တက္ကသိုလ်နွယ်ထွန်း တင်ပြသည်
(၁)
မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ သမဂ္ဂ၏ကြွေးကြော်သံ မဂ္ဂဇင်းကို ထုတ်ဝေမည်ဟု သိရ သည်။ ယခုနှစ်တွင် ဤသို့သိရခြင်းမှာ မဂ္ဂဇင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ်ဟု ဆိုရပေမည်။ အကြောင်း ဆိုသော် လွန်ခဲ့သော ၄ နှစ်လောက်ကလည်း ဤသို့ပင်သမဂ္ဂမှ မဂ္ဂဇင်းထုတ်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်ပေသည်။ ထိုစဉ်က သမဂ္ဂအမှုဆောင်များ မဂ္ဂဇင်းတာဝန်ခံများမှာ အောက်တိုဘာကိစ္စနှင့် အဖမ်းခံခဲ့ရ ပြီး ထောင်ထဲ ရောက်ခဲ့ကြရသဖြင့် မဂ္ဂဇင်းကိစ္စမှာ ပျက်ပြားသွားခဲ့ရလေသည်။
ယခုနှစ်တွင် ပွဲဦးထွက် အဖြစ်ဖြင့် အမဂ္ဂမှ မဂ္ဂဇင်းထုတ်မည်ဆိုသောအခါ ကျွန်တော့်အဖို့ အကြောင်းတရပ်ကို သတိမရဘဲ မနေနိုင်ဖြစ်ရသည်။ ၎င်းမှာစစ်ပြီးခေတ် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး ဥက္ကဌ ကိုလှမောင်၏ အကြောင်းပင်ဖြစ်တော့သည်။ ကိုလှမောင်သည် ကျောင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့် တောခိုသွားခဲ့သည်။ တောခိုယင်းပင် ကွယ်လွန်သွားခဲ့ရပေသည်။
ကိုလှမောင်နှင့် ကျွန်တော်မှာ ကောင်းစွာရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့ကြသည်။ ၎င်းအကြောင်းကို ကျွန်တော်သိသမျှတင်ပြရန်သည် ကျွန်တော်၏၀တ်တရားတစ်ခုဟု ယူဆလိုပါသည်။
(၂)
ဂျပန်ခေတ်မှ စတင်၍ ကိုလှမောင်နှင့် ကျွန်တော်သိကျွမ်းခဲ့ရသည်။ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အာရှလူငယ်များအစည်းအရုံးခွဲသည် နယ်အတွင်း၌ အာရှလူငယ် အစုခွဲများကို အမြောက်အများ ဖွဲ့စည်းနိုင်ခဲ့သည်။ ကန့်ဘလူမြို့၏ အာရှလူငယ် အစည်းအရုံးခွဲ၏ အတွင်းရေးမှူး ကိုဗစိန်း (ယခုမန္တလေးမြို့ ၈၃ လမ်းမှ ဂျုံစက်တစ်ခုတွင် အလုပ်လုပ်နေသူ) နှင့် စာကြည့်တိုက်မှူးဖြစ်သူ ကျွန်တော်တို့သည်နယ်အတွင်းသို့ ကြိမ်ဖန်များစွာ အစည်းအရုံးကိစ္စနှင့် ရောက်ခဲ့ကြသည်။ ထန်းတပင် (ဇီးကုန်း)နယ်
ဘူးကြီးရွာသို့ ရောက်သောအခါ ကိုလှမောင်နှင့် တွေ့ရပေတော့သည်။
ကိုဗစိန်းနှင့် ကိုလှမောင်သည် စစ်မဖြစ်မီက ရွှေဘို အက်စ်-ပီ-ဂျီ အထက်တန်းကျောင်းတွင် ကျောင်းနေဘက်များဖြစ်ခဲ့ကြ၏။ သို့ဖြင့် ကိုဗစိန်းကို အကြောင်းပြု၍ ကိုလှမောင်ကို ကျွန်တော်သိရ၏။ စစ်ဖြစ်လာသဖြင့် ရွှေဘိုမှ ဘူးကြီးရွာသို့ ကိုလှမောင်တို့ မိဘများပြောင်းရွှေ့ နေထိုင်ကာ စစ်ဘေးကို ခိုလှုံနေကြခြင်းဖြစ်လေသည်။ ဘူးကြီးရွာတွင် အာရှလူငယ် အစုခွဲဖွဲ့သောအခါ ကိုလှမောင်သည် ဥာဏဗလမှူးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့လေသည်။
ကိုလှမောင်သည် ဘူးကြီးရွာမှာပင် ဖွားမြင်ခဲ့သည်။ ကွယ်လွန်သူမြေပိုင်ရှင် ဦးထွန်းစိန်နှင့် ဒေါ်မယ်မတို့၏သားသမီး ၅ ယောက်အနက် ဒုတိယသားဖြစ်သည်။ ၎င်း၏ အထက်တွင် အစ်ကို တစ်ယောက်ရှိ၍ ၎င်း၏အောက်တွင် နှမ ၃ ယောက်ရှိလေသည်။ ရွှေဘိုအက်စ်ပီဂျီကျောင်းမှ ၁၀ တန်းအောင်ပြီး မန္တလေး ဥပစာကောလိပ်သို့ ဆက်လက်ပညာသင်ယူနေရာမှ စစ်ဖြစ်၍ ကျောင်းထွက်ခဲ့ရသည်။
ကိုလှမောင်၏ ဘ၀နှင့် စိတ်ဓါတ်တို့မှာ ကွာခြားခဲ့လေသည်။ ယင်းသို့ ကွာခြားမှုကြောင့် ဤသို့သော အဖြစ်မျိုးသို့ ရောက်ရှိ သွားခဲ့သည်ဟုဆိုလျှင် မှားလိမ့်မည်မထင်ပေ။ ၎င်း၏မိဘမှာ ပစ္စည်းဥစ္စာ ကြွယ်ဝသူများဖြစ်၏။ ဘူးကြီးရွာအနီး တ၀ိုက်နှင့် ရွှေဘို အနောက်ပိုင်း ညောင်ပင်သာကံသာကုန်း မြင်းစီးရွာ တ၀ိုက်တွင် ၎င်း၏မိဘပိုင်လယ်ဧက ၅၀၀၀ ခန့်ရှိခဲ့၏။ မိဘကမြေပိုင်ရှင် ဘ၀ ရောက်နေခြင်းကိုပင် ကိုလှမောင်သည် မလိုလားခဲ့ကြောင်း သိခဲ့ရသည်။ အတိုးပေးရာ၌ အဆမတန် အတိုးယူခြင်းများကို တွေ့သောအခါ အမြဲကန့်ကွက်ခဲ့သည်။ အတိုးများများ ယူခြင်းသည် မရှိဆင်းရဲသား လယ်လုပ်သူတို့အား ရက်စက်ခြင်းဟုယူဆခဲ့သူ ဖြစ်လေသည်။
ကန့်ဘလူမြို့နယ်အတွင်း အာရှလူငယ်လုပ်ငန်းများ လုပ်တိုင်း ကိုလှမောင် ပါသည်။ အသင်းကိစ္စတွင် အထူးစိတ်ပါဝင်စားခဲ့သည်။ ထိုစဉ်က ဘူးကြီးရွာမှ ကိုလှမောင်နှင့် ၀က်တိုးရွာမှ ဆရာချယ်တို့သည် နိုင်ငံရေးအမြင်ရှိ၍ အသိဥာဏ်ကြွယ်ဝသူများ ဖြစ်ကြောင်းတွေ့ခဲ့ ရပေသည်။ ဆရာချယ်ဆိုသူကား အခြားမဟုတ် မကြာမီက အင်္ဂလန်မှ ပြန်လာခဲ့သူ ယခု ရမည်းသင်းတောင်ပိုင်း ပြည်သူလွှတ်တော် အမတ် ဦးဘိုးချယ် ပင် ဖြစ်လေသည်။
(၃)
ခေတ်တခေတ်ပြောင်းလဲသွားကာ ဂျပန်များ ဗမာပြည်မှ ဆုတ်ခွာသွားပြီး အင်္ဂလိပ်များ ရောက်ရှိလာခဲ့ပြန်သည်။ ကိုလှမောင်နှင့် ကျွန်တော်သည်လည်း အဆက်ပြတ်သွားခဲ့ပြီး ၎င်းသည် မန္တလေးဥပစာကောလိပ်ကို ဆက်တက်စဉ် ကျွန်တော်လည်း ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ဒုတိယအကြိမ် ပညာဆက်လက်သင်ယူစဉ် နှစ်ဦးနှစ်ဝ ပြန်လည်တွေ့ကြပြန်သည်။
ထိုစဉ်က ကျွန်တော်သည် တက္ကသိုလ်ကျောင်းဝင်းအနီး၌ နေထိုင်၏။ ကိုလှမောင်က ရတနာပုံကျောင်းဆောင်၌ နေ၏။ ကိုလှမောင် မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ပထမဆုံး ဥက္ကဌဖြစ်ရသော အကြောင်းနှင့် ပတ်သက်၍ ကျွန်တော်မမေ့နိုင်သော အချက်တစ်ရပ်ကို ဖေါ်ပြရပေဦးမည်။
ရတနာပုံကျောင်းဆောင်နေ ကိုလှမောင်ထံ ကျွန်တော် မကြာခဏရောက်၏။ ကျောင်းဆောင်သဟာယ နှင့် စာကြည့်သင်းမှ စာအုပ်များကို ၎င်းကိုအကြောင်းပြု၍ ကျွန်တော်ငှား၍ ဖတ်နိုင်ခဲ့၏။ ၎င်းထံ ကျွန်တော် ရက်အတန်ကြာမသွားဘဲ နေလျှင် “ဟေ့-ဘာလို့မလာတာလဲ” ဟု မေးလေ့ရှိ၏။ တနေ့သ၌ ကျွန်တော်ကျောင်းဆောင် ၎င်းထံသို့ ရောက်နေစဉ် ကိုဘစီ(ထိုစဉ်က ဥပစာ အထက်တန်းကျောင်းသားယခု ဘီအယ်လ် အောင်ပြီးသူ)က “ကျုပ်တို့တော့ ကိုလှမောင်ကို ဥက္ကဌတင်ရမှာပဲဗျို့”ဟု ခပ်ပြုံးပြုံးပြော
လိုက်ရာ ကုတင်ပေါ်၌ လဲလျောင်း၍နေသော ကိုလှမောင်က “အမယ်လေး မလုပ်ပါနှင့်ဗျာ-မလုပ်ပါနှင့်”ဟု ပြုံးဝင့်သော မျက်နှာဖြင့်ပြန်၍ ပြောလိုက်လေသည်။ သမဂ္ဂဖွဲ့စည်းရန် ဥက္ကဌနေရာအတွက်ညှိုနှိုင်းပြောဆိုနေကြခြင်း ဖြစ်၏။ တရက်-နှစ်ရက်မျှ အကြာတွင် သမဂ္ဂကိုဖွဲ့စည်းပြီးရာ ကိုလှမောင်ပင် ဥက္ကဌဖြစ်သွား၏။ အတွင်းရေးမှူးမှာ ကိုမောင်လေး(လူထုဒေါ်အမာ၏မောင်) ဖြစ်လေသည်။ ယခုဈေးချိုရတနာပုံ ဖိနပ်ဆိုင်ရှင် ကိုမောင်လေး(ဘီအေ) ပင်တည်း။
ထိုစဉ်က ရတနာပုံကျောင်းဆောင် အပေါ်ထပ် အရှေ့ဘက်ရှိ အခန်းတခုတွင် ကိုလှမောင်၊ ကိုဘစီ၊ကိုကြည် (ယခုအလုပ်သမား အရာရှိ ဖြစ်နေသူ)နှင့် ကိုအုန်း(ယခု နိုင်ငံခြားရောက်နေသူ)တို့ နေထိုင်ကြ၏။ အားလုံး ဥပစာတန်းကျောင်းသားများဖြစ်၏။ ၎င်းတို့ လေးဦးစလုံးနှင့် ကျွန်တော်ခင်မင်ခဲ့ရသည်။
ကိုလှမောင် ဥက္ကဌဖြစ်စဉ် သမဂ္ဂ၏ အာဘော် “ကျောင်းသားသတင်းစဉ်” ကို ကျောက်ပုံနှိပ်၍ ထုတ်ဝေခဲ့၏။ သတင်းစဉ်စာတည်းမှာ ကိုမောင်မောင်ဆိုသူဖြစ်၏။ သမဂ္ဂ၏ အမျိုးသမီးဌာနမှူးမှာ မသန်းသန်း ဆိုသူဖြစ်၏။ ကိုမောင်မောင်နှင့် မသန်းသန်းကို ကိုလှမောင်က မိတ်ဆက်ပေး၍ ကျွန်တော်သိရှိခဲ့ရသည်။ နောင်သောအခါ ကိုလှမောင်၊ ကိုမောင်မောင်နှင့် မသန်းသန်းတို့ အားလုံးသည် တောခိုသွားခဲ့ကြလေသည်။
စာတည်းကိုမောင်မောင်မှာ ယခုမန္တလေးတက္ကသိုလ် ဥပစာ(ခ ပိုင်းမှ ခင်ခင်အေး)၏ အစ်ကိုဖြစ်၍ သူလည်းတောခိုယင်း ကွယ်လွန်သွားခဲ့ရသူ ဖြစ်လေသည်။
(၄)
ထိုစဉ်က မန္တလေးဥပစာကောလိပ်နှင့် မန္တလေးခရိုင်မှ ကျောင်းသားကိစ္စ ဟူသမျှတွင် ကိုလှမောင်မပါလျှင် မပြီးတော့ချေ။ နောက်ဆုံး၌ မန္တလေးဥပစာကောလိပ်၏ ဥက္ကဌသာမက မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌအဖြစ်ပါ ကိုလှမောင် အဖို့တာဝန်ယူခဲ့ရလေသည်။
၁၉၄၉ခု၊ ကျွန်တော်အမျိုးသားကျောင်း(၈)တန်း၌ရှိစဉ် မန္တလေးမြို့၏ အခြေအနေမှာ အတော်ဆိုးဝါး၍ လာခဲ့သည်။ မန္တလေးသူရိယ ကိုသန်းမောင်ဦးစီးသော ဒီမိုကရေစီ တပ်ပေါင်းစုတွင်လည်း ကိုလှမောင်ပါခဲ့သည်။ တပ်ပေါင်းစုတွင် ကိုလှမောင်ပါသွားခြင်းဖြင့် တကယ့်အရေးကြီးသော အချိန်တွင်လည်းတကယ့်အလုပ်ကို ကိုလှမောင် လုပ်ခဲ့ရလေတော့သည်။ တောခိုသွားတော့သည်။
၁၉၄၉ ခုနှစ်၌ကား ကျွန်တော်သည် မန္တလေးစီဗီလိုင်းရပ်တွင်နေ၏။ တနေ့တွင် ကျွန်တော်ရေချိုးနေခိုက်စတေရှင်ဝက်ဂွန်းကားဖြင့် ကိုလှမောင် ဖြတ်သွားသည်ကိုမြင်လိုက်ရ၏။ ဆံပင်မှာ ဖီးထားခြင်းမရှိ၊ ကဘိုကယို ဖြစ်နေသည်ကို မြင်လိုက်ရ၏။ တာဝန်ဝတ္တရားအရ သွားလာနေသည်ကိုဟု ကျွန်တော်ရိပ်မိသိရှိသဖြင့် နှုတ်ဆက်ခြင်း မပြုလိုက်ပေ။ သူကလည်း ကျွန်တော်ကို နှုတ်မဆက်နိုင်ချေ။
ထိုအခါကား ကျွန်တော်သည် ကိုလှမောင်ကို နောက်ဆုံးမြင်လိုက်ရခြင်းပင် ဖြစ်လေသည်။ ထိုနေ့က ၎င်းသည် ကျွန်တော်နေသောအိမ်နှင့် မနီးမဝေးရှိ မန္တလေးတိုင်းဒုတိယပညာဝန်ဦးကြင်ပုနှင့် လာတွေ့ကာ ပညာရေးကိစ္စများ ဆွေးနွေး သွားသည်ဟု သိလိုက်ရသည်။ ကိုလှမောင်သည် တောတွင်း၌ ကျောင်းသားခေါင်းဆောင် ဗ-က-သ အထက်ဗမာပြည်တာဝန်ခံအဖြစ် တာဝန်ယူရသည်ဟု ဆိုလေသည်။
(၅)
နောက်ပိုင်း၌ ကိုလှမောင်နှင့် ကိုမောင်မောင်တို့သည် တောတွင်း၌ သေဆုံးကြပြီဟု ကြားရတော့သည်။ မိတ်ဆွေအချို့အား “ကိုလှမောင်တို့ ဆုံးတာမှန်သလား”ဟု မေးခဲ့ရသည်။ မှန်သည်ဟု ဖြေကြသည်။
လွန်ခဲ့သော(၃)လလောက်က ဤဆောင်းပါးအတွက် အထောက်အကူ ဖြစ်စိမ့်သောငှါ မန္တလေးသူရိယကိုသန်းမောင်(ထိုစဉ်က သတင်းစာပြန်ထုတ်ရန် စီစဉ်နေဆဲ အခါဖြစ်သည်) ကို၊ ကိုလှမောင်တို့ သတင်းကို ကျွန်တော်မေးကြည့်ဖူးရာ ကိုလှမောင်တို့ သေဆုံးရပုံကို ဤသို့ကိုမောင်သန်းက ပြောပြလေသည်။
သူ့နောက်ကြောင်းတွေကိုတော့ ခင်ဗျားတို့သိမှာပါပဲ၊ ၁၉၄၉ခုနှစ်က ကျွန်တော်တို့ တောခိုတယ်၊ ပထမဆုံး တံတားဦးနယ်ဘက်ကိုထွက်သွားတယ် ကိုလှမောင်တို့လဲပါတယ်။
၁၉၄၉ခုနှစ် အလယ်လောက်မှာ ပြည်မြို့မှာတောတွင်းကျောင်းသား ကွန့်ဖရင့်လုပ်တယ်။ အဲဒီကွန့်ဖရင့်ကို ကိုလှမောင်နှင့် ကိုမောင်မောင် လဲတက်ဖို့ ဆိုပြီးသွားကြတယ်။ ဒါနဲ့ မကွေးမှာ မကွေးပြည်သူ့ရဲဘော်က၊ ကွန်မြူနစ်ကျောင်းသားတွေ ဆိုပြီးဖမ်းတယ်ဂိုဏ်းဂဏစိတ်တွေ သိပ်ပြင်းထန်နေတဲ့အချိန်မို့ သူတို့နှစ်ယောက်ကို ပြည်သူ့ရဲဘော်က မကွေးမှာပဲ သတ်ပစ်လိုက်တယ်။ သူတို့နှစ်ဦးစလုံးသေတာအမှန်ဘဲ။
ကိုလှမောင်နှင့် ကျောင်းသားသတင်းစဉ်စာတည်း ကိုမောင်မောင်တို့သည် ဤသို့ဤနှယ် သေဆုံးသွားခဲ့ ကြရသည်။
(၆)
ကိုလှမောင်နှင့် ကိုမောင်မောင်တို့၏ အလောင်းများထည့်ထားသည့် ခေါင်းများပေါ်တွင် ကျောင်းသားအလံလွှမ်း၍ ရိုက်ထားသောဓါတ်ပုံကို ကမ္ဘာ့ကျောင်းသားစာစောင် (World Student News)တွင် ပါရှိခဲ့သည်ကိုမှတ်မိပါသည်။
လွန်ခဲ့သော ၃နှစ်လောက်က မန္တလေးဆရာအတက်သင်သိပ္ပံသို့ လာရောက်တက်သော ကိုလှမောင်၏နှမ မခင်ပုထံသို့ ကျွန်တော်သွားရောက် တွေ့ဆုံခဲ့ဖူးပါသည်။ ၎င်းတို့မောင်နှမတစု ကိုလှမောင်သေဆုံးသွားသည်ကို သိရှိသော်လည်း ၎င်းတို့၏ မိခင်ကိုမူ သေသည်ဟုမပြောဘဲ ဖုံးထားကြောင်း၊ တောခိုနေသည်၊ တောထဲမှာ ရှိသည်ဟုသာ ပြောထားကြောင်းဖြင့် သိရှိခဲ့ရသည်။ မိခင်တဦးအနေဖြင့် သားဖြစ်သူအတွက် အပူမီးတောက်ရှာ ပေလိမ့်မည်။ ယခုအခါမူ နှစ်ကြာလာပြီဖြစ်၍ ကိုလှမောင်၏မိခင်သည်
သား၏အဖြစ်ဆိုးကို သိရှိကောင်း သိရှိနေတော့မည်ဟု တွေးဆမိသည်။
ကိုလှမောင်သည် ဗမာမူစလင်တယောက် ဖြစ်သော်လည်းဗမာကို အထူးချစ်ခင်သူဖြစ်သည်၊ ဗမာလူမျိုးနှင့် ဗမာပြည်ကို မြတ်နိုးသူဖြစ်သည်။ ဗမာပြည်၏အကျိုးကို သယ်ပိုးလာသူဖြစ်သည်။ သူတက်နိုင်သလောက် သူ၏ယုံကြည်ချက်ဖြင့် သယ်ပိုးဆောင်ရွက်သွားသူလည်း ