ဒီဇင်ဘာ ၃၊ ၂၀၁၅
M-Media
– လိဂ်ဖလားတွင် ဆောက်သက်တမ်အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းမှာ မှော်ဆန်သည့် အတွေးအခေါ်ကြောင့် မဟုတ်ဘဲ မိမိတို့၏အလုပ်ကို ကြိုးစားလုပ်နိုင်ခြင်းကြောင့်သာ ဖြစ်ပြီး အသင်းမှာ ဆုဖလားများကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
ကွာတားဖိုင်နယ်ပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီဗွတ်က် အိုရီဂီက ဟက်ထရစ်၊ စတားရစ်ခ်ျက ၂ ဂိုးနှင့် ဂျော်ဒန် အိုဘီတို့က ၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည့် လီဗာပူးလ်မှာ စတုတ်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။
“ကျွန်တော်တို့မှာ မှော်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး။ ကျွန်တော်တို့ အလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာကြောင့်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကံကောင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဖလားစိန်ခေါ်သူဖြစ်ဖို့အတွက်တော့ ကျွန်တော်တို့အသင်းဟာ အင်အားတောင့်တင်းပါတယ်”
အခြားကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်စီးတီးအသင်းက ဟားလ်စီးတီးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ အဲဗာတန်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.