ဇန်န၀ါရီ ၄၊ ၂၀၁၆
M-Media
– အာသံပြည်နယ်မှ ကလေးငယ်အများအပြားတို့မှာ လုပ်သားအဖြစ်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားခြင်း၌လည်းကောင်း အဓမ္မတွန်းပို့ခံနေကြရ၏။
မိမိ၏အိမ်ရှေ့ ခြေကျင်းဝတ်ထိနစ်နေသော ရွှံ့နွံထဲရပ်လျက် လန်ကွတ်တီပတ်ထားသည့် Kandana Mormu သည် သူ၏ ၁၄ နှစ်အရွယ် သမီးငယ် Sukurmoni Mormu မှပြောဆိုသည်များအပေါ် စိတ်ရှုပ်ထွေးလျက်ရှိ၏။ လွန်ခဲ့သည့် ၇ လတာက နောက်ဆုံးမြင်ခဲ့ရသည့် သူမကို မှတ်မိလက်ခံရန် သူ့အနေနှင့် အတော်အတန်ပင် ကြိုးစားခဲ့ရသည်။
Mormu နှင့်မိသားစုသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ် Kokrajhar ခရိုင်ရှိ ရွာငယ်လေးတစ်ခုတွင် နေထိုင်လျက်ရှိသည်။ ၁၉၉၆ ခုနှစ် လူမျိုးရေးအဓိကရုဏ်းအတွင်း နေအိမ်မီးလောင်ပြာကျခဲ့ပြီးနောက် သူတို့သည် ကယ်ဆယ်ရေးစခန်းတစ်ခု၌ ဆယ်နှစ်တာမျှ ခိုနားခဲ့ကြသည်။ Mormu သည် ၂၀၀၆ ခုနှစ်တွင် ရွာကိုပြန်ပြီး လယ်ယာလုပ်ငန်းပြန်စတင်ခြင်း မတိုင်မီ သူ့ကလေးငယ်များ၏ ပညာရေးနှင့်ကျွေးမွေးစားရိတ်အတွက် ကြုံသလို လုပ်ကိုင်အသက်ဆက်ခဲ့ရသည်။ သို့တစေလည်း သူတို့မိသားစုထံ ဆင်းရဲမွဲတေမှုကပ်ဆိုး ဆိုက်ကပ်နေဆဲ။
ဇွန်လ၏ညနေခင်းတစ်ခုတွင် သူသည် ပျောက်ဆုံးနေသောသမီးငယ်ကို ရှာရန် အိမ်သို့ပြန်ရောက်လာသည်။
“ကျွန်တော် သူမကို နေရာအနှံ့ရှာခဲ့ပါတယ်။ နောက်ဆုံးတော့ အနီးအနားရွာက လူတစ်ယောက်က သူမနဲ့ သူမရဲ့သူငယ်ချင်းတစ်ယောက်ကို အလုပ်ကောင်းကောင်းတစ်ခုရအောင်လုပ်ပေးမယ်ဆိုပြီး ဒေလီမြို့ကို ဖြားယောင်းသွေးဆောင် ခေါ်ယူသွားခဲ့တယ်လို့ သိခဲ့ရတယ်။ အဲ့ဒီလူလည်း ဒီနေ့ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်။ ကျွန်တော် ဘာတတ်နိုင်မှာလဲဗျာ။ သူမ ပြန်လာဖို့ကို ထိုင်စောင့်နေယုံပဲ ရှိတော့တာပေါ့” ဟူ၍ Mormu က ပြောပြသည်။
အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အလွဲသုံးစားပြုခြင်းကို ဖြေရှင်းဆောင်ရွက်ပေးနေသော နယ်ခံ NGO တစ်ခုဖြစ်သည့် Nedan Foundation ၏အဆိုအရ Mormu ၏ သမီးမှာ အိန္ဒိယမြောက်ပိုင်း ဥတ္တရခန်းပြည်နယ်ရှိ မိသားစုတစ်ခုထံ အိမ်စေအလုပ်လုပ်နေခဲ့ရပြီး လွန်ခဲ့သည့်တစ်လခန့်က ကယ်တင်ခံခဲ့ရသည်။ ထို့နောက် အာဏာပိုင်များမှ ဘေးမသီရန်မခ နေရပ်သို့ ပြန်ပို့ဆောင်ပေးနိုင်ရေးအတွက် သူမသည် ဒေလီမြို့ရှိ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုတွင် စောင့်စားနေထိုင်ခဲ့ရသည်။
အာသံပြည်နယ်မှ ဆင်းရဲမွဲတေမှုနှင့် ကလေးကုန်ကူးခြင်း
အိန္ဒိယ၌ နှစ်စဉ်နှစ်တိုင်း ကလေးသူငယ်များ လေးသောင်းမှ လေးသောင်းခွဲအထိ ပျောက်ဆုံးလေ့ရှိကြောင်း စာရင်းအင်းများအရ သိရှိရသည်။ အလားတူ ကလေးသူငယ်များပျောက်ဆုံးရသည့်အဖြစ်ကို အာသံပြည်နယ်အတွင်း နေ့စဉ်မရိုးနိုင်အောင် အမှန်တကယ် မြင်တွေ့နေရသည်။
အောက်တိုဘာလက ကလေးသူငယ်များအခွင့်အရေးဆွေးနွေးမှုကာလအတွင်း ထုတ်ပြန်ခဲ့သည့် အိန္ဒိယနိုင်ငံ ရာဇ၀တ်မှုများစုံစမ်းဖော်ထုတ်ရေးဋ္ဌာန၏အစီရင်ခံစာတစ်ရပ်တွင် အာသံပြည်နယ်မှ ကလေးငယ်ပေါင်း အနည်းဆုံး ၄၇၅၄ ဦးမှာ ၂၀၁၂ ခုနှစ်ကတည်းက ပျောက်ဆုံးသွားကြောင်း၊ ၎င်းတို့အနက် ၂၇၅၃ ဦးမှာ မိန်းကလေးများဖြစ်ကြောင်း ဖော်ပြထားသည်။ ကလေးကုန်ကူးမှုများ၌ အဓိကအကြောင်းရင်းတစ်ခုက လုပ်သားအဖြစ်စေခိုင်းရန်နှင့် လိင်အလွဲသုံးစားပြုရန်အတွက်ဖြစ်သည်။ ယမန်နှစ်တစ်နှစ်တည်းပင် အနည်းဆုံး မိန်းကလေး ၁၂၉ ဦးမှာ ပြည့်တန်ဆာများအဖြစ် လူကုန်ကူးသူများက အဓမ္မခိုင်းစေခဲ့ကြောင်း အစီရင်ခံစာကဆိုထားသည်။
အာသံပြည်နယ်၏ စီးပွားရေး ချွတ်ခြုံကျမှုနှင့် လူမျိုးရေးတင်းမာမှုများသမိုင်းကြောင်းက ၎င်းနယ်သားအလုံးအရင်းကို လူကုန်ကူးမှု၏သားကောင်ဘ၀သို့ရောက်အောင် တွန်းပို့ခဲ့သည်။
လူမျိုးရေးအကြမ်းဖက်မှုအပြင် တအုံတကျင်း နေရာရွှေ့ပြောင်းခြင်းကိုဖြစ်ပွားစေသော နှစ်စဉ်ရေလွှမ်းမိုးမှု၏အကျိုးဆက်အားဖြင့် လူသန်းပေါင်းများစွာတို့သည် အိုးမဲ့အိမ်မဲ့ဖြစ်၍ မကြာခဏဆိုသလို စုတ်ချာချာကယ်ဆယ်ရေးစခန်းများ၌ အကန့်အသတ်မရှိ နေထိုင်ကြရလေ့ရှိသည်။
အာသံနယ်မှ လ္ဘက်လုပ်ငန်းအကျိုးဆက်များ
ဆင်းရဲတွင်းနက်နေရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ အာသံပြည်နယ်၌ ၁၉၅၁ အလုပ်အကိုင်စီမံနေရာချထားရေးအက်ဥပဒေကို အာဏာပိုင်များက ကြပ်မတ်အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အာသံပြည်နယ်၏လ္ဘက်နယ်မြေအများအပြားရှိ လုပ်ငန်းခွင်တို့တွင် လုပ်အားခနိမ့်ကျလှကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာဖြည့်ဆည်းပေးမှုကင်းမဲ့နေကြောင်း ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို ဆောင်ရွက်နေသော NGO တစ်ခုဖြစ်သည့် Action Aid က တင်ပြထားသည်။
