ဒီဇင်ဘာ ၃၊ ၂၀၁၅
M-Media
– ၂၀၁၃ ခုနှစ် ချမ်းစိမ့်လှသည့် ဖေဖော်ဝါရီလ နေ့တစ်နေ့၏ ညနေခင်း။ ဂျပန်တွင် တစ်သက်ပတ်လုံး နေထိုင်လာခဲ့သော ကိုးရီးယားလူမျိုး ဂျာနယ်လစ်အမျိုးသမီး ရှင်ဟေးလီသည် အိုဆာကာရှိ နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် သူမ၏ကွန်ပျူတာထဲသို့ မိတ်ဆွေတစ်ဦးထံမှ စာတစ်စောင် ၀င်ရောက်လာသည်။ စာပါအကြောင်းအရာမှာ ဇိုင်တိုကုကိုင်း အမျိုးသားရေးဝါဒီအုပ်စုခေါင်းဆောင်က သူမအား အသေဆိုးနှင့်သေအောင် ကျိန်ဆဲနေသည်ဟု အင်တာနက်ပေါ်တွင် ကြေငြာလိုက်ကြောင်း ဖြစ်၏။
သူမအား အဖြစ်ဆိုးကြုံစေချင်နေသူ မျက်နှာမဖော်လိုသော အစွန်းရောက်အမျိုးသားရေးဝါဒီ ထောင်ပေါင်းများစွာကို ရင်ဆိုင်ရန် သူမ ထရပ်လိုက်သည်။ ရဲဋ္ဌာနသို့ လီ သွားရောက်၏။ ရဲဝန်ထမ်းများက မိမိတို့ မည်သည်မျှ ဆောင်ရွက်မပေးနိုင်ကြောင်း ဆိုကြ၏။ လွန်ခဲ့သော ၂ နှစ်ကလည်း အွန်လိုင်းပေါ်နှင့် လူသူအကြား အမုန်းတရားဖြင့် ခြိမ်းခြောက်ခံရကြောင်း အကြောင်းကြားရာ၌ သူမကို ဤအတိုင်းပင် အဖြေပေးခဲ့ကြသည်။
ဂျပန်လူမျိုး ခင်ပွန်းသည်၊ မြီးကောင်ပေါက် သားတစ်ဦးနှင့်အတူ နေထိုင်လျက်ရှိသည့် အသက် ၄၄ နှစ်အရွယ် အလွတ်တန်းစာရေးဆရာ လီ သည် ၂၀၁၁ ခုနှစ်က အဖွဲ့ဝင် တစ်သောင်းခွဲခန့်ရှိသော ဇိုင်တိုကုကိုင်းအုပ်စုကို ဆောင်းပါးများစွာဖြင့်လည်းကောင်း၊ ရုပ်မြင်သံကြားပေါ်မှလည်းကောင်း ဝေဖန်ခဲ့သည့်နောက်ပိုင်း ထိုအုပ်စု၏ မျက်စေ့ဒေါက်ထောက် ကြည့်ရှုနေခြင်းကို ခံနေခဲ့ရသည်။
ဇိုင်တိုကုကိုင်းအဖွဲ့သားများက သူမအား ကိုးရီးယားစုန်းမ ဟုခေါ်၍ လူမျိုးရေးနှင့် လိင်ပိုင်းဆိုင်ရာ ဖရုဿဝါစာစကားတို့ဖြင့် အွန်လိုင်းနှင့် စုရုံးမှုတို့၌ တုန့်ပြန်ခဲ့ကြသည်။ တစ်ကြိမ်ကလည်း တိုကျိုဆန္ဒပြမှုအပြီး အသက် ၂၈ နှစ်အရွယ် ရုံးဝန်ထမ်းတစ်ဦးက သူမကိုရည်ညွှန်း၍ “လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ကိုးရီးယားတွေကို မောင်းထုတ်ကြပါစို့၊ အဲ့ဒီမိန်းမကို သတ်ကြပါစို့” ဟု တွစ်တာလူမှုဝက်ဘ်ဆိုဒ်ပေါ် ရေးသားခဲ့သည်။ ထိုသူ့အား ရဲများက မေးမြန်းသောအခါ တောင်းပန်မှုပြုခဲ့သည်။ သို့သော် သူမအဖို့ သူစိမ်းတရံစာများအကြား အပြိုင်အဆိုင်သတ်ဖြတ်မှုကို ခံရတော့မည်လားဟု တွေးမိသည်အထိ တုန်လှုပ်သွားရပေသည်။
ဂျပန်တွင် ကိုးရီးယားအနွယ် သန်းတစ်ဝက် လူဦးရေ ရှိသည်။ ၎င်းတို့ကို ဇိုင်နိချိ ဟု ခေါ်ဆိုကြသည်။ သူတို့သည် ဇာတိသွေးအရ တောင်ကိုးရီးယားနိုင်ငံသားခံယူထားသော်လည်း ဇိုင်နိချိတို့သည် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူများ ဖြစ်သည်။ သူတို့သည် ဂျပန်ယဉ်ကျေးမှုနှင့် တစ်သားတည်းကျအောင် နေထိုင်ပြီး အများစုမှာ ကိုးရီးယားစကားပြောဆိုခြင်း၊ ကိုးရီးယားနှင့် ပတ်သက်ဆက်နွှယ်ခြင်း မရှိကြပေ။ သို့တိုင်အောင် ဇိုင်တိုကုကိုင်း ကဲ့သို့ အစွန်းရောက်အမျိုးသားရေးဝါဒီများက ၎င်းတို့အား ဖယ်ကြဉ်ကြပြီး၊ လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကို အသုံးချလျက် အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ လမ်းပေါ်ထွက်ဆန္ဒပြခြင်း၊ အွန်လိုင်းပေါ်တိုက်ခိုက်ခြင်းတို့ကို အမည်မဖော်ဘဲ မကြာခဏ ပြုလုပ်ခဲ့ကြသည်။
မကြာသေးမီက အီးမေးလ်တစ်စောင်၌ ဇိုင်တိုကုကိုင်းအုပ်စု ပြောရေးဆိုခွင့်ရှိသူက အဖွဲ့၏ အန္တိမ ပန်းတိုင်မှာ – ဇိုင်နိချိ တို့ကို အမြဲတမ်းနေထိုင်ခွင့်အပြင် ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် လူမှုလုံခြုံရေးကို ခံစားခွင့်ပေးထားသော လူဝင်မှုကြီးကြပ်ရေးဥပဒေအား ဖျက်သိမ်းရန်ဖြစ်ကြောင်း ဆိုထားသည်။
ဂျပန်နိုင်ငံသည် ချိုးနှိမ်ခွဲခြားမှုဆန့်ကျင်ရေး ဥပဒေများ မရှိသည့် တစ်ခုတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်သည်။ အာဏာပိုင်များက လူမျိုးကြီးဝါဒကို ကာလရှည် လက်ကိုင်ပြုထားကြသော်လည်း ခွဲခြားချိုးနှိမ်ခြင်း ဟူ၍ ဂျပန်တွင် မရှိပါ။ ဇိုင်တိုကုကိုင်းအဖွဲ့ ပေါ်ထွက်လာခြင်းက ဂျပန်တစ်ဝှန်း ကိုးရီးယားဆန့်ကျင်ရေးအစုအရုံးများ ဖြစ်လာစေသည်။ ၎င်းကို ရှေးရိုးစွဲအုပ်စုငယ်တစ်ခုမှ လူပေါင်းထောင်ချီ၍ ပါဝင်ထောက်ခံထားကြသည်။ သူတို့သည် ဂျပန်ဧကရာဇ်အလံများကို ကိုင်ဆောင်ချီတက်၍ ကိုးရီးယားတို့အား ကပ်ပါးကပ်မြှောင်များ၊ အပြစ်သားများအဖြစ် ဖော်ပြကာ သေတွင်းပို့ရန် တောင်းဆိုခဲ့ကြသည်။
လွန်ခဲ့သော ၂ နှစ်က အိုဆာကာမြို့တွင် စုရုံးပွဲ ၂ ခုဖြစ်ခဲ့ပြီး ၎င်းအနက် တစ်ခုတွင် အသက် ၁၄ နှစ်အရွယ် ဂျပန်မလေးက ဆန္ဒပြနေသူများကို “ကျွန်မ ကိုးရီးယားတွေကို အရမ်း မုန်းတီးပါတယ်။ ဘယ်လိုမှကို ကြည့်မရပါဘူး။ ခုချက်ခြင်း သူတို့အားလုံးကို သတ်ပစ်လိုက်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့နောက် “နန်ကင်း အမဲဖျက်ခြင်း” ကဲ့သို့ စုပြုံသတ်ဖြတ်သောင်းကျန်းမည့်အဆိုတစ်ရပ် တင်ပြလိုက်ရာ မဆိုင်းမတွပင် သြဘာပေးသံ ညံစီသွားခဲ့လေသည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ဇိုင်တိုကုကိုင်းအဖွဲ့သည် လူအများ၏တုန့်ပြန်မှုကို ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့၏စုရုံးဆန္ဒထုတ်ဖော်မှုကို ဂျပန်လူထုက ဧရာမ တန်ပြန်ဆန္ဒပြပွဲများဖြင့် ရင်ဆိုင်ခဲ့ကြသည်။ ထိုဖြစ်စဉ်များအတွင်း အကြမ်းဖက်မှုအချို့ ရှိခဲ့သည်။ တစ်ကြိမ်တွင် ယင်းအဖွဲ့ဝင်တို့က ကျိုတိုမူလတန်းကျောင်းတစ်ကျောင်းအပြင်ဖက်၌ရပ်ကာ လက်ကိုင်အသံချဲ့စက်များဖြင့် ကိုးရီးယားကျောင်းသားတို့ကို ပိုးဟပ်များ၊ ကလေးသူလျှိုများ ဟု ဟစ်အော်စော်ကားခဲ့ကြ၏။ ယင်းသို့ထိခိုက်နစ်နာစေမှုအတွက် ဂျပန်တရားရုံးချုပ်က အဆိုပါကျောင်းကို ဒေါ်လာတစ်သိန်းပေးဆောင်ရန် ထိုအုပ်စုအပေါ် အစဉ်အလာမရှိခဲ့သော အမိန့်တစ်ရပ် ချမှတ်လိုက်သည်။
ယခုနှစ် နွေရာသီတွင် အိုဆာကာရှိ ဇိုင်နိချိ အမျိုးသမီးတစ်ဦးသည် သူမ၏ကုမ္ပဏီနှင့် ကုမ္ပဏီဥက္ကဋ္ဌအား တရားစွဲခဲ့သည်။ လုပ်ငန်းခွင်၌ ဂျပန်-ကိုးရီးယား ခွဲခြားမှုဆိုင်ရာ ပစ္စည်းပစ္စယများကို ဖြန့်ချိဝေငှခဲ့၍ဖြစ်သည်။
ဂျာနယ်လစ် လီ သည် အွန်လိုင်းတိုက်ခိုက်မှုခံရပြီးနောက် ဇိုင်တိုကုကိုင်းအဖွဲ့နှင့် ၎င်း၏နောက်တက်ခေါင်းဆာင် မာခိုတို ဆာကူရိုင်းမှ သူမအား နစ်နာကြေး ဒေါ်လာ လေးသောင်းခွဲပေးရန် အိုဆာကာခရိုင်တရားရုံးသို့ တရားစွဲလျှောက်တင်ခဲ့သည်။
“ပြစ်မှုကြောင်းအရ အရေးယူဖို့ ခက်ခဲမှန်း ကျွန်မ သိလိုက်ရတဲ့အခါ ပြည်သူ့လှုပ်ရှားမှုအနေနဲ့ ဆောင်ရွက်ဖို့မှတစ်ပါး ကျွန်မမှာ ရွေးချယ်စရာ မရှိတော့ပါဘူး” ဟု မကြာသေးမီက အင်တာဗျူးတစ်ခုတွင် လီက ပြောကြားခဲ့သည်။ ၎င်းကို တုန့်ပြန်သောအားဖြင့် ဆာကူရိုင်းက ဂျပန်သတင်းစာတိုက်သို့ “သူမပြောခဲ့တာကို သူမ ပြန်သုံးသပ်သင့်တယ်။ အခြေအမြစ်မဲ့ဆောင်းပါးတွေကို အွန်လိုင်းမှာရေးသားခဲ့တဲ့အတွက် သူမကို ကျွန်တော်တို့က တန်ပြန်တရားစွဲဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လီ သည် ဟိုရှု ဆိုကုဟို ၀က်ဘ်ဆိုဒ်ကိုလည်း ဒေါ်လာ ၁၈၃၀၀၀ နစ်နာကြေးရရန် တရားစွဲဆိုသွားမည်ဖြစ်သည်။ သူမနှင့်ပတ်သက်၍ အမည်မဖော်လိုသူများရေးသာသည့် အမုန်းတရားသတင်းအကြောင်းများကို ကောက်နှုတ်ရေးသားခဲ့ခြင်းနှင့် board2channel ၌ အသားပေးဖော်ပြခဲ့ခြင်းကြောင့်ဟု သူမက ဆိုသည်။ ထိုအမှုမှာ ကြာရှည်သည်နှင့်အမျှ သူမအပေါ် ဖိအား များပေဦးမည်။ သူမသည် လူပုံအလယ်မှာပင် မကြာခဏ စိုးရိမ်ထိတ်လန့်မှုကို ခံစားရပြီး တရားခုံရုံးမှအထွက် မိမိနောက်သို့ လူများ လိုက်မလာစေရန် သတိကြီးစွာ ထားနေရ၏။ နှောင့်ယှက်မှုကတော့ ရှိနေဆဲပင်။ ကိုးရီးယားဆန့်ကျင်ရေးမှိုင်းတိုက်မှုစိမ့်ဝင်နေခြင်းကို သူမနှင့် အခြား ဇိုင်နိချိတို့မှ များမကြာမီ သတိပြုမိလာကြသည်။ ကိုးရီးယားဧည့်သည်များအပေါ် ပြောင်ပြောင်တင်းတင်း လူမျိုးရေးခွဲခြားနေခြင်းကို ဝေဖန်ခြင်းထက် ယင်းဝါဒီများရရှိနေသည့် အခွင့်ထူးများကို အရေးဆိုခြင်းက ပို၍ ယေဘူယျကျပေသည်။
ပြောင်းရွှေ့အခြေချလာသူ မက်ဆီကန်လူမျိုးများအပေါ် ဒေါ်နယ် ထရမ့်ပ်မှ မှိုချိုးမျှစ်ချိုး ဝေဖန်ကဲ့ရဲ့ပြောဆိုခဲ့သဖြင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည်။ ဆာကူရိုင်းသည်လည်း ၂၀၁၃ ခုနှစ် တိုကျိုအနီး စုရုံးဆန္ဒဖော်ထုတ်မှုတစ်ရပ်၌ ဇိုင်နိချိတို့နှင့်ပတ်သက်ပြီး သူ၏သဘောထားကို ထုတ်ပြောခဲ့၏။
“ဒီမှာ လာနေနေတဲ့ ကိုးရီးယားတွေရဲ့ လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု စတဲ့ ဒုစရိုက်တွေကြောင့် ဂျပန်လူမျိုး အများအပြား ဘ၀ရေးရာ ထိခိုက်နစ်နာနေရတယ်။ ဂျပန်ကို မကြိုက်တဲ့သူတွေ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြလို့ လူတွေကို ကျွန်တော်တို့ ပြောကြားနေခြင်းသာ ဖြစ်တယ်။ ဒါကို အမုန်းတရား အမုန်းစကားလို့ ဆိုစရာလား”။ ဇိုင်တိုကုကိုင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်မှ လူတို့ သတိမထားမိသော အစွန်းရောက်နည်းလမ်းအတိုင်း “ဇိုင်နိချိတွေ ခွဲခြားချိုးနှိမ်ခံနေရတယ်ဆိုတာ လှည့်စားချက် တစ်ရပ်သာဖြစ်တယ်” ဟု လတ်တစ်လော ပြောဆိုလိုက်သည်။
အိုဆာကာတွင် ဂျပန်လူမျိုးခင်ပွန်း၊ သားသမီးများနှင့်အတူ နေထိုင်လျက်ရှိသော ဇိုင်နိချိ တတိယမျိုးဆက် အသက် ၄၇ နှစ်အရွယ် အမျိုးသမီး နောက်တစ်ဦးကလည်း ဖူဂျီကော်ပိုရေးရှင်းအား တရားစွဲဆိုဦးမည်ဖြစ်သည်။ အနှောင့်အယှက်ခံရခြင်းကို ရှောင်ဖယ်နိုင်ရန် သူမမှ အမည်မဖော်ထားပါ။ သူမသည် ဆယ်စုနှစ်တစ်ခုကြာအောင် မည်သည့်ပြဿနာမျှ မဖြစ်ဘဲ ထိုကုမ္ပဏီ၌ လုပ်ကိုင်လာခဲ့သည်။ သို့သော် နှစ်အနည်းငယ်ကစပြီး သူမ၏အလုပ်ရှင်သည် အမျိုးသားရေးလှုံ့ဆော်ချက်နှင့် ဇိုင်နိချိတို့အပေါ် စော်ကားချက်များ ပါဝင်သည့် အိမ်တွင်းထုတ် လက်ကမ်းစာစောင်မိတ္တူများကို ဖြန့်ဝေခဲ့သည်။ ထိုစာများထဲ၌ သူတို့ကို လူလိမ်များဟု သမုတ်ပြီး မုန်းတီးကြောင်းပြသထားသည်။ ၎င်းအပြင် အခွန်ရှောင်သူများ ဟူ၍လည်း စွပ်စွဲထားသည်ဟု သူမက ပြောပြ၏။
ထိုအမျိုးသမီးသည် ဂျပန်နိုင်ငံ၏ အလုပ်သမားရေးရာဗဟိုဦးစီးအဖွဲ့ချုပ်သို့ သွားရောက်တိုင်ကြားသည်။ သို့သော် အဆိုပါပြောကြားချက်များမှာ လွတ်လပ်စွာဖော်ထုတ်ခွင့် ခေါင်းစဉ်အောက်မှ အကာအကွယ်ရရှိနေကြောင်း သူမအား ပြောပြခဲ့သည်။ သို့ဖြင့် သူမသည် တရားမစွဲမီ ရှေ့နေတစ်ဦးနှင့် ဆက်သွယ်၍ အဆိုပါစော်ကားချက်များ ရပ်တန့်ပေးရန် ကုမ္ပဏီသို့ စာရေးပေးပို့လိုက်သည်။ ထိုအခါ လျော်ကြေးယူ၍ နှုတ်ထွက်မည်လော၊ သို့မဟုတ် မည်သည့်သဘောထားမှမပြသဘဲ အလုပ်ဆက်လုပ်မည်လော ဟူ၍ သူမကို ရွေးချယ်ခိုင်းပါတော့သည်။ ၎င်းအစား သူမက ကုမ္ပဏီနှင့်ဥက္ကဋ္ဌကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေမှုဖြင့် သြဂုတ်လတွင် တရားစွဲပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၂၇၅၀၀၀ တောင်းဆိုလိုက်လေသည်။ ဖူဂျီ ကော်ပိုရေးရှင်းကလည်း ၎င်း၏၀က်ဘ်ဆိုဒ်တွင် သူမ၏ အဆိုပါတိုင်ကြားချက်များမှာ အခြေအမြစ်မရှိဟု ရေးသားထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ်ထုတ် “What Is Hate Speech” စာအုပ်ရေးသားသူနှင့် လူ့အခွင့်အရေးရှေ့နေ ယာဆူကို မိုရူကာ၏အဆိုအရ ၎င်းတရားစွဲဆိုချက်များသည် အလားတူ ခွဲခြားမှုမျိုး အမှန်ရှိနေကြောင်း သက်သေဖြစ်ပြီး အမုန်းတရားဆန့်ကျင်ရေး ဥပဒေပြဋ္ဌာန်းနိုင်အောင် တွန်းအားတစ်ရပ် ဖြစ်စေနိုင်ပေသည်။ “ဂျပန်မှာနေထိုင်ကြတဲ့ ကိုးရီးယားလူမျိုးအားလုံးနီးပါးဟာ ခွဲခြားချိုးနှိမ်မှုကို တွေ့ကြုံခံစားဖူးကြပါတယ်။ အမုန်းတရားအမုန်းစကားတွေက အသစ်အဆန်းကိစ္စတော့ မဟုတ်ပါဘူး” ဟု မကြာသေးမီ ပြုလုပ်သော အင်တာဗျူးတစ်ခု၌ သူမက ပြောကြားသည်။
“ကျောင်းပညာရေးစနစ်ထဲမှာ အမုန်းတရားတွေကို ဖယ်ရှားပစ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ပဒေသရာဇ်ခေတ်၊ နယ်ချဲ့ခေတ်၊ စစ်ပြီးခေတ် တစ်လျှောက်လုံး ဂျပန်နိုင်ငံရဲ့ဥပဒေစနစ်ထဲမှာ အမုန်းတရားကို ထည့်သွင်းထားပြီး ဂျပန်နေကိုးရီးယားလူမျိုးတွေအပေါ် ဂျပန်အစိုးရက ခွဲခြားချိုးနှိမ်လာခဲ့ကြတာ ဒီနေ့ထိပါပဲ”။
ဇိုင်တိုကုကိုင်း၏ လှုံ့ဆော်ချက်များကဲ့သို့ ကိုးရီးယားလူမျိုးများအား အမြင်စောင်းမှုမှာ ဂျပန်၏သမိုင်းနှင့်ချီ၍ လူနည်းစုဝင်များအပေါ် ရှိခဲ့သည်။ ၂၀ ရာစုကာလအများစု၌လည်း ဂျပန်တွင် ကိုးရီးယားဆန့်ကျင်ရေး လှုပ်ရှားမှုများ ပျံ့နှံ့ကာ အစိုးရပေါ်လစီအပေါ်လည်း သက်ရောက်ခဲ့သည်။
သို့သော်လည်း အာဏာပိုင်များဖက်မှ အပြုသဘောဆောင် ချဉ်းကပ်ဖြေရှင်းမည့် လက္ခဏာများ တွေ့လာရပေသည်။ ဇူလိုင်လနှင့် မေလက နိုင်ငံတော်အစိုးရသည် အမုန်းတရားများနှင့်ပတ်သက်၍ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ဆောင်ရွက်ခဲ့သည်။ သို့ဖြင့် အိုဆာကာသည် ဂျပန်နိုင်ငံတွင် အမုန်းတရားဟန့်တားရေးဥပဒေကြမ်းတင်သွင်းသည့် ပထမဆုံးမြို့ဖြစ်လာသည်။ ၎င်းရက်သတ္တပတ်မှာပင် လွှတ်တော်အမတ်အုပ်စုတစ်စုကလည်း အစွန်းရောက်လူမျိုးရေးဝါဒနှင့် အမုန်းတရားဖြန့်ချိမှုဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းခဲ့ကြသည်။ အဆိုပါ မူကြမ်းနှစ်ရပ်စလုံး ရွှေ့ဆိုင်းခံလိုက်ရသည်။
သို့သော် ဂျပန်နိုင်ငံ၏အမုန်းတရားဆန့်ကျင်ရေးလှုပ်ရှားမှုနောက်ကွယ်မှ နောက်ထပ်အားကောင်းသောလက္ခဏာတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတစ်ဝှန်းရှိ ဒေသခံအာဏာပိုင် ၁၀၀ ကျော်တို့က အမုန်းတရားဖြန့်ချိမှုကို တရားဝင်ရှုတ်ချခဲ့ကြပြီး ယင်းသို့ ကန့်ကွက်ရှုတ်ချမှုကိုလည်း လူထုအကြား မြှင့်တင်သွားတော့မည်ဖြစ်ပေသည်။
“ခုချိန်မှာ ကျွန်မတို့ အမုန်းတရားအမုန်းစကားတွေကို ရပ်တန့်အောင် လုပ်ရပါတော့မယ်။ ဒါမှ ကျွန်မတို့ရဲ့သမိုင်း နောက်ကြောင်းပြန်မလှည့်မှာလေ” ဟု မိုရူကာ မှ ဆိုသည်။
Ref : Al Jazeera America
(Daniel Krieger ၏ Japan combats rise in hate speech ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments