6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၀၊ ၂၀၁၆

M-Media

shew man

– ဇန်န၀ါရီ ၁၃ ရက်၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုးရီးယား၏ ဟိုက်ဒြိုဂျင်ဗုံးစမ်းသပ်မှုအပေါ်အထူးစိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နျူကလိလျှော့ချရပ်တန့်ရေးဆုံးဖြတ်ချက်ကိုလိုက်နာရန် ၎င်းက ပြုံးယမ်းသို့ တိုက်တွန်းလိုက်သည်။ ယင်းပြောကြားချက်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအဖို့ ထူးပြီးမဆန်းလှသော်လည်း လက်ရှိမြန်မာ့သမိုင်းအတွက်မူ အလွန်အရေးကြီး၍ တာသွားခဲ့ပေသည်။ အကြောင်းမှာ အမေရိကန်ကို စံပြဆန့်ကျင်နေသည့် မြောက်ကိုးရီးယား၏သြဇာလွှမ်းနေမှုအား အရိုးစင်းဆုံး ရပ်တန့်စေလိုသည့် နိုးကြားချက်တစ်ရပ်၊ ၎င်းအပြင် အမေရိကန်ရော တရုတ်နှင့်ပါ ဆက်ဆံရေး ရှေ့ဆက်တိုးမြှင့်သွားလိုသောဆန္ဒကို မြင်တွေ့ရသောကြောင့်ဖြစ်၏။

ဘီလ်ကလင်တန်နှင့် ဂျော့ဒဗလျူဘုရှ်အစိုးရတို့က မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးအပြောင်းအလဲ အတွက် တွန်းအားပေးခဲ့ကြရာ အမေရိကန်သည် ထိုရည်မှန်းချက်ပြည့်ဝရေးအလို့ငှာ ကျူးကျော်နယ်ချဲ့တော့မည်လောဟု မြန်မာခေါင်းဆောင်များအကြား စိုးရိမ်စိတ် ၀င်ခဲ့ကြ၏။ တစ်ချိန်က သြဇာကြီးမားခဲ့သည့် စစ်ထောက်လှမ်းရေးအဖွဲ့က အမေရိကန်သည် အလားတူ ရည်ရွယ်ချက်မျိုး အထမြောက်အောင် အခြားတိုင်းပြည်များကို ကျူးကျော်ဖြိုခွဲခြင်း အဖန်တလဲလဲ ပြုလုပ်တတ်သည့်အချက်ဖြင့် ထောက်ပြခဲ့ကြသည်မှာ သာဓကဖြစ်၏။ ထို့ကြောင့်လည်း နျူကလိယလက်နက်အစီအမံ ဖွံ့ဖြိုးကြီးမားအောင် ဆောင်ရွက်ခြင်းက အဆိုပါအဖြစ်မျိုးကို ကာကွယ်နိုင်မည်ဟူ၍ မြောက်ကိုးရီးယားမှ သင်ခန်းစာပေးနေပုံရပေသည်။ ဤသုံးသပ်ချက်မှာ မရေရာမတိကျသည်သာမက အပေါ်ယံလျှပ်တွေးမှုနှင့် ဂယက်ရိုက်ခတ်မှုတစ်ရပ်ပင်။ စစ်မက်ကင်းမဲ့ဇုန်တစ်လျှောက် တအုံတကျင်းသောမြောက်ကိုးရီးယား၏ရွေ့လျားအမြောက်ယာဉ်များက တောင်ကိုးရီးယားအား ဓားစာခံပြုလုပ်ရန် အသင့်ပြင်ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ပြုံးယမ်း၏ နျူကလိလက်နက်များနှင့်မသက်ဆိုင်သည့် သုံးသပ်ချက်ဟု ဆိုရပေမည်။ သို့သော် မြန်မာဗိုလ်ချုပ်များက ၎င်းနှင့်ပတ်သက်၍ ဖျောင်းဖျသင့်သည်ဟု ယူဆနေနိုင်ပါသည်။

မြန်မာလူမျိုး ရာဂဏန်းမျှသည် ရုရှား၌ နျူကလိအင်ဂျင်နီယာဘာသာရပ်အမျိုးမျိုးကို သင်ကြားလေ့ကျင့်ရန် စေလွှတ်ခံရသည်။ မည်သူ၏ဆုံးဖြတ်ချက်ဟု မသိရသော်လည်း မြန်မာအစိုးရ၏ထိပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာသည်တော့ သေချာ၏။ ၎င်းက မြန်မာစစ်ခေါင်းဆောင်များသည် ယူရေနီယံ လျှို့ဝှက်ထုတ်လုပ်ရေးစခန်းများနှင့်အတူ နျူကလိလက်နက်အစီအမံတစ်ရပ် ဖော်ဆောင်နေသည်ဟူ၍ ကောလဟလများ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း နျူကလိယ ကင်းစင်ရေးကို လူသိရှင်ကြား ထောက်ခံထားသည့်တိုင် နိုင်ငံ့အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအပါအ၀င် အဆိုပါအစီမံအား ထောက်ခံသည့် ထိပ်တန်းအာဏာပိုင်အချို့ ရှိကောင်းရှိနေပေမည်။ သို့သော် မည်သို့သော နျူကလိ ရည်မှန်းချက်ရှိစေကာမူ လက်တွေ့အကောင်အထည်ဖော်ခြင်းအဆင့် မရောက်ခဲ့ချေ။

စိုးရိမ်မှုနှင့် သံသယလွန်ကဲခြင်း

မြန်မာနိုင်ငံ၏ နျူကလိရည်မှန်းချက်များဆိုင်ရာ အသီးအပွင့်များရှိနေကြောင်း မည်သည့်နေရာမှ အခိုင်အမာအထောက်အထား ထွက်မလာခဲ့။ သို့သော် စစ်ဗိုလ်ချုပ်တို့၏ သံသယကြီးတတ်မှုမှာ ပျောက်ခဲလှပါဘိခြင်း။ ၂၀၀၈ ခုနှစ် နာရ်ဂီးစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ ခန့်မှန်းချေ လူပေါင်း ၁၈၄၀၀၀ သေဆုံးပြီး အများအပြား ဒုက္ခပင်လယ်ဝေခဲ့ကြ၏။ သို့သော် ၀ါရှင်တန်အစိုးရမှ တစ်ဖက်လှည့်ဖြင့် ခြေလှမ်းစတင်မည်ကိုစိုးသဖြင့် အမေရိကန်၏တိုက်ရိုက်ဝင်ရောက်ကူညီကယ်ဆယ်ခြင်းအပေါ် စစ်အစိုးရမှ ခွင့်မပြုခဲ့ပေ။

ဤစိုးရိမ်မှုများမှာ ယခုသော် ငြိမ်သက်သွားလေပြီ။ နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု အများအပြားဆောင်ရွက်ခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရအပေါ် အိုဘားမား၏မူဝါဒ ပျော့ပြောင်းလာသောကြောင့်ဖြစ်သည်။ တောင်ကိုးရီးယားသားတို့ကလည်း ဒါဇင်နှင့်ချီသော မြန်မာတို့ကို နျူကလိယထိန်းချုပ်ရေးဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ သို့သော် တောင်ကိုးရီးယား(ဆိုးလ်)သည် တစ်ချိန်က အင်ဒိုနီးရှား၌ မျှော်လင့်ထားသကဲ့သို့ မြန်မာနိုင်ငံအတွင်း တစ်နေ့တွင် နျူကလိယစွမ်းအင်စက်ရုံတစ်ခု ဘေးကင်းစွာ တည်ဆောက်နိုင်ရေး မျှော်လင့်တွေးဆချက်ဖြင့် ယင်းသို့ ဆောင်ရွက်ပေးခဲ့ကြောင်း ဖြစ်တန်ရာ၏။

မြန်မာနှင့် မြောက်ကိုးရီးယားဆက်ဆံရေးက ကုလသမဂ္ဂနှင့်အမေရိကန်၏ ပြုံးယမ်းအပေါ် ပိတ်ဆို့ထားမှုများကို ချိုးဖျက်ပစ်နိုင်မည်လောဟု အနောက်တိုင်းအား စိုးရိမ်စိတ်ပြင်းထန်စေခဲ့သည်။ စင်စစ်၌ ပြုံးယမ်းအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုမှာ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုထက် များစွာ ၀န်ပေါ့နေပါ၏။ အာဏာရှင် ဗိုလ်ချုပ်နေ၀င်းခေတ် ၁၉၈၃ ခုနှစ်တွင် တောင်ကိုးရီးယားသမ္မတ ချွန်ဒူးဝမ်အား ပြုံးယမ်း၏လုပ်ကြံမှု မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ-မြောက်ကိုးရီးယားဆက်ဆံရေး၏အနေအထား အနိမ့်ဆုံးအဆင့် ရောက်ရှိသွားခဲ့သည်။ ယင်းလုပ်ကြံမှုကြောင့် တောင်ကိုးရီးယားထိပ်တန်းအရာရှိ ၁၇ ဦး သေဆုံး၍ သမ္မတမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ရသည်။ ၁၉၉၀ ခုနှစ်များနှောင်းပိုင်း ပြုံးယမ်းနှင့်ပြန်လည်ရင်ကြားစေ့ရေးအစီအစဉ်ဖြစ်သော ဆိုးလ်၏ “အရုဏ်ဦးရောင်ခြည်” မူဝါဒ စတင်သည့်အချိန်အထိ ဗိုလ်ချုပ်နေ၀င်းသည် မြောက်ကိုးရီးယားကို သံအဆက်အသွယ်ဖြတ်တောက်ထားခဲ့၏။ ၎င်း၏နောက်မှာမှ မြောက်ကိုးရီးယားအား မြန်မာမှ တရားဝင် ပြန်လည်အသိအမှတ်ပြုခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်အကြီးအကဲတစ်ဦးဖြစ်သော ဒုဗိုလ်ချုပ် ရွှေမန်း (ယခု လွှတ်တော်သဘာပတိ)သည် မြောက်ကိုးရီးယားသို့ လျှို့ဝှက်ခရီးစဉ်တစ်ရပ် သွားရောက်ပြီး စစ်တပ်ဋ္ဌာနအချို့ကိုလေ့လာ၍ စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာပြီး၊ ကျူးကျော်မည်ကိုစိုးရိမ်စိတ်လျော့ပါးလာသည်နှင့်အမျှ မြောက်ကိုးရီးယားထံမှ လက်နက်များဝယ်ယူမှု လျှော့ချလိုက်သည်။ ၎င်းမှာ ၀ါရှင်တန်နှင့်သံတမန်ဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် အမေရိကန်၏ပိတ်ဆို့မှုများ ရုပ်သိမ်းရေး အနေအထားအတွက် သော့ချက်တစ်ရပ် ဖြစ်ခဲ့လေသည်။

၂၀၁၁ ခုနှစ်တွင် အမေရိကန်စစ်ရေယာဉ်တစ်စင်းမှာ ဒုံးကျည်များသယ်ဆောင်ထားသော မြောက်ကိုးရီးယားကုန်တင်သင်္ဘောတစ်စင်းအား တားဆီးခဲ့သည်ဟူသည့် သတင်းတစ်ခုနှင့်အတူ အရောင်းအ၀ယ် သို့မဟုတ် ထောက်ပံ့ပေးကမ်းမှု လက်နက်များ ပါဝင်ဖွယ်ရာရှိသည့် မြောက်ကိုးရီးယားသင်္ဘောအချို့ မြန်မာနိုင်ငံမှ လှည့်ပြန်သွား၏။

မည်သို့ဆိုစေ နျူကလိယစမ်းသပ်ချက်နှင့်စပ်လျဉ်း၍ မြန်မာ၏ပြောကြားချက်မှာ မြန်မာ-မြောက်ကိုးရီးယားဆက်ဆံရေးကို အထိုက်အလျောက် အစိမ်းရောင်သန်းသွားစေမည်မှာ မလွဲပေ။ ၎င်းက မြန်မာနှင့်အမေရိကန် ဆက်ဆံရေးကောင်းဖြင့် ရှေ့ဆက်ဦးမည့်သဘောထားကို ထပ်ဆင့်အတည်ပြုလိုက်သကဲ့သို့ ဖြစ်နေ၏။ မြန်မာနိုင်ငံတွင် ယုံကြည်ခိုင်မာသည့် အစိုးရရှိလာပြီဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ်များကိုသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ခင်းကျင်းပြသရေး၌ ဤအချက်ကို အသုံးချမည်မှာ သံသယ၀င်စရာမရှိပေ။ ဤကြေငြာချက်သည် တရုတ်နိုင်ငံ၏အမြင်သဘောထားကိုလည်း မျက်စပစ်ပြလိုက်ရာ ရောက်၏။ အဘယ်ကြောင့်ဆိုသော် မြောက်ကိုးရီးယား၏ အစောပိုင်းနှင့် လတ်တလော စမ်းသပ်ချက်များအပေါ် တရုတ်မှ ဝေဖန်ထားသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ၌ အာဃာတတရား မရှိကြောင်း သရုပ်ဖော်ချက်ဟုလည်း ဆိုနိုင်ပေသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ သမူဟအစဉ်အလာများမှ သာဓကတစ်ရပ်ကို ခေတ်သစ်ကမ္ဘာသို့ သယ်ဆောင်ချပြလိုက်ခြင်းဟု အချို့က သုံးသပ်ကြသည်။

ဤထုတ်ပြန်ပြောကြားရန် ဆုံးဖြတ်ရာ၌ သက်တမ်းကုန်သွားသည့် ဦးသိန်းစိန်အစိုးရ၏ ကိုယ်ပိုင်ပြုမူချက်သက်သက်လော၊ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် တိုင်ပင်ထားထားလေသလော၊ အနာဂတ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှု သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု ပါဝင်လေသလော ဟူသည်ကို နိုင်ငံခြားသုတေသီများမှ မသိနိုင်ကြချေ။ တိကျသည့်ကောက်ချက်တစ်ရပ် ချပြရန် မလွယ်ကူသော်လည်း နိုင်ငံခြားရေးဝန်ကြီး၏ ၎င်းထုတ်ပြန်ချက်ကို ဒေါ်စုကြည်မှ လက်သင့်ခံပြီး ဖြစ်နိုင်ပေလိမ့်မည်။ အကြောင်းသော် ပြီးခဲ့သည့်ဇွန်လတွင် သူမ၏တရုတ်နိုင်ငံခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာခြင်း (နှင့်) သူမ၏လာမည့်အစိုးရသစ်မှ ဆက်လက်ကျင့်သုံးအံ့သော နိုင်ငံခြားရေးမူဝါဒအား အံဝင်ခွင်ကျ အားဖြည့်ပေးရာရောက်နေခြင်းကြောင့် ဖြစ်၏။

သို့သော် မြန်မာသည် မြောက်ကိုးရီးယားနှင့်ဆက်ဆံရေးအား မည်သည့်အတိုင်းအတာအထိ လျှော့ချမည်နည်းဟူသည်ကို မေးခွန်းထုတ်ရန် ကျန်ရှိနေပါသေးသည်။ ဦးသိန်းစိန်သည် စစ်တပ်အား မည်မျှအဆင့်အထိ ထိန်းချုပ်ကိုင်တွယ်ထားသည်မှာ သေချာတပ်အပ် မဆိုနိုင်သေး။ ထို့အတူ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးကိစ္စသည်လည်း နောက်ထပ်အရေးကြီးသော အချက်တစ်ရပ် ဖြစ်နေသည်။ ဆက်ဆံရေးကဏ္ဍ၌ အနှုတ်လက္ခဏာဖက် ရောက်လာသော်လည်း တပ်မတော်သည် အဆိုပါ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွှယ်နေမှုအား တိကနဲဖြတ်တောက်လိုမည် မဟုတ်သဖြင့် အထက်ပါမေးခွန်းများမှာ အရေးကြီးလှပါကြောင်း။

(Georgetown တက္ကသိုလ် အာရှရေးရာ ဂုဏ်ထူးဆောင် အကြံပေးပါမောက္ခ (နှင့်) Johns Hopkins တက္ကသိုလ် အဆင့်မြင့်နိုင်ငံတကာရေးရာဋ္ဌာန၏ ဧည့်သည်တော်ပညာရှင် David I. Steinberg ၏ Myanmar turns its back on North Korea သုံးသပ်ချက်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

Leave a Reply