အာသံပြည်နယ် လ္ဘက်ခင်းလုပ်သားများရေးရာဝန်ကြီး Atuwa Munda က စည်းမျဉ်းစည်းကမ်းများ ရှိနေလင့်ကစား လ္ဘက်လုပ်ငန်းရှင်ကုမ္ပဏီများသည် အဆိုပါဥပဒေအား တာဝန်ခံလိုက်နာရန် အကြီးအကျယ် ပျက်ကွက်လျက်ရှိသည်ဟု အလ်ဂျဇီးရားသို့ ပြောကြားသည်။
“သူတို့တစ်တွေ ဆေးဝါးကုသမှုဆိုင်ရာ၊ ပညာရေးဆိုင်ရာဖြည့်ဆည်းမှု မပေးခြင်းဆိုတဲ့အချက်ကိုပင်လျှင် ဥပဒေချိုးဖောက်မှုအတွက် ဥပဒေအရ တင်းကြပ်စွာ အရေးယူဆောင်ရွက်တဲ့စနစ်မျိုး ရှိမနေဘူး။ ဥပဒေထဲမှာ ယိုပေါက်ဂယ်ပေါက် အများအပြားရှိနေပါတယ်။ အဲ့ဒီအပေါ် ကုမ္ပဏီတွေက ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြပါတယ်။ လ္ဘက်ခြံတွေထဲက အခြေအနေတွေ တိုးတက်မြင့်မားလာစေမယ့် ဥပဒေများပြင်ဆင်ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”။
သို့သာမကသေး။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အထူးသဖြင့် Lakhimpur ခရိုင်မှ လ္ဘက်ခြံလုပ်ငန်းရှင် အများအပြားသည် လုပ်သားတို့ကို ၀င်ငွေလစာနှင့် မိသားစုထောက်ပံ့မှု မပေးဘဲ ပိတ်သိမ်းခဲ့ကြကြောင်း အဆိုပါနယ်၌ ၁၈ နှစ်တာမျှ လူ့အခွင့်အရေးလှုပ်ရှားမှုဆောင်ရွက်သူ လူ့အခွင့်အရေးဆုရှင် Hasina Kharbhih ၏ အဆိုအရ သိရသည်။
ကလေးလုပ်သားပြဿနာ
အဆိုပါအနေအထားများ၌ မိသားစုအများအပြားတို့က မိမိတို့ကလေးငယ်များကို လုပ်ငန်းခွင်သို့ လိုလိုလားလားဝင်ရောက်စေကြသည်။ ကလေးငယ်တို့မှာ အိမ်သို့ ငွေပြန်မပို့ပေးနိုင်သည်သာမက ပျက်စီးနစ်နာကုန်မည်ကိုလည်း သတိမမူမိကြချေ။
ကြားပွဲစားများ၊ တရားမ၀င် အတည်တကျမရှိသည့် အေဂျင်စီများမှတဆင့် ကလေးသူငယ်တို့သည် မွန်ဘိုင်းနှင့် ဒေလီ စသော မြို့ကြီးများအပါအ၀င် နိုင်ငံဒေသအသီးသီးထံ အိမ်စေများအဖြစ်သော်လည်းကောင်း၊ စက်ရုံလုပ်သားအဖြစ်သော်လည်းကောင်း၊ ပြည့်တန်ဆာလမ်းကြောင်းသို့လည်းကောင်း ပို့ဆောင်ခံနေကြရသည်။
“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကပ်လျက်ရှိတဲ့ နာဂါလန်းပြည်နယ်ဆီ ကလေးငယ်တွေကို ပြောင်းရွှေ့ပို့ဆောင်နေတာ၊ အစိုးရအရာရှိနေအိမ်မှာ အိမ်စေအဖြစ် လုပ်ကိုင်စေတာကိုပင်လျှင် ကျွန်မတို့ တွေ့မြင်ခဲ့ရသေးတယ်။ လုပ်ခလစာပေးသလို ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်လို့ သူတို့က ဆိုကြတယ်။ ဒါပေမယ့် ကလေးလုပ်သားဆိုတာ ရာဇ၀တ်မှုမကင်းတဲ့လုပ်ရပ်အဖြစ် စာရင်းဝင်နေဆဲပါ” ဟု Hasina Kharbhih က ဆိုသည်။
အဓမ္မ ထိမ်းမြားစေမှုများ
နောက်ထပ် စိုးရိမ်ဖွယ်ပြဿနာရှိသေးကြောင်း၊ ၎င်းမှာ လိင်ပိုင်းဆိုင်ရာ အချိုးမညီမျှမှုကြောင့် ဟရ်ယာနာ၊ ဥတ္တားပရာဒက်ရှ်နှင့် ရာဂျတ်စတာန်း ပြည်နယ်များ၌ သတို့သမီးလိုအပ်ချက် များပြားနေကြောင်း၊ မိန်းကလေးငယ်များမှာ ထိုဒေသများထံ အဓမ္မထိမ်းမြားစေရန် လူကုန်ကူးခံနေရကြောင်း သူမက ဖြည့်စွက်ပြောကြားသည်။
ထိုခင်ပွန်းသည်အမျိုးသားတို့မှာလည်း အပိုဝင်ငွေရရန် ၎င်းတို့၏ဇနီးမယားများကို ပျက်စီးမှုသို့ တွန်းပို့လေ့ရှိတတ်သေး၏။ ထိမ်းမြားပြီးသည့်နောက်ဝယ် ခိုင်မာမှုမဲ့အေဂျင်စီများမှတဆင့်ဖြစ်စေ၊ ခင်ပွန်းသည်များမှ တိုက်ရိုက်ဖြစ်စေ ဇနီးမယားတို့အား ငွေကျွန်အိမ်စေများအဖြစ်လည်းကောင်း၊ ပြည့်တန်ဆာများအဖြစ်လည်းကောင်း ပို့လွှတ်ခိုင်းစေတတ်ကြ၏။ ထိုမိန်းမငယ်များမှာ ခြေရာပျောက်သွားတတ်ကြသည် သို့တည်းမဟုတ် နှစ်အနည်းငယ်ကြာပြီးလျှင် တစ်ပါးယောက်ျားများထံ ဇနီးမယားအဖြစ် ထပ်မံရောင်းချခံရလေ့ရှိကုန်သည်။
ထပ်ဆင့်ဆိုရပါလျှင် အဆိုပါလူကုန်ကူးမှုအတွက် အာသံနယ်မှာ အဓိကကြားစခန်းဖြစ်နေခြင်းက ကလေးသူငယ်များစွာအဖို့ အန္တရာယ်တွင်းမှ မလွတ်နိုင်အောင်ဖြစ်နေရ၏။ ထိုပြည်နယ်သည် အိန္ဒိယအရှေ့မြောက်ပိုင်းမှ အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာနိုင်ငံတို့နှင့် နယ်နမိတ်ဆက်စပ်လျက်ရှိသည်။ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနိုင်ငံများအကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအားကောင်းခိုင်မာရေးနှင့် စီးပွားရေးဆိုင်ရာပဋိညာဉ်တစ်ရပ် ချုပ်ဆိုပြီးနောက် သုံးနိုင်ငံ အဝေးပြေးလမ်းမတစ်ခုကို ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြသည်။
၎င်းစီမံကိန်းက ကလေးသူငယ်လူကုန်ကူးခြင်းလုပ်ငန်းကို တဟုန်ထိုး ပိုမိုတိုးမြင့်လာစေနိုင်ကြောင်း အာသံပြည်နယ်၏အကြီးဆုံးမြို့တော် ဂူဝါဟာတီ အခြေစိုက် လူမှုအရေးလှုပ်ရှားသူ Miguel Queah က ဆို၏။
“အစိုးရအဖွဲ့အနေနဲ့ အကြီးဆုံးမြင်ကွင်းကို ကြည့်ရှုသုံးသပ်ဖို့ ပျက်ကွက်နေပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အကောင်းဆုံးဆက်သွယ်ရေးကြောင့် ဖြစ်လာလတ္တံ့သော ပြဿနာတွေ၊ သူတို့အပေါ် တင်ရှိမယ့် လုပ်ငန်းတွေအပေါ် သတိကရုပြုဖို့ကလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်”။
ကလေးသူငယ်များ၏အခွင့်အရေး ကာကွယ်ပေး
အိန္ဒိယ၌ ကလေးသူငယ်အခွင့်အရေးများကို အကာအကွယ်ပေးသည့်ဥပဒေ အများအပြားရှိသော်လည်း ရံဖန်ရံခါမှသာ ကြပ်ကြပ်မတ်မတ် ကျင့်သုံးလေ့ရှိကြသည်။
၂၀၁၂ ကလေးသူငယ်များကို လိင်ပိုင်းအလွဲသုံးစားပြုမှုဆိုင်ရာ အက်ဥပဒေအောက်ရှိ အမှုများကို လိုက်လံဖော်ထုတ်အရေးယူရန် ရဲတပ်ဖွဲ့ဝင်တို့သည် အပြည့်အ၀ အားစိုက်ဆောင်ရွက်မှုမရှိပါဟု အကြောင်းအမျိုးမျိုးကြောင့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူတစ်ဦးက အလ်ဂျဇီးရားသို့ ပြောပြသည်။
“ဒုစရိုက်ကျူးလွန်ရာဒေသများဆီကို သူတို့က စုံစမ်းရေးအဖွဲ့တွေ စေလွှတ်ဖို့ ဆန္ဒ မရှိကြဘူး။ ပိုပြီးဆိုးဝါးတာကတော့ နယ်ခံရဲတွေဟာ ကျွန်တော့်နယ်ပယ်ထဲက ဒုစရိုက်မှုတွေ စွဲချက်မတင်နိုင်အောင် မကြာခဏ ကျွန်တော့်ကို တားဆီးနေကြတာပါပဲ။ နေရာအနှံ့မှာ ဒီဒုစရိုက်မှုတွေ ကြီးစိုးနေတာကြောင့်လို့ ဆိုကြတယ်။ အဆုံးတစ်နေ့မှာ ဒီလိုအမှုမျိုးတွေ ရုံးတင်နိုင်ဖို့အတွက် အမြင့်ဆုံးအာဏာပိုင်တွေကို ကျွန်တော် ဆက်သွယ်ထားပါတယ်”။
အာသံပြည်နယ်ရဲချုပ်ကမူ ၎င်းလူမှုလှုပ်ရှားသူ၏အဆိုကို လက်မခံဘဲ ၎င်းတို့မှာ သီးသန့်ဖြစ်ရပ်များ ဟူ၍ ဆိုသည်။
“ကျွန်တော်တို့ရဲ့အရည်အသွေး မြှင့်တင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ UNICEF လို အသင်းအဖွဲ့များစွာရဲ့အကူအညီနဲ့ ကျွန်တော်တို့ရဲ့အရာရှိများကို ဥပဒေရေးရာ သင်တန်းတွေပေးနေပါတယ်။ ကလေးသူငယ်ကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့ ကျွန်တော်တို့ အပြင်းအထန် လုပ်ဆောင်လျက်ရှိပါတယ်။ ကလေးသူငယ်ဆိုင်ရာ ဒုစရိုက်မှုများနဲ့ပတ်သက်ပြီး လက်ခံရရှိတဲ့ အီးမေးတွေ၊ အကြောင်းကြားချက်တွေအပေါ်မှာပင် ကျွန်တော်တို့ အလေးထားဦးစားပေးနေကြတာပါ”။
သို့သော် Nedan Foundation မှ Digambar Narzary က ရဲတပ်ဖွဲ့ဝင်တို့၏ ပြုမူဆောင်ရွက်မည့် အရည်အသွေးဆိုသည်ကို မေးခွန်းထုတ်လိုက်ပါသည်။
“ပြည်နယ်တွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ၁၄ ခုအနက် အဖွဲ့ ၅ ဖွဲ့သာလျှင် တစ်နှစ်အတွက် ရံပုံငွေ ဒေါ်လာ ၁၄၉၅ သာသာပဲ ရရှိနေတယ်ဆိုတာ လူတိုင်း သိနေကြပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ငွေကြေးမရှိတော့ရင် သူတို့အပေါ် ကျွန်တော်တို့ ဘယ်လောက်အထိ မျှော်လင့်ချက်ထားနိုင်တော့မှာလဲ”။
နိုင်ငံ၏ ပြစ်မှုမှတ်တမ်းဗျူရို – NCRB ၏အဆိုအရ ၂၀၁၃ ခုနှစ်တွင် အာသံပြည်နယ်၌ တရားမ၀င်လူကုန်ကူးမှုကာကွယ်ရေး ဥပဒေအရ မှတ်တမ်းပြုထားသည်မှာ အမှု ၁၈ ခုသာရှိသည်ဟု သိရ၏။ အာသံပြည်နယ်တွင် ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း လိင်ကုန်ကူးမှုအတွက် လူပေါင်း ၅၀၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ထုတ်ပြန်သော်လည်း ၎င်းမှာ ပြစ်မှုကျူးလွန်နှုန်း၏ ၁ ရာခိုင်နှုန်းသာ ရှိနေပေသည်။
ပညာရေးကဏ္ဍ
အာသံပြည်နယ် ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ Runumi Gogoi က ကလေးသူငယ်ကုန်ကူးမှုသည် လူမှုဖွံ့ဖြိုးရေးစီမံချက်များ အကောင်အထည်ဖော်မှု ညံ့ဖျင်းခြင်း၊ ပြည်နယ်ဒေသအများစုထံ၌ ပေါက်ရောက်မှု မရှိခြင်းတို့နှင့် အပြန်အလှန်တိုက်ရိုက်ဆက်စပ်နေသည်ဟု သုံးသပ်ထား၏။
“ဘူတန်နိုင်ငံနယ်စပ်အနီးမှာတည်ရှိနေတဲ့ Kokrajhar ဒေသအချို့ကလူတွေဟာ ကြိုးဝိုင်းသစ်တောနေရာများအတွင်း အစိုးရဆီက ဘာအထောက်အပံ့မှ မရရှိဘဲ နေထိုင်နေကြရတယ်။ ဒီလို အစွန်းအဖျားဒေသတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေထဲမှာ ပညာရေးနဲ့ ဘ၀စိုပြေရေး မက်လုံးတွေသုံးပြီး ကလေးသူငယ်များကို မြို့ကြီးတွေဆီ ပို့ဆောင်(လူကုန်ကူး)နေကြပါတယ်” ဟု သူမက ထောက်ပြ၏။
အသက် ၆ နှစ်မှ ၁၄ နှစ်အတွင်း အိန္ဒိယကလေးငယ်များသည် မသင်မနေရအခမဲ့ပညာရေးစနစ်၏ အခွင့်အရေးကို ပညာရေးဥပဒေအောက်မှ ခံစားခွင့် ရှိကြသည်။ သို့သော် အာသံပြည်နယ် ကျေးရွာများရှိ အစိုးရကျောင်းများ၌ ကလေးတို့၏ အဆိုပါလိုအပ်ချက်များကို မဖြည့်စွမ်းပေးနိုင်ကြ။ ဤသည်မှာလည်း ဥပဒေချိုးဖောက်မှု စာရင်းဝင်နေပေသည်။
အာသံပြည်နယ်မှ ဆရာဆရာမ အမြောက်အများတို့သည်လည်း လပေါင်းများစွာ လခ မရရှိကြ။ စာသင်ကျောင်း ၉၀ ရာခိုင်နှုန်း၌ ၀င်းတံတိုင်းနံရံများ၊ အမျိုးသမီးသန့်စင်ခန်းများ မရှိကြသည့်အပြင် ဆရာ-ကျောင်းသား ဦးရေ အချိုးအစား မမျှမတ ဖြစ်နေရသည်ဟု Gogoi က ဆိုသည်။
ဒဏ်ပေးဆုံးမခြင်းတို့မှာလည်း မမြင်ချင်မှအဆုံး ဖြစ်နေကြပြီး၊ အမျိုးသားစီမံကိန်းအရ အစိုးရကျောင်းများက ပြုလုပ်ပေးရမည်ဖြစ်သော နေ့လည်စာကျွေးမွေးခြင်းမှာလည်း ရံဖန်ရံခါမှသာ ဆောင်ရွက်လေ့ရှိကြသည်။
“လူမျိုးရေးအဓိကရုဏ်း သို့မဟုတ် သဘာဝဘေးဒဏ်တစ်ရပ်ရပ် ကြုံဆုံခဲ့ဖူးပြီး ကရုမစိုက်တတ်တဲ့ ပတ်ဝန်းကျင်ထဲ နေထိုင်နေရသူ သို့မဟုတ် ကျောင်းတက်နေရသူ ကလေးငယ်တစ်ဦးအဖို့ အလွန်အကျွံ ပျက်စီးမှု ဖြစ်သွားစေနိုင်ပါတယ်” ဟု Miguel Queah က ထပ်၍ ပြောပြပါသည်။
Phoolmoni Hemrom (၁၅ နှစ်)သည် ဒေလီမြို့တွင် ၂ နှစ်အထိ အိမ်စေအဖြစ်လုပ်ကိုင်ခဲ့ပြီး Kokrajhar ရှိ ကယ်ဆယ်ရေးစခန်းမှတဆင့် မကြာသေးမီက နေရပ်သို့ပြန်ရောက်လာသည်။ သူမသည် စကားများများ မဆိုဘဲ “ကျွန်မ ကျောင်းပြန်တက်တော့မယ်” ဟုသာ မသဲမကွဲ ပြောကြားခဲ့သည်။
Hemrom သည် လူကုန်ကူးခံရပြီးနောက် ကယ်တင်လွတ်မြောက်လာသော ကလေးငယ်ရာပေါင်းများစွာအနက်မှ တစ်ဦးအပါအ၀င်ဖြစ်သည်။ သို့သော် ထိုကလေးငယ်များသည် နှစ်သိမ့်ဆွေးနွေးခြင်းသော်လည်းကောင်း၊ သူတို့ကြုံဆုံခဲ့ရသည့်အဖြစ်ဆိုးအပေါ် စာနာသောအားဖြင့် နစ်နာကြေးသော်လည်းကောင်း တစ်စုံတစ်ရာမျှပင် မရရှိမခံစားခဲ့ကြရချေ။ ထို့ကြောင့်လည်း လူကုန်ကူးမှု၏သားကောင်ဘ၀သို့ နောက်ထပ်တဖန် ပြန်လည်သက်ဆင်းမိကြ၏။
လူ့အခွင့်အရေးဆုရှင် Kharbhih က ဤသို့ပြောကြားခဲ့ပါသည်။
“ကျွန်မတို့ကတော့ ကလေးငယ်တွေကို ဆက်လက် ကယ်ဆယ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရဖက်က သူတို့ကို ပညာပေးတာ၊ အခွင့်အရေးပေးတာမျိုးကို ထိထိရောက်ရောက် မဆောင်ရွက်ပေးသမျှတော့ ဒီပြဿနာတွေ ဆက်လက်တည်ရှိနေပါလိမ့်မယ်”။
(Source: Al Jazeera Sarita Santoshini ၏ Children of Assam forced into labour, prostitution ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments