ဒီဇင်ဘာ ၂၈၊ ၂၀၁၅
M-Media
– ဘ၀ကံကြမ္မာကို ပြောင်းလဲနိုင်မည့် ကျောက်စိမ်းတုံးလေးများ တွေ့လိုတွေ့ညား ရှာဖွေရင်းဖြင့် မြန်မာနိုင်ငံမှ ပြည်သူများမှာ အသုံးမတည့်သည့် မြေစာပုံများအကြားတွင် အသက်ပျောက်ကြရသည်။
နိုဝင်ဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် မြေစာပုံပြိုကြမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ နောက်တစ်နေ့မနက်တွင်တော့ မြေစာပုံများအောက်မှ အလောင်းပေါင်းများစွာ ဆွဲထုတ်ခဲ့ရလေသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့တွင်လည်း ထိုဒေသ၌ပင် မြေစာပုံပြိုကျမှုကြောင့် ဒါဇင်နှင့်ချီသော လူများ သေဆုံးမည့် အန္တရာယ် ရှိနေလေသည်။ ရုတ်တစ်ရတ်ဖြစ်ပွားသော အဆိုပါ ဖြစ်ရပ်ဆိုးကြီးများက မြန်မာနိုင်ငံရှိ ကြောက်စရာကောင်းပြီး ခြစားမှုပြည့်နေသည့် ကျောက်စိမ်းလုပ်ငန်းအား ကမ္ဘာတစ်ဝှမ်းမှ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့သည်။
မြန်မာနိုင်ငံရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများမှာ အာရှတစ်ဝှမ်းလုံးတွင် စိတ်ပျက်စရာအကောင်းဆုံး နေရာများထဲမှ တစ်ခုဖြစ်လေသည်။ ထိုဒေသများတွင် သေခြင်းတရား မင်းမူနေပြီး၊ ဥပဒေမဲ့မှုက မြင်မကောင်းအောင်ဖြစ်နေသည်။ ထိုအကြောင်းကြောင့်ပင် အစိုးရက ပြင်ပမှလူများကို ထိုနေရာသို့ လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။
မြေစာပုံပြိုကျမှုများက ကချင်ပြည်နယ်မှ ဖုန်ထူပြီး သီးသန့်ဖြစ်နေသော ဖားကန့်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တစ်ချိန်က စိမ်းစိုခဲ့သော တောင်တန်းများမှာ ယနေ့တွင်တော့ အ၀ိစိချောက်နက်ကြီး ဖြစ်နေလေသည်။ အကျယ်က ဘောလုံးကွင်းကြီးများလောက် ရှိနေပြီး လကမ္ဘာမှ ချိုင့်ခွက်ကြီးများနှင့် တူနေသည်။ ကျောက်စိမ်းအတိုအစကလေးများ ရရှိမလားဟူသော မျှော်လင့်ချက်ဖြင့် ထိုတွင်းနက်ကြီးများသို့ ဆင်းရှာကြသူများလည်း နေ့စဉ် ရှိကြလေသည်။
ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို စစ်တပ်မှ ထိပ်သီးပုဂ္ဂိုလ်များ၊ ၎င်းတို့နှင့် ပတ်သက်သက်သူများက လွှမ်းမိုးချုပ်ကိုင်ထားကြပြီး ၎င်းတို့၏ ကုမ္ပဏီများက ကျောက်စိမ်းများကို ဧရာမစက်ကြီးများသုံးကာ တူးဖော် ထုတ်ယူနေကြသည်။
ကျောက်စိမ်းလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်က ကြောက်စရာပင်ဖြစ်၏။ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရရှိခဲ့သည်ဟု အကျိုးအမြတ်မယူသည့် Global Witness အဖွဲ့၏ စုံစမ်းဖော်ထုတ်မှုများအရ သိရသည်။ ထိုအဖွဲ့က ဖားကန့်ကို “စိတ်ဆင်းရဲစရာ စွန့်ပစ်မြေ” ဟု ကင်ပွန်းတပ်ခဲ့သည်။
ကျောက်စိမ်းမှာ မြန်မာနိုင်ငံအတွက် သဘာဝကပေးသော ဆုလာဘ်ဖြစ်သော်လည်း လူတစ်စုက မဟားဒယား အကျိုးခံစားနေသည်။ မဖြစ်စလောက်သော ပမာဏကသာ တိုင်းပြည်ရှိ ပျက်ဆီးယိုယွင်းနေသော လမ်းများ၊ ဆေးရုံများနှင့် ကျောင်းများအား ပြင်ဆင်မှုဘက်သို့ ရောက်ရှိလေသည်။ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ခြေညှပ်ဖိနပ်စီးကာ ကျောက်တွင်းတူးရသည့် အလုပ်သမားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသုံးပြုမှုမှာ မရှိသလောက်ပင်ရှား၏။
စစ်တပ်နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများက ကျောက်စိမ်းမှရရှိသော အကျိုးအမြတ်များကို အငမ်းမရဖြစ်နေချိန်တွင် ထိုစီးပွားရေးက ဘ၀မျှော်လင့်ချက်ကင်းမဲ့နေသည့် အမျိုးသားနှင့် အမျိုးသမီးများကို ကျောက်စိမ်းတွင်း၏ အနားသို့ ရောက်ရှိအောင် ဆွဲခေါ်နေလသည်။ ၎င်းတို့မှာ စက်ကြီးများနှင့် တူးဖော်ပြီး ကျန်ခဲ့သော မြေများတွင် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းလိုက်ရှာသူများ ဖြစ်သည်။
မြေစာပုံပြိုကျမှုဒဏ်ကို ခံရသူများတွင် အများစုမှာလည်း ၎င်းတို့ပင်ဖြစ်သည်။ ထိုကဲ့သို့ ကျောက်စိမ်းရှာဖွေမှုမှာ တရားမ၀င်။ ကျောက်စိမ်းတူဖော်မည့်မြေနေရာနှင့် တူးဆွပြီနောက် ကျန်ခဲ့သော မြေစာပုံများအား ပိုင်ဆိုင်ခွင့်မှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီများတွင်ပင် ရှိသည်။ သို့သော်လည်း ပြည်သူအများစုက တစ်နေ့လျှင် ကန် ၂ ဒေါ်လာအောက်ဖြင့်သာ အသက်ရှင်နေထိုင်ရသည့် မြန်မာနိုင်ငံတွင် ကျောက်စိမ်းကုမ္ပဏီများက မတွေ့၍ ကျန်ခဲ့သော ကျောက်စိမ်းတုံးလေးများကို လိုက်ရှာရန်အတွက် မြေစာပုံပြိုကျမှု၊ လုံခြုံရေးအစောင့်များ၏ ရိုက်နှက်မှု စသည့်အန္တရာယ်များကို အရဲစွန့်ရင်ဆိုင်ခြင်းမှာ ထိုက်တန်သည်ဟု အချို့က ယုံကြည်နေကြလေသည်။
“ခင်ဗျားကို မီလီယံနာဖြစ်စေနိုင်တဲ့ ကျောက်တုံးလား၊ ဘာမှအဖိုးမတန်တဲ့ ကျောက်တုံးလားဆိုတာ အပြင်ကနေကြည့်ရင် ခွဲခြားမသိနိုင်ဘူးလေ” ဟု ကျောက်တူးသမားတစ်ဦးဖြစ်သူ မျိုးအောင်က GlobalPost သို့ ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့သည်။
“အဲဒီကျောက်တုံးကို စုတ်ပျက်နေတဲ့ ကောင်မလေးတစ်ယောက်လို သဘောထားကြည့်ပေါ့ဗျာ။ သူက ရေလည်းမချိုးဘူး၊ အလှလည်းမပြင်ဘူး။ တကယ်လို့ ကိုယ်ထူကိုယ်ထ ကျောက်တူးသမားတစ်ယောက်ဟာ အဲလိုကျောက်တုံးမျိုးကို အရောင်တင်ပြီး သွားရောင်းနိုင်တယ်လေ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး ၀င်ငွေမှာ ဘ၀တစ်ခုလုံး ပြောင်းလဲသွားနိုင်သည်ဟု ဆိုသည်။
ကန်ဒေါ်လာ ၃ သောင်းနှင့်အထက် တန်ကြေးရှိမည့် ကျောက်စိမ်းတုံးလေးများ တွေ့မလားဟူသော ထိုမျှော်လင့်ချက်က ကျောက်စိမ်းတွင်း၏ ဆင်ခြေဖုံးဒေသများသို့ ကိုယ်ထူကိုယ်ထ ကျောက်တူးသမားများကို ရောက်ရှိစေခဲ့သည်။ ထိုသူများက ၎င်းတို့ အဓိကရှာဖွေမည့်နေရာများနှင့် မလှမ်းမကမ်းတွင် တဲများထိုးကာ နေထိုင်ကြသည်။
စခန်းငယ်လေးပုံစံမျိုးဖြစ်နေသည့် ၎င်းတို့၏တဲများက ပေ ၅၀၀၀ မြင့်သည့် မြေစာပုံကြီး၏ အရိပ်အောက်တွင် ရှိနေလေသည်။ ပြီးခဲ့သည့်စနေနေ့ အာရုဏ်တက်ချိန် ထိုမြေစာပုံကြီး ပြိုကျသည့်အချိန်တွင်တော့ ၎င်းတို့အားလုံးလည်း နစ်မြုပ်ကုန်ကြလေသည်။ ကျောက်တူးသမားအများစုမှာ အိပ်နေရင်းပင် သေဆုံးသွားခဲ့ကြသည်။
အဆိုပါ စခန်းချရာနေရာများက ဆင်းရဲသားများ နေထိုင်သည့် ရပ်ကွက်ကဲ့သို့ဖြစ်သည်ဟု Reuters မှ ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံ ကျောက်တူးသမားတစ်ဦးက ပြောလေသည်။ နိုင်ငံတော်ပိုင် သတင်းစာကတော့ အဆိုပါ ကျောက်တူးသမားများကို ယခင်က နေရာရွှေ့ပြောင်းရန် သတိပေးပြီးဖြစ်သည်ဟု ဆိုသည်။
ဖားကန့်ဒေသအား နိုင်ငံခြားသားအားလုံးနီးပါး မ၀င်ရသည့် နယ်မြေအဖြစ် စစ်တပ်က သတ်မှတ်ထားသောကြောင့် အချက်အလက်အသေးစိတ်ကို ရရှိရန်မှာ ခက်ခဲလေသည်။ (ချွင်းချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဝယ်လာဘ်ဖြစ်သည့် တရုတ်နိုင်ငံမှ အ၀ယ်တော်များကတော့ တံခါးမရှိ ဓားမရှိ ၀င်ရောက်ခွင့်ရလေသည်။)
အဆိုပါဘေးအန္တရာယ်များက လူ့အသက်ကို ဂရုမစိုက်သော ထိုလုပ်ငန်းများကို စစ်တပ်က ဆက်လက်လွှမ်းမိုးထားသည်ဟု သတိပေးနေခြင်းပင်ဖြစ်သည်။
မြန်မာစစ်တပ်၏ ဘဏ္ဍာရေးစက်ကွင်းက ကျောက်စိမ်းလုပ်ငန်း၌ပင် ရှိနေသည်မဟုတ်။ GlobalPost မှ စုံစမ်းခဲ့ပြီး Asia’s Meth Wars အမည်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အာရှ၏ ဒေါ်လာဘီလီယံနှင့်ချီသော စိတ်ကြွဆေး ကုန်သွယ်မှုတွင် အဓိကနေရာမှ ပါဝင်နေသော စစ်တပ်နှင့် ပြည်သူစစ်များအကြား ဆက်နွယ်မှုကို ဖော်ပြထားလေသည်။
၎င်းတို့၏ အဓိကထွက်ကုန်ဖြစ်သော စိတ်ကြွဆေးပြားများမှာ လက်နက်ကိုင်အုပ်စုများရှိရာ တောင်တန်းဒေသများတွင် ပြန့်နှံ့နေသည်။ ကျောက်စိမ်းတူးဖော်သည့် ဒေသများတွင်လည်း ထိုစိတ်ကြွဆေးနှင့် ဘိန်းဖြူတို့က တရားဝင်ပုံစံ ဖြစ်နေပြီး ရဲတပ်ဖွဲ့ကလည်း လစ်လျူရှုထားသည်။
ကျောက်စိမ်းထွက်ရာဒေသနှင့် စိတ်ကြွဆေးထွက်ရှိရာ ဒေသများသို့ ဦးတည်နေသောလမ်းများတွက် စစ်တပ် စစ်ဆေးရေးစခန်းများစွာ ရှိနေခြင်းကလည်း အကြောင်းရှိသည်။
တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံမှာ ဆိုးရွားသော စစ်အာဏာရှင်စနစ်မှာ ပိုမိုလွတ်လပ်သော ဒီမိုကရေစီနိုင်ငံသို့ ပြောင်းလဲတော့မည်ဟု ယူဆနေချိန်တွင် စစ်တပ်က ၎င်းတို့နှင့် ဆက်နွယ်နေသူ လုပ်ငန်းရှင်ကြီးများ ဂုပ်သွေးစုပ် အမြတ်ထုတ်နေကြသော နေရာများအား ပြင်ပမှလူများ ကြည့်ရှုခြင်းကို တားဆီးချင်သောကြောင့်ပင် ဖြစ်လေသည်။
(USA Today မှ ဖော်ပြသည့် Why Myanmar’s massive jade industry is so deadly ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments