ဇန်န၀ါရီ ၉၊ ၂၀၁၆
– နေ့တစ်နေ့ရဲ့နံနက်ခင်းမှာ မြန်မာ-တရုတ်နယ်စပ်အနီး ငြိမ်သက်နေတဲ့လူ့အုပ်စုဝင်အားလုံးနီးပါးအတိုင်း ၀မ်းကွဲညီအစ်ကိုတော်စပ်တဲ့ လူငယ်လေးသုံးဦးအတွက် အရာရာကို စတင်ပြောင်းလဲသွားစေခဲ့ပါတယ်။ နံနက်ခင်းနေရောင်အောက်ထဲ ဒီကလေးငယ်တွေက ညစ်စုတ်စုတ်လမ်းငယ်လေးတစ်ခုမှာ လမ်းလျှောက်နေခဲ့ကြတယ်။ အဲ့ဒီအချိန်မှာပဲ ရုတ်တရက် ကြီးမားတဲ့ပေါက်ကွဲခြင်းတစ်ခုက တည်ငြိမ်အေးချမ်းမှုကို တစ်စစီ ချေမွပစ်လိုက်တယ်။
ဖုန်တွေသဲမှုန်တွေ ကင်းစင်သွားတဲ့အခါမှာတော့ သူတို့တစ်တွေဟာ သွေအလိမ်းလိမ်းနဲ့ မြေပြင်ပေါ်မှာ နာကျင်ခံစားခြင်းကြီးစွာနဲ့ လူးလိမ့်နေပါတော့တယ်။ သူတို့ကတော့ မြန်မာ့စစ်မက်တွေကြောင့် ပျက်စီးနေတဲ့နယ်စပ်ဒေသအတွင်း စွန့်ပစ်ကျန်ရစ်နေတဲ့ မြေမြှုပ်မှိုင်းများရဲ့ နောက်ဆုံးဓားစားခံတွေ ဖြစ်သွားရပါပြီ။
“ကလေးသုံးယောက်မှာ နှစ်ယောက်က သတိလစ်နေခဲ့တယ်။အသက်ရှူမရတော့ဘူးလို့ ညည်းတွားယင်း သတိလည်နေတဲ့ ကလေးတစ်ယောက်သာ ကျန်ရစ်တယ်။ ဒီကလေးတွေ မရှင်နိုင်တော့ဘူးလို့ ကျွန်တော်တို့ ထင်မှတ်သွားခဲ့ကြတယ်” လို့ ဦးလေးတစ်ဦးဖြစ်သူ လောက်တုံးက ပြောပြတယ်။
အဲ့ဒီ အောက်တိုဘာလပေါက်ကွဲမှုကနေ ကလေးတွေ ပြန်ရှင်လာခဲ့တယ်။ ဒါပေမယ့် ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် နာလန်ထစ အခြေအနေမှာ ရှိနေဆဲပါ။
အသက် ၁၀ နှစ်အရွယ် လျှိုပင်စင်းဟာ ခြေထောက်တွေ ပြတ်ထွက်သွားတယ်။ သူ့ခန္ဓာအထက်ပိုင်းမှာလည်း ချုပ်ရာဒဏ်ချက်တွေ အပြည့်ပါပဲ။ အလားတူ အသက် ၁၀ နှစ်အရွယ် လျှိုပင်ကျင်းကလည်း ယာဖက်ဒူးခေါင်းအရေပြားပြန်ဆက်ထားရသလို မျက်စေ့တစ်လုံး ကွယ်ခဲ့ရတယ်။ အသက် ၁၂ အရွယ် လျှိုကျန်းရှောင်ကတော့ သူမရဲ့ ယာဖက်ခြေသလုံးထဲ လက်သီးဆုပ်လောက် ပေါက်ထွက်သွားပြီး တစ်ကိုယ်လုံး လောင်ကျွမ်းသွားရတယ်။ သူမဟာ ဆေးရုံတက်နေရဆဲ ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်လလောက်က ခန္ဓာကိုယ်ထဲ နစ်မြုပ်နေတဲ့ မြေမြှုပ်မှိုင်းအစအနတွေကို ဆရာဝန်တွေမှ ခွဲစိပ်ထုတ်ယူနေပါတယ်။
ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ပွဲကာလအတွင်း စစ်တပ် သို့မဟုတ် လက်နက်ကိုင်တိုင်းရင်းအုပ်စုတွေ မြုပ်နှံထားခဲ့တဲ့ မြေမြှုပ်မှိုင်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ကြသူ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာအနက် ဒီကလေးသုံးယောက်ဟာလည်း အပါအ၀င် ဖြစ်လာခဲ့ပါတယ်။
ဒီပြဿနာကို မျက်စေ့ရှေ့မှာ မြင်နေရလင့်ကစား ပြည်တွင်းစစ်ပဋိပက္ခကို အမြစ်ပြတ်အောင် ကြိုးပမ်းချက် အလျဉ်း မရှိသေးပါဘူး။ မှိုင်းရှင်းလင်းရေးကိစ္စဟာလည်း ရှေ့ဆက်နေတဲ့ ပဋိပက္ခကြောင့် အတားအဆီးဖြစ်နေရတယ်။ ဒါ့အပြင် စစ်တပ်အုပ်ချုပ်ရေးပိုင်းကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှု မရှိပါဘူး။ ဒါပေမယ့် အပြောင်းလဲဖြစ်ဖို့ တာစူနေပါပြီ။
နိုင်ငံရေးတိုးတက်မှုဖြစ်ထွန်းလာတာနဲ့အမျှ မိမိတို့ဟာ သိပ်မကြာခင်မှာ အလုပ်ဆက်လုပ်နိုင်ပါလိမ့်မယ်လို့ မြေမြှုပ်မှိုင်းနဲ့ ပေါက်ကွဲစေတတ်သောအရာများရှင်းလင်းရေးတွေကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်တွေက ပြောကြားပါတယ်။
စစ်ထွက်များနဲ့ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများကြီးစိုးထားတဲ့ အစိုးရဟာ နိုဝင်ဘာရွေးကောက်ပွဲအတွင်း အကြီးကျယ်ရှုံးနိမ့်သွားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရရှိသွားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အသစ်တစ်ရပ်က စာရွက်ပေါ်မှာတော့ ရှိနေပါပြီ၊ သို့သော်လည်း မြေမြှုပ်မှိုင်းနဲ့ပေါက်ကွဲစေတဲ့ပစ္စည်းများရှင်းလင်းရာမှာ အဖွဲ့အုပ်စုအသီးသီးက ပူးပေါင်းပါဝင်ရေးဆိုတဲ့အချက်ကို အဲ့ဒီစာချုပ်ထဲ ထည့်သွင်းပေးဖို့ လိုအပ်နေပါတယ်။
“နောက်တက်လာမယ့်အစိုးရသစ်အပေါ် ကျွန်မတို့ အထူး မျှော်လင့်ထားပါတယ်။ အသက်နဲ့ကျန်းမာရေးကို အထူးအန္တရာယ်ပြုနိုင်တဲ့ မြေမြှုပ်မှိုင်း(နဲ့အလားတူပေါက်ကွဲပစ္စည်း)တွေကို ရှင်းလင်းဖယ်ရှားပေးနေတဲ့ NPA လို နိုင်ငံတကာအဖွဲ့အစည်းများနဲ့ သူတို့ လက်တွဲဆောင်ရွက်မယ်လို့လည်း မျှော်လင့်ရပါတယ်” ဆိုပြီး Norwegian People’s Aid ရဲ့ မြန်မာနိုင်ငံဒါရိုက်တာ Ingeborg Moa က IRIN သတင်းဋ္ဌာနကို ပြောကြားပါတယ်။
ပြဿနာအတိမ်အနက်
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပဋိပက္ခတွေနဲ့ လုံးထွေးနေခဲ့တယ်။ အဲ့ဒီနောက် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေ အလျှိုလျှို ပေါ်ထွက်လာပြီး လွတ်မြောက်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် စစ်တပ်ကို တော်လှန်တိုက်ခိုက်လာကြတယ်။ အုပ်စုအသီးသီးကရော တပ်မတော်ဖက်ကပါ မြေမြှုပ်မှိုင်းတွေ ထောင်ခဲ့ကြပေမယ့် အရေအတွက် ဘယ်လောက်များပြားကြောင်း ဘယ်သူမှ မသိကြတော့ပါဘူး။
မြေမြှုပ်မှိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ခဲယမ်းမီးကျောက်တွေကြောင့် ထိခိုက်ဒဏ်ရာရသူများဟာ ကိုလံဘီယာနဲ့ အာဖဂန်နစ္စတန် ပြီးရင် မြန်မာနိုင်ငံက ကမ္ဘာ့တတိယ အများအပြားဆုံးအဆင့်မှာ ရှိနေပါတယ်။ မှတ်တမ်းများအရ ၁၉၉၉ နဲ့ ၂၀၁၄ ခုနှစ်အတွင်း ထိခိုက်သေဆုံးဒဏ်ရာရသူပေါင်း ၃၇၄၅ ဦးရှိကြောင်း ဆိုထားပါတယ်။
“ဒါဟာ အနိမ့်ဆုံးကိန်းဂဏန်းမျှသာ ဖြစ်ပါတယ်။ Mine Free Myanmar အဖွဲ့ကတော့ လူ လေးသောင်းအထက်မှာရှိတယ်လို့ ခန့်မှန်းထားပါတယ်” လို့ နိုင်ငံတကာ မြေမြှုပ်မှိုင်းနဲ့ ပေါက်ကွဲစေနိုင်သောခဲယမ်းမီးကျောက်များ တားဆီးရေးလှုပ်ရှားမှုအဖွဲ့ Monitor က ထုတ်ဝေတဲ့ နိုဝင်ဘာ ၁၀ ရက် အစီရင်ခံစာအရ သိရှိရပါတယ်။
အဆိုပါဖော်ပြချက်မှာ – ထိခိုက်သေဆုံးဒဏ်ရာသူအရေအတွက်ကို စာရင်းကောက်ယူပြုစုဖို့ ကြိုးပမ်းချက်မှန်သမျှ အာဏာပိုင်များဖက်က တစ်နည်းမဟုတ်တစ်နည်းနဲ့ ဖုံးကွယ်လိုက်ခြင်းကိုခံရကြောင်း ဆိုပါတယ်။
ယခုနှစ် နိုဝင်ဘာလထုတ် အဲ့ဒီအဖွဲ့ရဲ့ ၂၀၁၄ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အုပ်စုများက တန်ပြန်မြေမြှုပ်မှိုင်း သို့မဟုတ် လက်လုပ်ပေါက်ကွဲပစ္စည်း အသုံးပြုအများဆုံး ၁၀ နိုင်ငံအနက် အပါအ၀င်ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အစိုးရဖက်အပိုင်းမှာ မြန်မာနိုင်ငံနဲ့အတူ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်ကိုးရီးယားတို့ဟာ မြေမြှုပ်မှိုင်းကို အားတက်သရောထုတ်လုပ်တဲ့နိုင်ငံများအဖြစ် စာရင်းသွင်းထားပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ဒီမှိုင်းတွေကို ကမ္ဘာပေါ်မှာ ပြန်လည်ဆန်းသစ်အသုံးပြုနေတာက ဆီးရီးယား၊ မြောက်ကိုးရီးယားနဲ့ မြန်မာ – သုံးနိုင်ငံသာ ရှိနေပါတယ်။
အောက်တိုဘာ မြေမြှုပ်မှိုင်းပေါက်ကွဲမှုက ရခဲတဲ့ဒဏ်ရာတွေ အနာကျက်စပြုနေပြီဖြစ်တဲ့ လျှိုပင်စင်း (ဓာတ်ပုံ – Ann Wang/ IRIN)
အထူးသတိထားကျင့်သုံးရမယ့် အကောင်းမြင်ဝါဒ
NPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ Moa က သူမတို့ရဲ့အဖွဲ့လိုမျိုး အုပ်စုများက မြေမြှုပ်မှိုင်းတွေကို ရှင်းလင်းနိုင်ဖို့ အရေအတွက် ဘယ်လောက်ကျန်ရှိနေတယ်၊ ဘယ်မှာ ရှိနေကြတယ်ဆိုတာကို ကွင်းဆင်းလုပ်ငန်းတွေ မဆောင်ရွက်နိုင်သေးကြောင်း၊ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA ကို လက်မှတ်အရင်ထိုးနိုင်ဖို့ အစိုးရနဲ့လက်နက်ကိုင်တိုင်းရင်းအုပ်စုများက လိုလားနေကြောင်း ပြောကြားပါတယ်။ အချို့အုပ်စုများဟာ အောက်တိုဘာလအတွင်း နောက်ဆုံးထား လက်မှတ်ထိုးရမယ်လို့ အတန်တန် သတိပေးထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
“NCA သဘောတူလက်မှတ်ထိုးပြီးတဲ့နေ့ကတည်းက ကျွန်မတို့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေများကို တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအချို့နဲ့ ဆွေးနွေးချက်အသစ်တွေ လုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးချက်တွေအပေါ် နယ်မြေသစ်တွေမှာပါ လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ဖို့ ကျွန်မတို့ စောင့်ဆိုင်းနေရဆဲဖြစ်နေပါတယ်” လို့ သူမက ဆိုပါတယ်။
NCA ဟာ ဘယ်အတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိမလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လို့နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ၁၅ ဖွဲ့အနက် ၈ ဖွဲ့တည်းကိုသာ လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ နောက်တစ်ဖက်မှာ အစိုးရက ကျန်အုပ်စုတွေနဲ့ တက်တက်ကြွကြွ ပဋိပက္ခဖန်တီးလျက်ရှိနေပါတယ်။ NLD ဦးဆောင်တဲ့အစိုးရသစ်က ငြိမ်းချမ်းရေးရင်ကြားစေ့မှုကို တစ်ကျော့ပြန်ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်နေရပါတယ်။
တကယ်လို့ ပြောဆိုဆွေးနွေးပြီးတဲ့အတိုင်း ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်သွားနိုင်ခဲ့တယ်၊ မှိုင်းရှင်းရေးအတွက် လုံခြုံရေးအပြည့်အ၀ရခဲ့တယ်ဆိုလျှင်ပင် ထောင်နဲ့ချီသော မှိုင်းဒဏ်သင့်သူများအတွက် သိပ်နောက်ကျနေပါပြီ။
လျှိုပင်ကျင်းဟာ မှိုင်းထိခံခဲ့ရကတည်းက စိတ်ကျဝေဒနာခံစားနေရပြီး စကားတစ်ခွန်းမှ မပြောဆိုတော့ပါ။ သူ့ဒဏ်ရာ ပျောက်ကင်းသွားဖို့ – အနာကျက်မြန်စေဖို့အတွက် မဖြစ်မနေလမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရမယ်လို့ ဆရာဝန်များက ပြောဆိုပေမယ့် သူက ငြင်းဆန်နေကြောင်း၊ ပုံမှန်ဘ၀ပြန်မရနိုင်တော့မှာ စိုးရိမ်ကြောင်း သူ့မိခင်က ဆိုပါတယ်။
“သူ့ကို ကျောင်းထွက်ခိုင်းရတော့မယ်။ သူ့ယာဖက်မျက်လုံးကလည်း ကွယ်သွားပြီဆိုတော့ ကျွန်မ ဘာဆက်လုပ်ရတော့မှာလဲရှင်”။
Ref: IRIN
(Ann Wang ၏ Why can’t Myanmar clear its landmines ? ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments