News @ M-Media

ဂွါဒီယိုလာ၏ ဘိုင်ယန်အနာဂတ် လာမည့်တစ်ပတ်တွင် သိရမည်

ဒီဇင်ဘာ ၁၆၊ ၂၀၁၅
M-Media

byern

– ကောလဟာလများ ထွက်ပေါ်နေသည့် မိမိ၏ အနာဂတ်အတွက် လာမည့်တစ်ပတ်တွင် ထုတ်ဖော်ပြောဆိုသွားမည်ဟု ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

အသက် ၄၄ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂွါဒီယိုလာ၏ ဘိုင်ယန်နှင့် စာချုပ်သက်တမ်းမှာ ယခုရာသီကုန်လျှင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူနှင့် မန်စီးတီးတို့အပါအ၀င် အသင်းကြီးများက ခေါ်ယူရန် ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

“ဒီည ကျွန်တော် အဖြေပေးမှာမဟုတ်ပါဘူး။ နောက်တစ်ပတ်မှာတော့ ခင်ဗျားတို့ အဖြေသိမှာပါ။ နောက်တစ်ပတ်မှာ ရှင်းရှင်းလင်းလင်း သိရမှာပါ” ဟု ယမန်နေ့က ပြည်တွင်းရှုံးထွက်ဖလားတွင် Darmstadt အသင်းအား အနိုင်ရခဲ့သည့်ပွဲအပြီးနောက် မီဒီယာများနှင့် တွေ့ဆုံမှုအတွင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ဘာစီလိုနာတွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သည့် ဂွါဒီယိုလာမှာ ၂၀၁၃ ခုနှစ်က ဘိုင်ယန်သို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါ ၂ ကြိမ်၊ ပြည်တွင်းရှုံးထွက်ဖလား၊ ကမ္ဘာ့ကလပ်ချန်ပီယံနှင့် ယူအီးအက်ဖ်အေ စူပါဖလား တစ်ကြိမ်စီ ရယူပေးထားသည်။

Ref: Goal

Comments

Leave a Reply