာန်ထက်သျှံ
Comments