ဒီဇင်ဘာ ၂၆၊ ၂၀၁၅
M-Media
– မည်သည့်မြေအမျိုးအစားတွင်မဆို လူတစ်ဦးတင်ဆောင်နိုင်ပြီး အဝေးသို့ သယ်ဆောင်ပျံသန်းနိုင်သော Hoverboard အသစ်တစ်မျိုးကို အီတလီရှိ Arca Space ကုမ္ပဏီက တီထွင်လိုက်ပြီ ဖြစ်သည်။
အဆိုပါ Hoverboard မှာ နည်းပညာအသစ်ထည့်သွင်းထားပြီး ဒေါ်လာ ၂၀၀၀၀ ၀န်းကျင်ရှိမည့် တန်ဖိုးမြင့် ပစ္စည်းတစ်ခုဖြစ်သည်။ ကုမ္ပဏီကမူ ထို Hoverboard မှာ မြေပြင်မှ ပျံတက်ရန်အတွက် အောက်ပိုင်းတွင် ပန်ကာ ၃၆ လုံးတပ်ဆင်ထားသောကြောင့် မျက်နှာပြင်ကို ကြီးကြီးမားမား ဖန်တီးထားသည်ဟု ဆိုသည်။
သို့သော်လည်း ဘက်ထရီမှာ ၆ မိနစ်သာ ခံမည်ဖြစ်သောကြာင့် အဆိုပါ Hoverboard အတွက် ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျမည်ကို စိတ်ပျက်သူများလည်း ရှိနေသည်။
ဘက်ထရီတာရှည်မခံရခြင်းမှာ ဘုတ်ပျံသန်းရန်အတွက် မြင်းကောင်ရေ ၂၇၂ ကောင်အားကို ထောက်ပံ့ပေးထားရခြင်းကြောင့်ဖြစ်သည် ဟုဆိုသည်။ သို့သော် ၎င်းစက်ကရိယာအား ပြန်လည်အားသွင်းရန် ၆ နာရီကြာ အချိန်ယူရဦးမည် ဖြစ်သည်။ ဘက်ထရီကို ၃၅ မိနစ်အတွင်း အမြန်သွင်းနိုင်မည့် အကူပစ္စည်းကို ဒေါ်လာ ၄၅၀၀ ဖြင့် ထပ်မံဝယ်ယူနိုင်မည်ဖြစ်သည်။
အဆိုပါဘုတ်သည် ပုံစံနှစ်မျိုးဖြင့် ရောက်ရှိလာပြီး တစ်မျိုးမှာ ၁၁၀ ကီလိုဂရမ်ကိုယ်အလေးချိန်အတွက် သုံးမိနစ်ကြာပျံသန်းနိုင်မည်ဖြစ်ကာ နောက်ထပ်တစ်မျိုးမှာ ၈၀ ကီလိုဂရမ်ကိုယ်အလေးချိန်အတွက် ၆ မိနစ်ကြာပျံသန်းနိုင်မည်ဖြစ်သည်။
ဤသယ်ယူပို့ဆောင်ရေး ယာဉ်သစ်မှာ တစ်နာရီ ကီလိုမီတာ ၂၀ နှုန်း အမြင့်ဆုံးမောင်းနှင်နိုင်မည်ဖြစ်ပြီး ထိန်းချုပ်မောင်းနှင်ရန် စမတ်ဖုန်းတစ်လုံး လိုအပ်မည်ဖြစ်သည်။ ထိန်းချုပ်ရေးစနစ်ကို ပိတ်ထားပါက ဘုတ်ပြားကို စီးနင်းသူ၏ ဗဟိုမြေဆွဲအားပေါ်မူတည်ကာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
၎င်းဘုတ်ပြားကို အာကာသယာဉ်သုံးအဆင့်ရှိ သတ္တုစပ်ပစ္စည်းဖြင့်ပြုလုပ်ထားပြီး ၈၀ ကီလိုဂရမ် အလေးချိန်ရှိကာ လာမည့်နှစ် ဧပြီတွင် စတင်ရောင်းချမည်ဖြစ်သည်။
Ref: RT
Comments