6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

 ဇော်သီဟ (လေးမြစ်)

သူငယ်ချင်း၊ မပြောမပြီး မတီးမမြည်မလို့  ပြောစရာရှိတာ ပြောရအုံးမယ်။ မင်းနဲ့ ငါက မူကြိုကတည်းက ပုခုံးဖက်ကြီး လာတယ်။ မင်းအမေနဲ့  ငါ့အမေက ငယ်သူငယ်ချင်းတွေဆိုတော့ မင်းနဲ့ ငါ ပိုပြီး သူငယ်ချင်းသံယောဇဉ်ကြီးခဲ့တယ်။ နေတဲ့ ရပ်ကွက်ချင်းကလည်းတူတော့ မင်းအိမ်မှာငါလာကစားသလို ငါ့အိမ်လည်း မင်းရဲ့ စားအိမ်သောက် အိမ်ဖြစ်ခဲ့တယ်။ နှစ်တွေဘယ်လောက်ပြောင်းပြောင်း ဘယ်နှစ်တန်းရောက်ရောက် အရပ်ပုတဲ့ မင်းနဲ့ ငါ ရှေ့ ဆုံး တန်းမှာ အတူတူထိုင်ရလို့  မင်းနဲ့ငါက ဘယ်သွားသွား တပူးတွဲတွဲပိုဖြစ်ခဲ့တယ်။ ဆေးလိပ်တစ်လိပ်ကို အတူတူ စမ်းသောက်ခဲ့လို့  ဆေးလိပ် စသောက်တတ်တဲ့ နေ့ နဲ့  စသောက်ဖြစ်တဲ့ဆေးလိပ်တောင် တလိပ်တည်းဖြစ်ခဲ့တယ်။

ရှစ်တန်းပြီးလို့  အထက်တန်းကျောင်းပြောင်းမှ မင်းနဲ့ငါကျောင်းကွဲသွားတယ်။ တက္ကသိုလ်တွေ ဆက်တက်ရင်း တယောက်တ မြို့ ပြောင်းရင်း ၁၀ နှစ်ကျော်မှ ဖေ့စ်ဘွတ်မှာ ပြန်တွေ့ ရတော့ ငါ့သိပ်ဝမ်းသာတယ် သူငယ်ချင်း။ မင်းပို့ ပေးတဲ့ ငါတို့ ငယ်ငယ်တုန်းက တွဲရိုက်ထားတဲ့ဓာတ်ပုံကိုလည်း ငါ့ဖေ့ဘွတ်မှာ တင်ထားတယ်။

ဒါပေမဲ့ မင်းရဲ့  ခုတလော ဖေ့ဘွတ်စတေ့တပ်မှာ ကုလား ကုလား ဆိုပြီး ပြောနေတာတွေ သတိထားမိတယ်။ ပေါက်တတ်ကရဖြစ်နေတဲ့ ရခိုင်အရေး ဘာမှမပြောချင်လို့  ပါးစပ်ပိတ်နေပေမယ့် မနေ့ ညက “ထမင်းကျွေးတဲ့လက် ပြန်ကိုက်တယ်” ဆိုတဲ့ စတေ့တပ်တခု ပြန်ရှဲထားတာတွေ့ လို့  ငါဒီစာကိုရေးလိုက်တယ်။ မင်းဘယ်တုန်းက ကုလားမုန်းတီးရေး ဇာတ်ထဲဝင်သွားလဲ ငါမသိဘူးလိုက်သူငယ်ချင်း။

ပထမဦးဆုံးအနေနဲ့  မင်းရဲ့ ငယ်သူငယ်ချင်း (ငါ့ကိုသူငယ်ချင်းလို့ သတ်မှတ်သေးရင်) ငါက ကုလားဆိုတာ မင်း အမှတ်ရစေချင်တယ်။ ငယ်ငယ်တုန်းက “ကုလား” ဆိုတဲ့ စကားလုံးကြားရင် ငါတော်တော်ခါးသီးတယ်ဆိုတာ မင်းအသိပဲ။ ငါ့ကို ဆရာမတွေက ကုလားလေး ကုလားလေး ဆိုပြီး ခေါ်တာလည်း ငါသေလောက်အောင် မုန်းတယ်။ ကုလားဆိုပြီးအခေါ်ခံရတိုင်း အသည်းနှလုံးထဲကို အပ်နဲ့ ထိုးမွေခံ လိုက်ရသလိုနာကျင်တယ်။ စကားများချင်းအတူတူ သမိုင်းဆရာမက ငါ့ကို စကားများတယ် ဒီကုလားဆိုပြီး ပါး ရိုက်တုန်းက ငါ ကျောင်းထွက်ဖို့ အထိလုပ်တာ မင်းအသိပဲ။

ဒါပေမဲ့ အခုရခိုင်-ရိုဟင်ဂျာပြသနာဖြစ်တော့ ငါ့စိတ်ပြောင်းသွားပြီ။ ငါတို့ ဖက်က တသက်လုံးပြောလာတယ်။ ငါတို့ တွေက မြန်မာပြည်မှာမွေး  မြန်မာပြည်မှာကြီးတဲ့လူတွေ၊ မြန်မာပြည်က ငါတို့ ပြည်၊ ငါတို့  အားထားရာ၊ ငါ တို့ သစ္စာထားရာ၊ ငါတို့ အလုပ်အကျွေးပြုရာမြေဆိုတာ။ ပြောရပေါင်းလည်းများပြီ။ တောင်းပန်ရပေါင်းလည်း များပြီ။ အောက်ကျို့  နှိမ့်ချရပေါင်း လည်းများပြီ။ မင်းတို့ ခြေဖက်နမ်းပြီး တောင်းပန်တောင် အားရကျေနပ်ကျမယ်မထင်ဘူး။

မင်းတို့ တွေ ဆဲသမျှ ဆိုသမျှခံရတာ ငါတို့  ကုလားတွေချည်း မဟုတ်တော့ဘူး။ ငါတို့  ဘုရားလည်း အစော်ကားခံရပေါင်းများပြီ။ ငါတို့  သည်းခံနေသလောက်၊ နှုတ်ပိတ်ပြီး နေပေးနေသလောက် မင်းတို့ ဘက်က အားမရသေးဘဲ ပိုလို့ တောင် ဆိုးလာနေတော့ ငါတို့ လည်း မြန်မာဆိုပြီး ဇွတ်ခံယူနေစရာမလိုတော့ဘူး။ အခု ငါ့ကိုငါ ကုလားလို့ ပဲ ခံယူတယ်။ ရှေ့ဆက်လည်း ငါ့ကိုငါ ကုလားလူမျိုး လို့  ပဲခေါ်မယ်။ ဟုတ်တယ်လေ။ ငါတို့ က မြန်မာဖြစ်ချင်ပါတယ်ဆိုပြီး ပြောနေတာ မင်းတို့ က မှ လက်မခံတာကိုး။ အတ္တတွေဖုံးပြီး မကြားနိုင်တာလား၊ အမုန်းတရားတွေပွားပြီး ကန်းနေတာလားတော့ မသိဘူး ငါတို့ ကို ကုလား ကုလားဆိုပြီးခေါ်၊ ကုလား လူမျိုးဆိုပြီပြောနေ တယ်မလား။ တနေ့ တချိန်မှာ ငါတို့ ဟာ ကုလားလူမျိုးဖြစ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ကြွေးကြော်တဲ့အခါ “မင်းတို့  ဟာ မြန်မာတွေပါ၊ မြန်မာပြည်မှာ မွေးလို့  မြန်မာ့အကျိုးကို သယ်ပိုးပါ၊” လို့  လာမပြောမိစေနဲ့ ။ ကုလားအကျိုး ဦးစိုက်လုပ်ခါမှ မြန်မာအကျိုးသယ်ပိုးပါလို့  မပြောမိစေနဲ့ ။ ငါတို့ မြန်မာပါဆိုတာ မင်းတို့ က လက်မခံဘဲ ကုလားဆိုပြီး အစွမ်းကုန်နှိပ်ကွပ်နေကြတယ်။ ငါတို့ ကို မြန်မာနဲ့  ဘာမှမဆိုင်သလို ပြောချင်သလို ပြော ဆဲချင်သလိုဆဲ နေကြတာကိုတော့ ဒီတသက်မမေ့ဘူးသူငယ်ချင်း။

ငါတို့ မိသားစု၊ ငါတို့ အသိုင်းအ၀ိုင်းအားလုံး ဗမာအ၀တ်အစားဝတ်၊ ဗမာလိုနေ၊ ဗမာစကားပြောတာ မင်းအသိ နော်။ ငါ့ဆီမှာ ကုလားအကျီအရှည်တထည်မှ မရှိတာလည်း မင်းအသိ။ ဗလီအုပ်ထုပ် တောင်မှ ဗလီအ၀င်မှ ဆောင်း၊ ပလီကထွက်တာနဲ့  ခေါက်ပြီး အိပ်ကပ်ထဲထည့်ပြန်လာတယ်။ ငယ်ငယ်တုန်းက လူမြင်မှာစိုးလို့ ဆိုပြီး အုပ်ထုပ်အမည်းရောင်တထည် မင်းနဲ့ အတူသွားဝယ်ဖူးတာ မင်းမှတ်မိလေမလားပဲ။ ငါ့အဖေအမေ၊ ငါ့အဖိုးအဖွား၊ ငါ့ဦးလေး အဒေါ်တွေအားလုံးလည်း ကုလားလိုဝတ်တာ တယောက်မှမရှိဘူးဆိုတာ မင်းမျက်မြင်ပဲ။ ငါ့အမေအမ တွေလည်း ဘုရားဝတ်ပြုမှ၊ ကျမ်းစာဖတ်မှ ဆံပင်လုံရုံ ပုဝါခြုံတာပါ။ အကျီအရှည်ကြီးတွေ မ၀တ်မသလို ခေါင်းတွေ မျက်နှာ တွေမအုပ်ထားပါဘူး။ ဗမာမဖြစ်ဖြစ်အောင် အတင်းလိုက်လုပ် နေတာမ ဟုတ်ဘူး သူငယ်ချင်း။ ယဉ်ကျေးမှုနဲ့ ဘာသာရေး ကွဲကွဲပြားပြားကျင့်သုံးတာပါ။

တခါတလေစဉ်းစားမိတယ်။ ဒီလောက် မြန်မာလိုနေတာကို မြန်မာမဟုတ်ဘူး၊ ကုလားပါဆိုပြီးပြောနေမှတော့ ငါ့မိသားစု ငါ့အသိုင်းအ၀ိုင်းနဲ့ ငါတို့  ကုလားတွေအားလုံး ကုလားလိုနေ၊ ကုလားစကားပြော၊ ကုလားလိုဝတ်စားကြအောင်ပဲ ကမ်ပိန်းလုပ်ရရင်ကာင်းမလားလို့ ။ ကုလား ကုလားပီပီ နေပြကြလိုက်တာပေါ့။ မကောင်းဘူးလား။ အပြောခံနေရမှတော့ မထူးဘူးလေ၊ လက်တွေ့ လုပ်ပြလိုက်ကြည့်ချင်တာပေါ့ကွာ။ ငါ့အဖေကိုလည်း တိုက်ပုံဝတ်မဲ့အစား ကုလားအကျီရှည်ပဲပြောင်းဝတ်ပါလို့ ပြောမယ်။ ငါလည်းဒီလိုပဲ ၀တ်မယ်။ ငါ့အမေ အမ တွေကိုလည်း မြန်မာဆန်ဆန်ဝတ်မဲ့အစား အ၀တ်အရှည်တွေဝတ်ပြီး ခေါင်းဆောင်းဖို့ ပြောမယ်။ ငါ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲဝတ်ခိုင်းမယ်။ ငါတို့ တမိသားစုလုံး ကုလားစကားမတတ်ဘူးဆိုတာလဲ မင်းအသိ။ ငါတို့ တော့ အသက်ကြီးပြီ မသင်နိုင်တော့ဘူး။ ဒါပေမဲ့ ကုလားပီသအောင် ငါတို့ အသိုင်းအ၀ိုင်းထဲက ကလေးတွေ နောင်လာနောက်သားတွေကို ကုလား စကားပြောတတ် အောင်သင်ပေးမယ်။ ကုလားစကားပဲပြောခိုင်းမယ်။ မြန်မာယဉ်ကျေးမှုထက် ကုလားယဉ်ကျေးမှုကို ပိုပြီး အားပေးမယ်။ ငါတို့ ဖက်က မင်းတို့ ခေါ်ခေါ်နေတဲ့ ကုလားလို ပီပီသသနေလာခါမှ  မြန်မာ့ယဉ်ကျေးမှုကို မလေးစားဘူးလို့ မ ပြောမိစေနဲ့ သူငယ်ချင်း။ မင်းတို့ ပြောပြောနေတဲ့ ဒေါင်းယောင်ဆောင်တဲ့ ကျီးလို့  အခေါ်ခံရမဲ့အစား ကုလား ကုလားလိုနေပြလိုက်ချင်တယ်ကွာ။

