6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၈၊ ၂၀၁၅
M-Media

drone

– ပျားပန်းခတ်မှ စည်းကားလှသည့် ရန်ကုန်မြို့ရှိ ဈေးတစ်ခု၏ နောက်တွင်ရှိသော ယိုင်နဲ့နဲ့ဝပ်ရှော့တစ်ခုတွင် ကြည်သာတစ်ယောက် အိမ်တွင်းလုပ် ဒရုန်းလေယာဉ်၏ ပလက်စတစ်ပန်ကာကို ပြင်ဆင်နေသည်။

စစ်အာဏာရှင်အောက် နှစ်ပေါင်းများစွာနေခဲ့ရကာ ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားဖြစ်နေခြင်းက မြန်မာနိုင်ငံကို အင်ဂျင်နီယာပညာရှင်များ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် ထိတွေ့မှု ဆုံးရှုံးစေခဲ့ပြီးနောက် ဖန်တီးနိုင်စွမ်းရှိကြသည့် လူငယ်တီထွင်သူများမှာ ကျန်ကမ္ဘာကြီးကို အမှီလိုက်ရန်အတွက် အင်တာနက်ဆီသို့ လှည့်လာကြလေသည်။

“မြန်မာနိုင်ငံမှာ ဒရုန်းနည်းပညာကို လေ့လာတယ်ဆိုတာ မလွယ်ပါဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး YouTube မှာ ကျွန်တော်တို့ ဗီဒီယိုတွေကြည့်ပါတယ်” ဟု ကြည်သာက ပြောကြားခဲ့သည်။ ကွန်နက်ရှင်ဆိုးရွားလွန်းသည်ဟု နာမည်ကြီးသည့် မြန်မာနိုင်ငံ၏ အင်တာနက်လိုင်းကို သည်းခံစိတ်ရှည်ကာ ပညာရရှိရန်အတွက် ထိုဗီဒီယိုများအား လပေါင်းများစွာ ကြည့်ရှုခဲ့ရသည်ဟု ၎င်းက ၀န်ခံခဲ့လေသည်။

“ပထမတော့ ကျွန်တော်တို့ ဘာအောင်မြင်မှုမှမရဘူးဗျ၊ ဒါပေမယ့် တစ်နှစ်လောက် စမ်းသပ်လုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ တော်တော်လေးလုပ်နိုင်လာတယ်”

အသက် ၂၆ နှစ်အရွယ်ကြည်သာနှင့် ၎င်း၏ အသက် ၃၀ အရွယ် ညီအစ်ကိုဝမ်းကွဲ သက်ဆန်းတို့က ရိုးရိုးယဉ်ယဉ် သစ်သားအိမ်လေးကို ၎င်းတို့၏ အင်ဂျင်နီယာနှင့် နည်းပညာစီးပွားရေးဗဟိုချက် “မြန်မာ့အနာဂတ်သိပ္ပံ” အဖြစ် အသွင်ပြောင်းခဲ့လေသည်။

နောက်ဖေးမြေကွက်လပ်တွင်ရှိသည့် အလုပ်လုပ်သည့်ခုံတွင်တော့ ၀က်အူများ၊ အလူမီနီယံအချောင်းများ၊ လေယာဉ်ငယ်ကိုယ်ထည်များ ဗရပွဖြစ်နေခြင်းက တက်ကြွသော တီထွင်ဆန်းသစ်မှု၏ လက္ခဏာများ ဖြစ်လေသည်။

၎င်းတို့၏ အလုပ်က အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ၀န်ဆောင်မှုပေးခြင်းဖြင့် ၀င်ငွေရှာသည့်အလုပ်ဖြစ်သည်။ ၎င်းတို့ပေးသည့် ၀န်ဆောင်မှုများကတော့ မြေပုံလမ်းကြောင်းရှာခြင်း၊ စိုက်ပျိုးရေးလုပ်မည့်ဒေသများအား ဆန်းစစ်လေ့လာခြင်းတို့ကို ဒရုန်းများ၊ အဝေးထိန်းလေယာဉ်ငယ်များကို အသုံးပြု၍ ဆောင်ရွက်ပေးခြင်းဖြစ်လေသည်။

သို့သော်လည်း ၎င်းတို့၏ ပြင်းပြသော ဆန္ဒနှင့် အားထုတ်မှုက အောင်မြင်လာဖွယ်ရှိနေသည့် တီထွင်ကြံဆသူများအတွက် နည်းပညာကမ္ဘာကြီးကို ဖွင့်ပေးနေခြင်းလည်း ဖြစ်သည်။ မော်တာငယ်လေးများ၊ ပန်ကန်များ၊ ဒရုန်းပလက်စတစ်ကိုယ်ထည်များ၊ လေယာဉ်ငယ်များ၊ အဝေးထိန်းကားငယ်များ တင်ထားသည့် ဆိုင်ငယ်လေးတစ်ခုလည်း ၎င်းတို့၏ ခြံထဲတွင်ရှိနေသည်။

