News @ M-Media

မြန်မာနိုင်ငံဆိုင်ရာ ကန်သံအမတ်လောင်း ပိတ်ဆို့မှုလျော့ချရေး မမျှော်လင့်

ဒီဇင်ဘာ ၂၊ ၂၀၁၅
M-Media

– မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အိုဘားမားက အမည်စာရင်း တင်သွင်းထားသည့် စကော့ မာစီယဲလ်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့်ပတ်သက်၍ အဓိက ပြောင်းလဲမှုမျိုး မမျှော်လင့်ထားဟု ယမန်နေ့က ပြောကြားလိုက်သည်။

“သိသာတဲ့ ဘယ်လိုပြောင်းလဲမှုကိုမှ ကျွန်တော် မျှော်လင့်မထားသလို အကြံလည်း ပြုမှာမဟုတ်ပါဘူး” ဟု မာစီယဲလ်က ဆီးနိတ်လွှတ်တော်ရှိ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ ကော်မတီ၏ ရှေ့မှောက်တွင် ပြောကြားခဲ့သည်။ မာစီယဲလ်မှာ လက်ရှိတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ဒုတိယလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ယခင်က အင်ဒိုနီးရှားနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

သို့သော်လည်း ပိတ်ဆို့မှုစနစ်မှာ အပြောင်းအလဲရှိနေသည့် အရာဖြစ်ပြီး သိသာသည့်ပြောင်းလဲမှုမျိုး ဖြစ်လာရန် ပစ်မှတ်ထားသည့် ကိစ္စများကို တွေ့ရပါက ထိုပိတ်ဆို့မှုအား ဖြေလျော့ရန် ခွင့်ပြု၍ ရသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့သော်လည်း အမေရိကန်က မိမိတို့မှာ ကျန်ရှိနေသည့် ပိတ်ဆို့မှုများကို ဖယ်ရှားရေးအတွက် ဒီမိုကရက်တစ်လုပ်ငန်းစဉ်များကို စောင့်ကြည့်နေသည်ဟု ပြောကြားခဲ့သည်။

အိုဘားမားမှာ မာစီယဲလ်အား မြန်မာနိုင်ငံသို့စေလွှတ်မည့် သံအမတ်သစ်အဖြစ် ပြီးခဲ့သည့်အောက်တိုဘာလက သတ်မှတ်ခဲ့ပြီး ဆီးနိတ်၏ နိုင်ငံခြားရေးရာ ကော်မတီက အတည်ပြုပါက တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အဆိုပါကော်မတီကမူ မာစီယဲလ်အား ကန့်ကွက်မည့်အလားအလာ မရှိပေ။

Ref: Reuters

Comments

Leave a Reply