6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၇၊ ၂၀၁၅

M-Media

is

ယမန်နှစ် ဆီးရီးယား ရဂ္ဂါမြို့တွင် IS အလံကိုဝှေ့ရမ်းသွားလာနေသော အဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ – ရိုက်တာ)

ယမန်နှစ် ဆီးရီးယား ရဂ္ဂါမြို့တွင် IS အလံကိုဝှေ့ရမ်းသွားလာနေသော အဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ – ရိုက်တာ)

ဘုရှ်အစိုးရ၏ ၂၀၀၃ အီရတ်ကျူးကျော်မှုက လက်ရှိ IS ပြဿနာကို ဖြစ်ပေါ်လာစေခဲ့သလော ? လတ်တလော မဲဆွယ်လှုပ်ရှားမှုကာလအတွင်း Jeb Bush (စစ်တပ်အုပ်စုအတွက် တစ်မျိုးတစ်ဘာသာလှည့်သုံးသော အခေါ်အဝေါ်) GOP ကိုယ်စားလှယ်လောင်းအား အမျိုးသမီးငယ်တစ်ဦးမှ “ရှင်တို့ရဲ့အစ်ကိုတော်ကြီးက ISIL ကို ဖန်တီးခဲ့တာလေ” ဟု ပြောဆိုရာမှ ဤမေးခွန်းကြီး ခုန်ပေါက်ထွက်ရှိလာသည်။ အဆိုပါကျူးကျော်မှုက ထင်သလောက်မကြီးမားသော်လည်း ၎င်း၏နောက်ပိုင်း အီရတ်နှင့်ဆီးရီးယားအတွင်း သွတ်သွင်းလိုက်သော မူဝါဒဆိုင်ရာအချက်များအတွက်မူ အဓိကရှုတ်ချစရာ ဖြစ်နေသည်။ အုပ်စုဂိုဏ်းကွဲများ ထွက်ပေါ်ပြီး ကာလရှည်မတည်ငြိမ်မှုတစ်ရပ်ကို သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ် အစိုးရအဖွဲ့မှ ဖန်တီးခဲ့ခြင်းဖြစ်သည်။

၎င်းကာလရှည်တစ်လျှောက်လုံးတွင် ဘုရှ်အစိုးရအဖွဲ့သည် အီရတ်၌ အုပ်စုကွဲတင်းမာမှုများကို ပိုမိုဆိုးဝါးလာစေပြီး တိုင်းပြည်ပြိုကွဲစေမည့် လမ်းကြောင်းအား ရွေးချယ်ဖန်တီးခဲ့သည်။

အီရတ်သည် ရှေးကာလ အမုန်းအာဃာတများကြောင့် အစိပ်စိပ်အပိုင်းပိုင်းဖြစ်သွားရသည်ဟု ဆိုခြင်းမှာ သမိုင်းအမြင်နှင့် မဆီလျော်သည်သာမက ရှေ့နောက်ကိုက်ညီမှုလည်း မရှိကြောင်း သုတေသီအချို့မှ အခိုင်အမာပြောဆိုလိုက်သည်။ လွန်ခဲ့သောဆယ်စုများအတွင်း ကိုလိုနီဆန့်ကျင်ရေးဝါဒ သို့မဟုတ် မြေရှင်နှင့် ဆိုရှယ်လစ်စနစ်များအပေါ် နိုင်ငံရေးအာရုံများ ဗဟိုပြုကျက်စားခဲ့ကြသည်။ လောကီရေးအသားပေး ဘာ့သ်ပါတီအား အမေရိကန်၏ စိမ့်ဝင်လက်လျှိုမှုဖြင့် အာဏာလက်မဲ့ဖြစ်အောင် ဖန်တီးလိုက်ရာမှ အီရတ်နိုင်ငံရေးသမားတို့အကြား မကြုံဖူးလောက်အောင် အုပ်စုကွဲပြားသွားစေခဲ့သည်။ မတည်ငြိမ်မှုဖြစ်အောင် ဆွပေးနိုင်လေ ကြမ္မာငင်လေ ဖြစ်သည်။ ယင်းသို့ မတည်ငြိမ်သော အုံကြွသောင်းကျန်းမှုဖြစ်လာပြီဆိုသည်နှင့် ၁၀ နှစ်မှ ၁၅ နှစ်တာမျှအထိ တာရှည်သွားရစမြဲပင်။

သို့သော် IS ထွက်ပေါ်လာရခြင်းသည် မိမိတို့၏တာဝန်မကင်းကြောင်း အမေရိကန်တို့အနေနှင့် ၀န်ခံရန်ခက်ခဲသည့် အကြောင်းရင်းနှစ်ရပ် ရှိနေသည်။ ပထမတစ်ချက်မှာ လူထု(နှင့် သတင်းစာတိုက်များ)သည် အလွတ်တန်းလှုပ်ရှားတတ်သည့် အီရတ်ပြည်သူ့တပ်ဖွဲ့များ၏စွမ်းရည်အစား အမေရိကန်စစ်ရေးလှုပ်ရှားမှုများကိုသာ ဖိ၍အသားပေးဖော်ပြခဲ့ကြသည်။ ဒုတိယအချက်မှာ အထောက်အထားမဲ့ ယိုးစွပ်ကစားပွဲများအတွက် စနစ်တကျမျှတမှန်ကန်သည့် သုတေသနပြုမှုကိုစွန့်လွှတ်ပြီး အီရတ်ကိုသာ ပြဿနာမီးမွှေးသူအသွင်ဖြင့် ရှေ့တန်းတင်အသံထုတ်လျက် ဘောလုံးသဖွယ် လှိမ့်ကန်နေခဲ့ကြသည်။

၂၀၀၃ ကျူးကျော်စစ်ပြီးသည့်နောက် ဘုရှ်အစိုးရအဖွဲ့အာဏာပိုင်များသည် ဆက်ဒမ် ဟူစိန်ခေတ်က ကြီးစိုးလွှမ်းမိုးခဲ့သော အီရတ်စွန္နီများကို ဘေးသို့တွန်းထုတ်လိုက်ပြီး ရှီအိုက်ခေါင်းထောင်ရေး ဘက်တော်သားများကို မျက်နှာသာပေးလာကြသည်။ အီရတ်ရှိ အဓိကနိုင်ငံရေး ယန္တရားဖြစ်သော ဘာ့သ်ပါတီသည် လောကီရေးအမြင် ထားရှိသော်လည်း သွေးစွန်းသောလက်ပိုင်ရှင် ဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၆၈ မှ ၂၀၀၃ ခုနှစ်ထိ အုပ်ချုပ်ခဲ့ပြီး ဖြိုခွဲခံလိုက်ရသည်။ နောက်ပိုင်းခေါင်းဆောင်များဖြစ်သော အဟ်မဒ် ချာလာဘီနှင့် နူရီ အလ်မာလီကီ (၂၀၀၆ မှ ၂၀၀၄ ၀န်ကြီးချုပ်) ကဲ့သို့ ဘုရှ်၏ဘက်တော်များက တစ်ကျော့ပြန်ဘာ့သ်ပါတီကော်မရှင်အား ဖွဲ့စည်းခဲ့ပြီး စာသင်ကျောင်းပင်မချန် အစိုးရဋ္ဌာနဆိုင်ရာလုပ်ငန်းများမှ စွန္နီအာရပ်ပေါင်း တစ်သိန်းနီးပါးကို ထုတ်ပယ်ခဲ့သည်။ ထိုစဉ်က ပုဂ္ဂလိကအလုပ်အကိုင်များလည်း ရှိမနေခဲ့။ ရှီအိုက်ဘာ့သ်ပါတီဝင်များမှာ အကြီးအကျယ် နေရာကောင်း ရလာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဘုရှ်၏လက်ထောက်တစ်ဦး အလွတ်တန်းလက်နက်ရောင်းဝယ်သူတစ်ဦးဖြစ်သူ Paul Bremer က နိုင်ငံပိုင်စက်ရုံအများအပြားကို ဖျက်သိမ်းကာ ပြဿနာအရှိန်မြင့်တက်ကာစနိုင်ငံထဲသို့ ပစ်သွင်းလိုက်လေသည်။ ၎င်းနောက် အရာရှိများ၊ တပ်စိတ်များကို အငြိမ်းစားလစာ၊ အနာဂတ်ခံစားချက်များ မပါဘဲ အဝေးသို့ပို့ဆောင်လိုက်ခြင်းဖြင့် မြောက်ကြွကြွဖြစ်နေသော လူဦးရေသန်းဂဏန်းရှိ အီရတ်စစ်တပ်အား ပြိုကွဲစေလိုက်သည်။ သို့ဖြင့် အလယ်ခေတ်ဥရောပ၌ ပလိပ်ရောဂါကူးစက်ပြန့်ပွားသကဲ့သို့ စွန္နီအာရပ်ခရိုင်များ၌လည်း အလုပ်လက်မဲ့များ ဖောင်းပွကုန်သည်။