နောက်ဆုံးပေါ်နည်းပညာ တိုးတက်မှုများအား လိုက်မီရန်အတွက် မြန်မာလူငယ်များက စိတ်အားထက်သန်ကြသည်။ သို့သော်လည်း ဆယ်စုနှစ်ချီကြားခဲ့သည့် အာဏာရှင်၏ အမွေဆိုးဖြစ်သော ငွေကြေးချို့တဲ့မှုကြောင့် တစ်ခါတစ်ရံတွင် လိုက်မမီနိုင်ကြ။

အဆင်သင့်အသုံးပြုနိုင်သည့် ဒရုန်းလေယာဉ်တစ်စီး၏ တန်ဖိုးက မြန်မာကျပ်ငွေ ၃ သိန်း(ကန်ဒေါ်လာ ၂၃၀ ၀န်းကျင်) အထိရှိပြီး ကမ္ဘာ့ဘဏ်က ပြည်သူတစ်ဦးလျှင် တစ်နစ်ပျမ်းမျ ၀င်ငွေ ကန်ဒေါ်လာ ၁၂၇၀ သာ ရှိသည်ဟု တွက်ချက်သတ်မှတ်ထားသည့် မြန်မာနိုင်ငံမှ လူငယ်အများစု တတ်နိုင်သည့်ပမာဏထက် ပိုများနေသည်။

သို့သော်လည်း ကွက်ကျော်မြင်ကြသည့် စီးပွားရေးသမားများက ဒရုန်းတည်ဆောက်ရာတွင် ကော်များအသုံးပြုခြင်း၊ ဈေးပေါသော အင်ဂျင်အစိတ်အပိုင်းများ အသုံးပြုခြင်းအားဖြင့် ကန် ၁၀ ဒေါ်လာလောက်အထိ ကုန်ကျစားရိတ်လျော့ချနိုင်သည့် တီထွင်ကြံဆ နည်းလမ်းများကို မီခိုနေလေသည်။

“ဒါက ကျွန်တော်တို့ရဲ့ဝါသနာပါ။ ဒီအစိတ်အပိုင်းတွေနဲ့ ပစ္စည်းပစ္စယာတွေဖန်တီးဖို့ ကျွန်တော်တို့ ရူးသွပ်ကြပါတယ်။ မြန်မာနိုင်ငံက အခြားသော ကျောင်းသားလူငယ်တွေကလည်း ဒီလိုပါပဲ” ဟု အစိတ်အပိုင်းအများစုကို တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြည်သာက ဆိုလေသည်။

လွတ်လပ်စွာ ပျံသန်းမယ်

ဒရုန်းလေယာဉ်များမှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာနေရာများမှ ဆန္ဒပြမှုများအထိ ဝေဟင်မှရိုက်ကူးရေးကို ဆောင်ရွက်ရန် ဓာတ်ပုံနှင့် ဗီဒီယိုသမားများ၏ ရွေးချယ်စရာပစ္စည်းတစ်ခု ဖြစ်နေသည်။

သြစတေးလျတွင်တော့ ရေကူးသမားများ ငါးမန်းကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ငါးမန်းများကို ခြေရာခံရာတွင် ဒရုန်းလေယာဉ်များကို စတင်အသုံးပြုနေကြပြီဖြစ်သည်။ Amazon ကတော့ ၎င်းတို့ရောင်းချသည့် ပစ္စည်းများ ပေးပို့ရာတွင် ဒရုန်းများကို အသုံးပြုချင်နေကြသည်။ သို့သော်လည်း ဒရုန်းများကို လူကြိုက်များမှုက လုံခြုံရေးအရ စိုးရိမ်းရမှုကို ဖြစ်စေလေသည်။

ပြီးခဲ့သည့်စက်တင်ဘာလက ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒရုန်းလေယာဉ်တစ်စီး ပျက်ကျခဲ့သောကြောင့် ပွဲအား ရပ်နားခဲ့ရသည်။ ထိုအဖြစ်အပျက်က ဒရုန်းများအား မှတ်ပုံတင်အသုံးပြုရန် သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံတွင် ဒရုန်းနှင့်ပတ်သက်သည့် နောက်ဆုံးအဖြစ်အပျက် ဖြစ်သည်။

ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှနိုင်ငံမျးတွင်လည်း ဒရုန်းအသုံးပြုခြင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည်။ သို့သော်လည်း ခေတ်စားလာသည်မှာ မကြာသေးသည့် ဒရုန်းများနှင့်ပတ်သက်၍ နိုင်ငံအများစုကတော့ ယခုအချိန်အထိ မည်သည့်သတ်မှတ်ချက်မျိုးမှ မရှိသေး။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ထိုလေယာဉ်ငယ်များကို တရားဥပဒေဖြင့် ကန့်သတ်ထားခြင်းမျိုးမရှိ။ အာဏာပိုင်များကမူ စည်းကမ်းထုတ်ရန်အတွက် အချိန်ယူ၍ သေချာစဉ်းစားရမည်ဟု ယုံကြည်နေသည်။

စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် စိတ်ဝင်စားသူအဖွဲ့များက ၎င်းတို့၏ ဒရုန်းများကို ယူဆောင်ကာ ရန်ကုန်မြို့တွင်းနှင့် မြို့ပြင် လူရှင်းသည့် စက်မှုဇုန်များတွင် မောင်းနှင်ကြလေသည်။

ရန်ကုန်မြို့ရှိ ကြည်ညိုဖွယ်ကောင်းသည့် ရွှေတိဂုံစေတီတော်အနီး ပန်းခြံတစ်ခုတွင် ၎င်း၏ ဒရုန်းလေယာဉ်အသစ်ကို ပျံဝဲမောင်းနှင်နေသည့် အိုင်တီဝန်ထမ်းတစ်ဦးက ဒရုန်းအသုံးပြုမှုကို ပုံမှန်လိုလို ကန့်ကွက်ခံရသည့်အကြောင်းအရင်းမှာ လုံခြုံရေးစိုးရိမ်မှုကြောင်ပင့်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော့်ရဲ့ဒရုန်းကနေ ရိုက်ကူးပြီး မြန်မာနိုင်ငံရဲ့ လှပတဲ့ မြင်ကွင်းတွေကို ချပြချင်ပါတယ်။ ဒရုန်းကနေရိုက်ကူးတဲ့ ပုံရိပ်တွေကို ပြည်သူတွေက နှစ်သက်ကြပါတယ်။ လှလည်းလှတာကိုး။ ကျွန်တော့် ဒရုန်းလေး ပျံနေရင် ကျွန်တော် ကြည်နူးမိတယ်ဗျ၊ အရမ်းလည်းပျော်တယ်” ဟု အမည်ပြောင် အီသန်ဟုခေါ်သည့် လူငယ်တစ်ဦးက ပြောကြားခဲ့လေသည်။

ကန့်သတ်ချက်

မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင်ရှိပြီး လေယာဉ်ပုံစံ ဆောက်လုပ်ထားသော မြန်မာလေကြောင်းအင်ဂျင်နီယာတက္ကသိုလ်တွင် သုတေသနပညာရှင်များမှာ သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဒရုန်းနည်းပညာကို အသုံးပြုနေကြသည်။

ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလထိ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခဲ့မှုများကို ဆန်းစစ်ရန်အတွက် ထိုတက္ကသိုလ်က ဒရုန်းလေယာဉ်များဖြင့် စစ်တမ်းကောက်ယူခဲ့သည်။ ထိုသဘာဝဘေးအန္တရာယ်က လူပေါင်း ၁.၆ သန်းခန့်ကို ထိခိုက်ခဲ့လေသည်။

“တားဆီးဖိုးနဲ့ ပျက်ဆီးမှုကို တိုင်းတာဖို့အတွက် ဒရုန်းကရိုက်ကူးတဲ့ ဓာတ်ပုံတွေဟာ တော်တော်လေး အသုံးဝင်ပါတယ်” ဟု တက္ကသိုလ်၏ မောင်းသူမဲ့ယာဉ်များဌာန အကြီးအကဲ သဲမောင်မောင်က ပြောကြားခဲ့သည်။

၎င်းတို့ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုက အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့်ပမာဏကို သိရှိရန်၊ မြစ်ရေတိုက်စားခံခဲ့ရသည့် နေရာများအား မှတ်သားရန်နှင့် ကယ်ဆယ်ရေးစခန်းများအတွက် အကောင်းဆုံးနေရာများကို သတ်မှတ်ရန်အတွက် ရည်ရွယ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

၎င်း၏ ဌာနကသစ်က နိုင်ငံရပ်ခြားမှ နည်းပညာ တိုးတက်မှုများကို လိုက်မှီရန်အတွက် ကြိုးပမ်းနေသည်။ သို့သော်လည်း ထိုသို့ကြိုးပမ်းမှုက ရန်ပုံငွေနည်းပါးမှု၊ နှစ်ပေါင်းများစွာ လစ်လျူရှုခံရမှုတို့ကြောင့် နိမ့်ကြနေသည့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင်း ထူးခြားမှုများဖြစ်လာစေရန် ရည်ရွယ်ခြင်းမဟုတ်။

သဲမောင်မောင်ကတော့ ကြည်သာနှင့် ၎င်း၏ဖန်တီးမှုအား ၀ယ်ယူအားပေးသူမျာကဲ့သို့ နည်းပညာတွင် စိတ်ဝင်စားသူများက ကျန်ကမ္ဘာကြီးအား အမှီလိုက်ရေးတွင် မြန်မာနိုင်ငံအား ကူညီနိုင်မည်ဟု ပြောကြားခဲ့သည်။

“နည်းပညာစိတ်ဝင်စားတဲ့လူငယ်တွေကို ကျွန်တော်တို့က တိုက်တွန်းအားပေးဖို့လိုပါတယ်။ ဒါမှသာ ကျွန်တို့ဟာ ဆက်လက်တိုးတက်နိုင်မှာပါ” ဟု သဲမောင်မောင်က ပြောကြားခဲ့လေသည်။

(AFP သတင်းဌာနမှ ဖော်ပြသည့် Soaring aspirations of Myanmar’s drone enthusiasts ဆောင်းပါးကို လေးမောင်မှ ဆီလျောအောင် ဘာသာပြန်ဆိုသည်။)

Leave a Reply