စကားလုံးတွေနဲ့  ချိန်းခြောက်နေတာမဟုတ်ဘူးသူငယ်ချင်း။ စိတ်ထဲမှာ ရှိနေတာကို ရင်ဖွင့်တာ။ ငါက ငယ်ကျင့်မ ပျောက်သေးဘူးလို ပြာရမလားပဲ၊ အရွဲ့ တိုက် တုန်းပဲ။ ပလီမရောက်ဖြစ်တဲ့ငါတယောက် အခုပလီပြန်တက်ဖြစ်နေပြီ။ အခုဥပုဒ်လလည်း ဥပုဒ်ပြန်စောင့်ဖြစ်နေပြီ။ ကျမ်းစာမသင်ချင်လို့ ဗလီကျောင်းပြေးပြီး မင်းဆီလာကစားလို့  ခနခနအရိုက်ခံရတဲ့ငါတယောက် ငါ့အသိနဲ့ငါ ကျမ်းစာဖတ်တတ်အောင် ကြိုးစားနေတယ်။ ကျမ်းစာအဓိပ္ဗါယ်နားလည်အောင် မြန်မာဘာသာပြန်တွေ ဖတ်ဖြစ်နေပြီ။ ဒီအချက်အတွက်တော့ မင်းတို့ လို ကုလားမုန်းတီးရေးသမားတွေကို ကျေးဇူးတင်ရမလိုပဲ။

မင်းရဲ့ စတေ့တပ်တခုအကြောင်းပြောချင်တယ်ကွာ။ မင်းကြိုက်မကြိုက်တော့မသိဘူး ဒဲ့ပဲပြောတော့မယ်။ မင်းက ကုလား (မွတ်စလင်) တွေကို ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တယ်လို့ ဆိုလို့ပါ။ ငါမင်းအိမ်မှာ တခါတရံ ထမင်း လိုက်စားဖူး ပါတယ်။ ငါမင်းတို့ မိသားစုအပေါ် တခါမှ ကျေးဇူးမကန်းဖူးပါဘူး။ ကန်းဖူးရင် ပြောပါ။ မင်းအိမ်မှာ တသက်လုံး အစေခံပါ့မယ်။ မင်းလည်းငါတို့ ဆီမှာ စားဖူးပါတယ်။ ငါတို့  ၆ တန်း ရ တန်းလောက်အထိ မင်းအမေ ဈေးရောင်းတော့ ညနေ အချိန်ပိုဆင်းတဲ့အထိ (၄း၃၀ အထိ) မင်းအမေ အိမ်ပြန်မရောက်လို့  ငါ့အိမ်မှာ နေ့တိုင်း ညနေစာလိုက်စားတာ မင်း ခုထိ မှတ်မိအုံးမှာပါ။ မင်းရော ငါရော ငါ့မောင်နှမတွေရော ကြိုက်တဲ့ ချာပါတီ ဒါမှ မဟုတ် ပူရီးကို အညော်ခံပြီး ခနခနလုပ်ကျွေးတဲ့ ငါ့အမေ လက်ရာကို မင်းလွမ်းတယ်ဆို။ ငါတို့ လို ချာပါတီကို ကြက်ဥကျော်နဲ့ မစားတတ်ဘူးဆိုလို့  တကူးတက ပဲပြုတ်နဲ့  ကြက်သွန်နီသုတ်ပေးတဲ့ ငါ့အမေကို မင်းလွမ်းတယ်ဆို။ ၁ ရက် ၂ ရက် မဟုတ်ဘူးနော သူငယ်ချင်း။ နှစ်နဲ့ ချီ မင်းကိုချက်ကျွေးခဲ့တဲ့ ငါ့အမေက အခုတော့ မင်းအခေါ် ကုလားမပေါ့ကွာ။ အခု ဖေ့ဘွတ်ပေါ်မှာ အင်မတိအင်မတန် ခေတ်စားနေတဲ့ မရှက်မကြောက် မအေနှမ ဆဲနည်းတွေနဲ့ တော့ ငါ့အမေကို မင်းမဆဲလောက်ပါဘူးနော်။

အဲ့ဒီကုလားမကပဲ မင်းအမေ သားအိမ်ခွဲထုတ်ဖို့ လိုတဲ့ငွေကို အိမ်ပေါက်စေ့လှည်ပြီး လိုက်ချေးပေးခဲ့တာပဲမဟုတ်လား။ မတတ်နိုင်သေးဘူးဆိုလို့  အတိုးကို အဲ့ဒီ ကုလားမ ငါ့အမေကပဲ သမီးအပျိုပေါက် လည်ပင်းက မရှိမဲ့ရှိမဲ့ ရွှေဆွဲကြိုးပေါင်ပြီး စိုက်ပေးခဲ့တာပဲမလား။ တခြားကူညီခဲ့တာတွေကိုတော့ ထပ်မပြောတော့ဘူး။ ငါတို့ ကူညီပေးခဲ့တာကို ဂုဏ်ဖော်ချင်လို့ လည်းမဟုတ်ဘူး သူငယ်ချင်း။ မင်းရဲ့ စကားလုံးတွေက ငါတို့ လို ကုလား ဆိုတဲ့ လူတွေပေါ် အရမ်းစော်ကားထိုး နှက်နေလွန်းလို့ ပါ။ သားရေပေါ်အိပ် သားရေနားစားဆိုတဲ့ စတေ့တပ်မှာ မင်းက “ပြောလိုက်စမ်းပါ” ဆိုပြီးရေးထားသေးတော့ ငါတို့  ကုလားတွေကို ခွေးတွေလို့  သဘောထားတာကို မကျေနပ်လွန်းလို့ ပါ။

မင်းနဲ့  မင်းဖေ့ဘွတ်သူငယ်ချင်းတွေ ပြောနေတဲ့ထဲမှာ ရှိပါသေးတယ်။ ကုလားတွေ ငါတို့ မြေပေါ်နေ ငါတို့ ရေပေါ် သောက်ပြီး ငါတို့ ကို စော်ကားနေတယ်ဆိုတာ။ မင်းတို့ ပြောတာ ကုလားဆိုတာ ဘာကိုပြောတာလဲ အတိအကျ မဖွင့်ဆိုထားဘဲ ၀ါးလုံးသိမ်းပြီးရမ်းနေတော့ ရိုဟင်ဂျာတင်မက ကျန်တဲ့ မြန်မာပြည်က မွတ်စလင်ကိုလည်း ပြောနေတာပဲမလား။ ဒီလိုဆိုရင်ပြောမယ်ကွာ။ ငါတို့ က ငါတို့ မြေပေါ်ငါတို့ နေတာ။ ဒီမြေ ဒီမြို့ ကြီးပေါ်မှာနေလာတာ ငါတို့  ဘီ (အဖိုးအဖွားမိဘ) လက်ထက်ကတည်းကကွ။ သူတို့ ကိုလည်း ကုလားပြည်က ၀င်လာတာလို့ မထင်လိုက်နဲ့ ၊ အနီးအနားက ရွာတွေက ဒေသခံစစ်စစ် လယ်သမားတွေ။ ငါတို့ ကကိုယ့်ထမင်းကိုယ်စား ကိုယ့်မြေပေါ်ကိုယ်နေတာ။ ဘယ်သူကိုမှလည်း မစော်ကားဘူး။ သားရေပေါ်နေ သားရေနားစားရအောင်လည်း ခွေးမဟုတ်ဘူး။ ကျွေးတဲ့လက် ပြန်ကိုက်တာ ငါ တို့ မဟုတ်ဘူး သူငယ်ချင်း။ မင်းလည်း မဟုတ်ပါစေနဲ့ လို့  ငါမျှော်လင့်တယ် (ဆုတော့ မတောင်းပေးတော့ဘူး၊ ငါ့ဘုရား မင်းကြိုက်မှာလည်းမဟုတ်ဘူး)။ ငါတခုတော့ သတိပေးမယ် သူငယ်ချင်း။ မင်းအဖေက ဗမာ (သို့ ) မြန်မာစစ်စစ်မဟုတ်ဘူးနော်။

ရခိုင်-ရိုဟင်ဂျာပြသနာဖြစ်တော့ မတရားတာတွေ တခုပြီးတခုတွေ့ နေရတော့ ငါ့တို့  ကုလားတွေ အကြောင်း ငါ သေချာပြန်စဉ်းစားဖြစ်တယ်။ အရင်က မတွေးဖြစ်တာတွေ တွေးမိတယ်။ ကုလားဆိုပြီး အနှိမ်ခံရတဲ့ ငါက ငါ့ကိုယ်ငါ ဒုတိယ တန်းစား နိုင်ငံသားလိုစိတ်ထဲဖြစ်မိတယ်။ သေချာ ပြန် စဉ်းစားကြည့်တော့ ငါက ဘာကိစ္စ ဒုတိယတန်းစား နိုင်ငံသားလို့ ထင်ရမှာလည်း။ ငါ့မြေပေါ်မွေး ငါ့ထမင်းငါစားပြီး ငါ့အလုပ်ငါလုပ်တာပဲ။ ငါက အစ္စလာမ်ဘာသာ ကိုးကွယ်တာတ ခုတည်းနဲ့  အဆင့်နှိမ့်သွားရောလား။ ဒီမှာသူငယ်ချင်း ငါ့မှာ ငါ့အခွင့်အ ရေးအပြည့်အ၀ရှိတယ်။ ငါလည်း မြန်မာစစ်စစ်ပဲ။ ငါတို့ အ ခွင့်အရေးကို ချိုးဖောက်နေတဲ့ လူတွေရဲ့  အပြောအဆို အဆက်အဆံတွေ အမြင်တွေကို လက်ခံမှ ဒုတိယနိုင်ငံသားဖြစ်မှာ။ ငါလက်မခံတော့ဘူး သူငယ်ချင်း။ လက်ခံဖို့ လည်းမလိုဘူး။ လက်ခံစရာလည်းမဟုတ်ဘူး။ အရင်က ငါ့ကိုယ်ငါ သိမ်ငယ်မိခဲ့တာတွေအတွက် ငါနောင်တရတယ်။

တကယ်တော့ ငါဟာ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုး။ နိုင်ငံခြားက၀င်လာပြီး ကပ်စားနှပ်စားမဟုတ်။ ငါဟာ ငါ့ဘီဘင်တွေခေါင်းချတဲ့ မြေပေါ်မှာမွေးတဲ့ ပထမအဆင့်နိုင်ငံသား (ဒုတိယအဆင့်နိုင်ငံသားမဟုတ်ဘူး)။ ငါ့မာန ငါ့သိက္ခာ ငါ့ခံယူချက် ငါ့ခန္ခာနဲ့ ငါ။ ဘယ်သူ့ ထမင်းမှ အလကားစားပြီး ကြီးလာတာမဟုတ်ဘူး။ ရိုးရိုးသားသားနဲ့  ကိုယ့်ဝမ်းကိုယ်ကြောင်းနေတဲ့လူ။ ငါ့မှာငါ့အခွင့်အရေး အပြည့်အ၀ရှိတယ်။ ငါ့မှာ လွတ်လပ်မှု အပြည့်အ၀ရှိတယ်၊ မြန်မာပြည်ကလူတွေတန်းတူ မြန်မာပြည်ကို ပိုင်ဆိုင်တယ်၊ မြန်မာပြည်ရဲ့ အနာဂတ်ကိုဖန်းတီးခွင့်ရှိတယ်၊ ငါ့မှာ အခွင့်အရေး တန်းတူ ရှိတယ်။ ဒီအခွင့်အရေးကို မြန်မာစစ်စစ်ဆိုတဲ့ အယူသီး အရိုင်းအစိုင်း ငဂေါက်တွေကသာ ချိုးဖောက်နေကြတာ။  ဒီအခွင့်အရေးတွေ ပြန်ရဖို့  ငါ့မှာ ပြန်လှန်ခုခံ တိုက်ပွဲဝင်ခွင့်ရှိတယ်။

ငါတို့ တွေက  မြန်မာပြည်ရဲ့ လူပိုလူရှုပ်တွေမဟုတ်ဘူး။ မြန်မာပြည်ကိုသွေးနဲ့ ရေးတဲ့ထဲမှာ ငါတို့ ခေါင်းဆောင်တွေပါတယ်။ ငါ့ရှေ့က မွတ်စလင်တွေ မြန်မာပြည်အတွက် အသက်တွေပေးသွားတယ်။ အနာဂတ်မြန်မာပြည်အတွက် ကာယညာနတွေ ပေးဆပ်သွားတယ်။ ဦးရာဇတ်၊ ရဲဘော်ကိုထွေး၊ ဦးရာရှစ်၊ ဦးဖေခင်၊ ဗိုလ်မှူးဘရှင်တို့ ရယ်မှ မဟုတ်ဘူး။ နိုင်ငံရေးအပြင် အားကစား၊ အနုပညာ၊ ကာတွန်း၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ ပညာရေး စတာတွေမှာ ထည့်ဝင်ပေးဆပ် သွားကြတယ်။ မြန်မာပြည်တည်ဆောက်တဲ့နေရာမှာ သူတို့သွေး၊ သူတို့ ချွေးတွေစွန်းခဲ့တယ်။ စစ်အစိုးရ အဆက်ဆက် ခုထက်ထိလည်း မြန်မာမွတ်စလင်တွေ အသက်၊ သွေး၊ ချွေး ပေးဆပ်နေတုန်းပဲ။

မင်းတို့  ကုလားပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် ငါက ငါ့မြေမှာမွေး ငါ့ထမင်းငါစားတဲ့ မြန်မာနိုင်ငံသားစစ်စစ်ပဲ။ ဇာဂနာ (ခ) ဦးသူရ ပြောသလိုပဲ၊ မင်းတို့ လက်ခံတာ လက်မခံတာက မင်းတို့ အပိုင်း။ ငါ့မှာ ငါ့လွတ်လပ်ခွင့်၊ ငါ့အခွင့်အရေးအပြည့်ရှိတယ်။ ဒီမြေဟာ ငါ့မြေ၊ဒီရေဟာ ငါ့ရေ။ တိုင်းပြည်ကို ဘယ်တော့မှ သစ္စာမဖောက်သလို ငါရဲ့ တိုင်းပြည်ပိုင်ဆိုင်မှုကိုလည်း တစက်မှ လျော့မပေးနိုင်ဘူး။ မင်းပိုင်သလို ငါလည်းပိုင်တယ်။ ငါက မြန်မာပြည်ရဲ့ နိုင်ငံသား။ မြန်မာပြည်က ငါ့ရဲ့ ပြည်။

ခုတော့ ဒီလောက်ပဲ သူငယ်ချင်း။

Leave a Reply