စွန္နီအာရပ်ဒေသများတွင် လက်ကြောမတင်းမှု ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားသောအခါ မတည်ငြိမ်မှုများ စတင် ကြီးထွားလာပါတော့သည်။ ဆန့်ကျင်ဖက်အားဖြင့် ရှီအိုက်စုပေါင်းအုပ်စုများက အမေရိကန်တို့နှင့် အနီးကပ်ဆက်ဆံရေးအားဖြင့် အာဏာကြီးအောင်ထူထောင်၍ အစိုးရသစ်လက်အောက်ရှိ ၎င်းတို့၏အယူဝါဒထောက်ခံသူတို့အား အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သည်။ တောင်အာဖိရိကတိုက် လူမျိုးခွဲခြားရေးကာလအလွန် နဲလ်ဆင်မင်ဒဲလားမှ ကိုင်တွယ်ဖြေရှင်းခဲ့သော ရင်ကြားစေ့နည်းလမ်းနှင့် ဆန့်ကျင်ဖက်မှန်သမျှကို ဘုရှ်အစိုးရအဖွဲ့နှင့် ၎င်း၏ရှီအိုက်မဟာမိတ်များက ပြုလုပ်ခဲ့ကြသည်။ အဆိုပါနည်းလမ်းနှင့်ဆန့်ကျင်ဖက်ရလဒ်လည်း ၎င်းတို့ ရရှိခဲ့ကြသည်။

၂၀၀၄ ခုနှစ် နွေဦးကာလ လုံခြုံရေးဆိုင်ရာအရာရှိလေးဦး သတ်ဖြတ်ခံရပြီးနောက် အစိုးရအုပ်ချုပ်ရေးအဖွဲ့က ဖာလူဂျာကို ပစ်မှတ်ထား လက်စားချေကြသည်။ ခမ်းနားသည့်မြို့ပြအဖြစ်မှ အုတ်ခဲ့ပုံဘ၀သို့ ပြောင်းလဲပေးလိုက်သည်။ ထို့အပြင် ၂၀၀၅ ဇန်န၀ါရီ ရွေးကောက်ပွဲ၌ မဲထည့်ရန် ငြင်းပယ်သည့် အခြားမြို့သား စွန္နီအာရပ်များကိုလည်း ဖယ်ကြဉ်ခဲ့ကြသည်။ ရလဒ်အားဖြင့် ရှီအိုက်ကြီးစိုးသော ပါလီမန်လွတ်တော် ဖြစ်လာပြီး စွန္နီလူများစုပြည်နယ်အားလုံးမှ လက်မခံနိုင်သော ဖွဲ့စည်းပုံဥပဒေကို ကောက်ကျစ်စွာ ရေးဆွဲပြဋ္ဌာန်းတော့သည်။

စွန္နီအာရပ်များအပေါ် မတရားပြုမူလိုက်ခြင်းဖြင့် အမေရိကန်ဆန့်ကျင်ရေးပြောက်ကျားတပ် အမျာအပြားး ထွက်ပေါ်ရန် တွန်းအားပေးလိုက်သည်။ စွန္နီလူများစုပြည်နယ်များအတွင်း အဓိကအုပ်စုကွဲ ၅၀ အထိ ပေါ်ထွက်လာကြသည်။ ၎င်းတို့အနက်တစ်ခုမှာ ဂျော်ဒန်နိုင်ငံသား ကားသူခိုးလုပ်ငန်းလုပ်ခဲ့ဖူးသူ အဘူမုဆ်ွအဘ် အလ်ဇရ်ကာဝီ ဦးဆောင်သော မက်ဆိုပိုတေးမီးယားရှိ အလ်ကိုင်ဒါအဖွဲ့ဖြစ်သည်။ ထိုအုပ်စုသည် အီရတ်အား အမေရိကန်-အီရန် ပူးပေါင်းခြယ်လှယ်ကြီးစိုးနေသည်ဟု အမြင်ရှိနေသည့် ဘာသာရေးစိတ်သန်သူ စွန္နီများကိုသာမက၊ ဆက်ဒမ်ဟူစိန်၏ လျှို့ဝှက်လက်နက်တိုက်တည်နေရာများအား သိရှိထားသော ဘာ့သ်ပါတီဝင် အာဏာပိုင်ဟောင်းများကိုပါ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

၂၀၀၆ ခုနှစ် အမေရိကန်လေကြောင်းစစ်ဆင်ရေးအတွင်း အလ်ဇရ်ကာဝီ ကျဆုံးသွားပြီးနောက် အီရတ်တို့သည် မက်ဆိုပိုတေးမီးယားရှိ အလ်ကိုင်ဒါခေါင်းဆောင်ပိုင်းကို လက်လွှဲယူလိုက်ကြသည်။ ၎င်းတို့သည် အီရတ်ရှိ Islamic State – IS အမည်ခံအဖွဲ့ကို ဖန်တီးယူပြီး ပိုင်နက်များ စတင်တိုးချဲ့တော့သည်။ ဤအုပ်စု၏ခေါင်းဆောင် အများအပြားမှာ ဘာ့သ်ပါတီဝင် စစ်အရာရှိဟောင်းများ၊ အမေရိကန်မှ သောင်းကျန်းသူဟုသံသယရှိသူ နှစ်သောင်းခွဲကို ဖမ်းဆီးထိန်းသိမ်းထားရာ Buccca စခန်းနှင့် ကြုံဆုံချိတ်ဆက်ဖူးသူအချို့ ပါဝင်နေကြသည်။ ဤဘာ့သ်ပါတီဝင်တို့သည် အခြေခံမွတ်စ်လင်မ်ဝါဒီများ မဟုတ်ကြဘဲ IS အုပ်စုကိုအသုံးချ၍ လူထုထောက်ခံမှုကို လမ်းကြောင်းမှားဖြင့် ရှာဖွေသူတို့သာ ဖြစ်ဖွယ်များ၏။ (ထိုသူတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သော အလ်ကိုင်ဒါ၏ အထူးသူလျှိုတစ်ဦးက ၎င်းတို့မှာ အစစ်အမှန် ဂျိဟာ့ဒ်ကို ဖောက်လွဲဖောက်ပြန်ပြုလုပ်သည့် “ကလိန်ကကျစ်မြွေများ” ဟု ခေါ်ဆိုခဲ့၏)။

၂၀၁၁ ခုနှစ်ရောက်သော် ဆီးရီးယားအာဏာရှင် ဘရှားရ် အာဆဒ်သည် သူ့အားဆန့်ကျင်သည့် လူငယ်တော်လှန်ရေးကို စစ်တပ်သုံး နှိမ်နှင်းပြီး ယင်းတော်လှန်ရေးအား ပုန်ကန်ထကြွမှုတစ်ရပ်အဖြစ် မြှားဦးလှည့်ပစ်သည်။ ဤတွင် IS တိုက်ခိုက်ရေးသမားတို့သည် လက်ကျန် ဘာ့သ်အုပ်ချုပ်ရေးကို ချေမှုန်းရန် ဆီးရီးယားသို့ သွားကြလေသည်။ အဆိုပါစစ်သွေးကြွအုပ်စု၏ ခေါင်းဆောင်မှာ အဘူဘကရ် အလ်ဘဂ္ဂဒါဒီ ဖြစ်သည်။ ၎င်းအုပ်စုကို ၂၀၁၂ ခုနှစ်တွင် ဆီးရီးယားတပ်ခွဲ ဂျဘဟသ် အန်နုဆွရာ (အားဖြည့်တပ်ဦး)အဖြစ် ဖွဲ့စည်းခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ၎င်း၌ အီရတ်နှင့်အာဖဂန်နစ္စတန်တိုက်ပွဲဝင် ၀ါရင့်စစ်သည်များ၊ အလ်ဇရ်ကာဝီနှင့် လက်တွဲတိုက်ခိုက်ခဲ့သော ဆီးရီးယားသားများလည်း ပါဝင်သည်။ သို့သော် ကာလတစ်ခု လွန်မြောက်သောအခါ IS ကိုယ်တိုင်က ဆီးရီးယားရှိ အဓိကစစ်ဆင်ရေးများထဲ တိုးဝင်ခဲ့လေသည်။ များမကြာမီ အားထားရသည့်အုပ်စုတစ်ခုအဖြစ် ထင်ရှားလာပြီး ဆီးရီးယားစစ်တပ်ကို အပြင်းအထန်တိုက်၍ နယ်ပယ်သိမ်းယူရန် အခြားသူပုန်များကို အားပေးအားမြှောက်ပြုခဲ့သည်။ ၎င်းနောက် IS သည် အလုံးအရင်း ၀င်ရောက်လာပြီး ထိုနယ်ပယ်အား သူ၏မဟာမိတ်လက်များထံမှ နှိုက်ယူလိုက်သည်။ ၉/၁၁ တိုက်ခိုက်မှု စီစဉ်သူတစ်ဦးဖြစ်သော အလ်ကိုင်ဒါခေါင်းဆောင် အိုင်မန် အလ်ဇ၀ါဟီရီက ၂၀၁၃ ခုနှစ်တွင် မိမိ၏လက်အောက်သို့ အားဖြည့်တပ်ဦးအဖြစ် ပြန်လည်ရောက်လာရေးအတွက် IS ကိုဖြိုခွဲရန် ဆီးရီးယားအလ်ကိုင်ဒါတို့အား အမိန့်ပေးခဲ့သည်။ ၎င်းမှာ မိမိ၏အဖွဲ့အစည်းကို မိမိကိုယ်တိုင် သတ်ရာရောက်သွားလေ၏။

အမေရိကန်၏ကိုင်တွယ်မှုအောက်မှ အာဏာရလာသော ဘဂ္ဂဒက်မှ ရှီအိုက်ဘာသာရေးအုပ်စုများကလည်း စွန္နီများကို ကန့်သတ်ဖယ်ရှားလျက် ရှိနေဆဲ။ အီရတ်စစ်တပ်မှာ အီရန်ရှိပြည်ပနေစစ်သွေးကြွများမှ မြစ်ဖျားခံလာသည့် Badr Corps ကဲ့သို့သော ရှီအိုက်စစ်သွေးကြွဟောင်းများ၏ လွှမ်းမိုးမှုကို ခံနေရသည်။ ၂၀၁၁ ခုနှစ် မိုဆူးလ်မြို့နှင့် ဖာလူဂျာမြို့များတွင် လူငယ်ဆန္ဒပြမှုများ ပွင့်ထွက်လာရာ အလ်မာလီကီက အဆိုပါစစ်သွေးကြွများကို ၎င်းတို့အား ကြမ်းတမ်းပြင်းထန်စွာနှိမ်နင်းရန် အမိန့်ပေးလေသည်။ နိုင်ငံရေးနှင့်ပြုပြင်ပြောင်းလဲမှုများ၌ စွန္နီများ ပါဝင်မှု အဆုံးသတ်စေရေးအတွက် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်။ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်၌ ရဂ္ဂါခရိုင်ဆင်ခြေဖုံးကို သိမ်းထားသော Daesh သည် မိုဆူးလ် စသော အီရတ်ရှိမြို့ကြီးများသို့ ပြန်လည်ဝင်ရောက်ရန် စွန္နီထိပ်သီးများနှင့် စတင်လျှို့ဝှက်ကြံစည်တော့သည်။

၂၀၁၄ ခုနှစ် ဇွန်လတွင် ရှီအာကြီးစိုးအီရတ်စစ်တပ်ကို ဆန့်ကျင်သည့် မိုဆူးလ်မြို့စွန္နီတို့၏ တော်လှန်ရေးဖြစ်ပေါ်သည့်အခါမှသာ ကမ္ဘာက စတင်သတိထားမိကြသည်။ ဆီးရီးယားမှ မြို့တွင်းသို့ IS တိုက်ခိုက်ရေးသမားများ ၀င်ရောက်လာနိုင်ရန် လူထုက ရဲနှင့်စစ်တပ်တို့ကို တိုက်ခိုက်လမ်းဖွင့်ပေးခဲ့ကြသည်။ ဘဂ္ဂဒက်မှ ရှီအိုက်တို့၏ ခွဲခြားချိုးနှိမ်နှိပ်စက်မှုအပေါ် နာကြည်းနေကြသည့် ဒေသခံ စွန္နီအာရပ်ထိပ်သီးများကလည်း IS နှင့်မဟာမိတ်ဖွဲ့ရန် စွန့်စားဆုံးဖြတ်လိုက်ကြသည်။ ယိုင်နဲ့နေသည့် အီရတ်စစ်တပ်မှာ မိုဆူလ်မြို့အား ကြံ့ကြံ့ခံ ထိန်းချုပ်ယုံသာ တတ်နိုင်တော့သည်။ အာဏာပိုင်အရာရှိများနှင့် ၎င်းတို့၏လူတို့သည် စွန့်ခွာထွက်ပြေးကြရကုန်ပြီး မြို့ကို စစ်သွေးကြွအုပ်စုလက်ထဲ ထည့်လိုက်ရပေသည်။ ၎င်းနောက်ပိုင်း IS သည် အီရတ်ပိုင်နက် ၄၀ ရာခိုင်နှုန်းအထိ တရွေ့ရွေ့ ချဲ့ယူလာနိုင်ခဲ့သည်။

အီရတ်ပေါ် အာရုံစိုက်မှုတွင် အလေးမပေးဘဲ အာဖဂန်နစ္စတန်ရှိ အလ်ကိုင်ဒါတို့၏တပ်ခေါက်မှု၌ အမေရိကန်မှ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သော် ဤအဖွဲ့ကြီးမှာ ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကပင် ပျက်သုဉ်းပြီး ဖြစ်ပေမည်။ ထိုအစား ဘုရှ်အစိုးရက အီရတ်ကို ၀င်သိမ်းခြင်းဖြင့် အမျက်သိုပြီး တိုက်ပွဲဝင်လိုသော မျိုးဆက်သစ်လူငယ်များကိုလည်းကောင်း၊ အလ်ကိုင်ဒါလက်သစ်ကိုလည်းကောင်း မွေးဖွားထွက်ပေါ်သွားစေသည်။ ဘုရှ်အစိုးရမှ အီရတ်နိုင်ငံနှင့်စစ်တပ်ကို မဖျက်ဆီးခဲ့ပါလျှင် အလ်ကိုင်ဒါသောင်းကျန်းသူများ ပေါ်ထွက်လာခြင်းကို ဒေသတွင်းအင်အားစုတို့မှ ကြိုတင်ဟန့်တားနိုင်ပေလိမ့်မည်။ ထိုသောင်းကျန်းသူအဖွဲ့မှာ အီရတ်တွင် ၎င်းတို့တိုက်ခိုက်ခဲ့သော ကမ်းတက်တပ်သားများထံမှ နည်းဗျူဟာများကို လေ့လာဆည်းပူးခဲ့ခြင်းလည်း မရှိသလို၊ လက်နက်ရိက္ခာများအတွက် ချိတ်ဆက်ကွန်ရက်များ တည်ဆောက်ထားခြင်းလည်း မရှိခဲ့ချေ။

IS သည် ကမ္ဘာပေါ်တွင် ထောက်ပံ့ရံပုံငွေ အကြီးမားဆုံးရှိနေသည့် အကြမ်းဖက်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်နေလေရာ ယင်းငွေကြေးများကို မည်သည့်နေရာမှ ရရှိလာကြသနည်း ? အီရတ်၌ စုစည်းကျစ်လစ်သော၊ ထောက်ပံ့ရံပုံငွေအားကောင်းသော၊ အတွေ့အကြုံကောင်းသော – ဆီးရီးယားနိုင်ငံတွင်းသို့ နယ်စပ်ကျော်ဖြတ်နိုင်သည့် တော်လှန်ရေးအုပ်စုတစ်ရပ် မရှိဘဲနှင့် ငွေကြေးနှင့်လက်နက်များသည် ထိုနိုင်ငံထဲမှ အမာခံသူပုန်များထံ အလွယ်တကူ စီးဆင်းဝင်ရောက်လာစရာ မရှိပါလေ။ လွတ်လပ်သောဆီးရီးယားတပ်မတော်သည်လည်း အလယ်အလတ်အမြင်ရှိ မွတ်စ်လင်မ်ညီနောင်အဖွဲ့ တိုက်ခိုက်ရေးသမားများနှင့် လောကီရေးဆန်သည့် စွန္နီအာရပ်များကို ယာယီမဟာမိတ်များအဖြစ် ကိုင်တွယ်နိုင်စွမ်း ရှိကောင်းရှိနိုင်ခဲ့ပေမည်။ သို့သော် ယင်းအစား သဘောထားတင်းမာသည့် အလ်ကိုင်ဒါနှင့် အီရတ်စစ်ပွဲ၏ ၀ါရင့်စစ်သားတို့ပါဝင်နေသော အစွန်းရောက်တို့က ဆီးရီးယားမှ FSA အား ဖြန့်ကျက်ဝိုင်းရံနိုင်ခဲ့ကြသည်။ ရှီအိုက်ဘာသာရေးအုပ်စုတို့အပေါ် ဘုရှ်အစိုးရအဖွဲ့၏ ထင်ရှားသောဘက်လိုက်မှုနှင့် စွန္နီအာရပ်များအပေါ် ခွဲခြားချိုးနှိမ်မှုက အီရတ်ရှိ IS အတွက် အင်အားကြီးတစ်ရပ်တည်ဆောက်နိုင်အောင် ဖန်တီးလိုက်ပေသည်။

ဘုရှ်သည် အုပ်စုကွဲများအပေါ် မျက်နှာသာပေးသည့်မူဟန်အား အဘယ်ကြောင့်ရွေးချယ်ခဲ့သည်ကို မည်သူမျှ နားမလည်နိုင်ကြသေး။ နိုင်ငံရေးသမားတို့အကြား ထူးခြားသည့် ကောက်ချက်ချမှုတစ်ခုတော့ ရှိသည်။ ၎င်းမှာ အီရတ်အား အမေရိကန်တို့မှ ရက်စက်ကြမ်းကြုတ်စွာ သိမ်းပိုက်ခဲ့ခြင်း ဟူသော ဖြစ်စဉ်မှန်ကို အနက်ရှိုင်းဆုံး နားလည်လွဲမှားသွားအောင် IS ထွက်ပေါ်စေမှုဖြင့် ပြည်ဖုံးကားချ ဟန့်တားလိုက်ခြင်း ဟူ၏။ အချုပ်ဆိုရလျှင် အမေရိကန်၏ကျူးကျော်သိမ်းပိုက်မှုက ဤ IS အုပ်စု ပေါ်ထွန်းလာစေသည့် အခြေအနေများကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတော့သည်။

(The Washington Post မှ ဖော်ပြသော Juan Coole ၏ဆောင်းပါး How the United States helped create the Islamic State ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။ Juan Coole သည် မီရှီဂန်တက္ကသိုလ်၊ Richard P. Mitchell သမိုင်းဋ္ဌာန၏ ပါမောက္ခ ဖြစ်သည်။)

Tags:

Leave a Reply