ဇန်န၀ါရီ ၂၊ ၂၀၁၆
M-Media
– နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးခဲ့ပြန်ပါပြီ။ နှစ်သစ်ရဲ့ အစကို တစ်ကမ္ဘာလုံးက ပျော်ရွှင်မှုတွေ၊ တက်ကြွမှုတွေနဲ့အတူ မြူးမြူးကြွကြွ ကြိုဆိုခဲ့ကြပေမယ့် အဲဒီပျော်ရွှင်မှုတွေကနေ ၀မ်းနည်းမှုတွေအဖြစ် ပြောင်းလဲသွားတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။
ဖိလစ်ပိုင် အဖြစ်ဆိုး
နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ မီးရှူးမီးပန်း ပစ်ဖောက်ရာကနေ ဖိလစ်ပိုင်မှာ လူပေါင်း ၄၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပိုဆိုးတာကတော့ မြို့တော်မနီလာမှာ အရက်မူးနေတဲ့ အမျိုးသားတစ်ဦးဟာ Goodbye Philippines လို့ခေါ်တဲ့ မီးရှူးမီးပန်းတစ်ခုကို ပစ်ဖောက်ဖို့ကြိုးစားရင်း အဲဒီဒိုင်းနမိုက်အချောင်းက သူ့ရဲ့လက်ပေါ်မှာပဲ ပေါက်ကွဲခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်။
”သူ့ရဲ့ ပါးစောင်တစ်ခုလုံး စုတ်ပြတ်သွားတယ်။ သူက တော်တော်လေးကို မူးနေပြီး Goodbye Philippines မီးပန်းကြီးကို သွားဖက်လိုက်ပါတယ်” လို့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးဖြစ်သူ ဂျနက် ဂါရင်က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ဖြစ်ရပ်ဆိုးတစ်ခုကတော့ မြို့တော်မနီလာက တွန်ဒိုဆိုတဲ့ ဆင်းရဲသားရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။ လမ်းကြောင်းပြောင်းသွားတဲ့ မီးရှူးမီးပန်းတစ်ခုဟာ ရပ်ကွက်အတွင်းက အိမ်ပေါ်ကို ကျသွားရာကနေ အိမ် ၁၀၀၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး မိသားစု ထောင်ပေါင်းများစွာဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒီလိုအဖြစ်အပျက်တွေကြောင့် မီးရှူးမီးပန်း ပစ်ဖောက်မှုကို တားမြစ်ဖို့ အသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပေမယ့် မီးပန်းကထွက်တဲ့ ကျယ်လောင်တဲ့အသံဟာ ကံဆိုးမိုးမှောင်ကျမှုတွေကိုနဲ့ မကောင်းဆိုးဝါးတွေကို ထွက်ပြေး လွင့်ပျောက်စေတယ်ဆိုတဲ့ ရိုးရာယုံကြည်မှုကြောင့် လက်တွေ့မှာတော့ ဖြစ်မလာနိုင်သေးပါဘူး။
ပြင်သစ်ကားမီးလောင်မှု
ပြင်သစ်မှာတော့ နှစ်သစ်ကူးညမှာ အပျော်ကျူးကြရင်း နိုင်ငံတစ်ဝှမ်း ကားပေါင်း ၈၀၀ ကျော်လောက် မီးလောင်ကျွမ်းပျက်ဆီးခဲ့ပါတယ်။ ၂၀၁၅ ကိုကြိုဆိုမှုအတွင်းမှာ ကားပေါင်း ၉၄၀ မီးလောင်ကျွမ်းမှုနဲ့စာရင်တော့ ဒီအရေအတွက်ဟာ နည်းတယ်လို့ ပြောလို့ရပါတယ်။
နှစ်သစ်အကြိုမှာ မူးယစ်ရမ်းကားမှုကြောင့် ဖမ်းဆီးခံရတဲ့ အရေအတွက်ကလည်း မနှစ်ကထက်စာရင် ထက်ဝက်လောက် လျော့ကျသွားပြီး စုစုပေါင်း ၆၂၂ ဦးရှိတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနက် ကာဇန်နျူဗီက ပြောကြားခဲ့ပါတယ်။
ဂျာမနီ၊ အင်ဒိုနဲ့ ရုရှား
ဂျာမနီမှာတော့ နှစ်သစ်ကူးပါတီအတွင်း မီးရှူးမီးပန်း ပစ်ဖောက်ရာကနေ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒက်တဲလ်န်မြို့က ဟိုတယ်တစ်ခုမှာ မီးပန်းဖောက်မှုကို ကြည့်ရှုဖို့ စောင့်ကြည့်နေကြတဲ့ လူအုပ်စုထဲကို မီးပန်း ၀င်သွားတာကြောင့် အခုလို ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကတော့ ခြေထောက်တစ်ဖက် ဖြတ်ပစ်ခဲ့ရတဲ့အထိ အခြေအနေ ဆိုးရွားသွားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ရိုင်အူကျွန်းစုပေါ်က ဘန်ကွန် ပါလာပါမြို့မှာလည်း တော်တော်လေး အင်အားကောင်းတဲ့ မီးရှူးမီးပန်းတွေ အဆက်မပြတ်ပေါက်ကွဲမှုကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ Jakarta Post က ရေးသားဖော်ပြခဲ့ပါတယ်။
မော်စကိုက နှစ်သစ်ကူးညမှာ လူ ၂၅ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါ တယ်။ ဆိုက်ဘေးရီးယားမှာလည်း နှစ်သစ်ကူးသစ်ပင် မီးလောင်ကျွမ်းမှုကြောင့် အသက် ၇ နှစ်အရွယ်နဲ့ ၁ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး သေဆုံးသွားခဲ့ပါတယ်။ သစ်ပင်ပေါ်မှာ ထွန်းထားတဲ့ အလှမီးလုံးကနေ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
ဒူဘိုင်းမိုးမျှော်တိုက်
ဒူဘိုင်းက နာမည်ကျော် နှစ်သစ်ကူပျော်ပွဲရွှင်ပွဲကတော့ ၆၃ ထပ်ရှိတဲ့ ဟော်တယ်တစ်လုံး မီးလောင်မှုနဲ့အတူ ပျက်ဆီးခဲ့ရပါတယ်။ အဲဒီဟိုတယ်ဟာ နှစ်သစ်ကူးမယ့်အချိန် မီးရှူးမီးပန်းပစ်လွှတ်ဖို့ စောင့်ဆိုင်းနေကြတဲ့ နေရာအနီးမှာ ရှိနေတဲ့ဟိုတယ်လည်း ဖြစ်ပါတယ်။ ဟိုတယ်မှာရှိတဲ့သူတွေကို အချိန်မီကယ်ထုတ်နိုင်ခဲ့ပြီး လူ ၁၄ ဦးလောက်သာ အနည်းငယ် ဒဏ်ရာရရှိခဲ့ပါတယ်။ မီးခိုးမွှန်မှုကြောင့် လူ ၆၀ လောက်ကို ဆေးကုသပေးခဲ့ရပါတယ်။
မီးလောင်မှုကိုတော့ မီးသတ်သမားတွေက တစ်ညလုံး ငြှိမ်းသက်ခဲ့ရပါတယ်။ ဒါပေမယ့် နှစ်သစ်ကို ပျော်ပွဲရွှင်ပွဲကိုတော့ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပါတယ်။
နယူးအော်လင်း ပစ်ခတ်မှု
အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမြို့က နှစ်ကူးပါတီတစ်ခုမှာ သေနတ်နဲ့ပစ်ခတ်ခဲ့မှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေနတ်သမားဟာ ဆီဒင်ကားကိုရပ်ကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတစ်ယောက်ဟာ စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။
Ref: RT
Comments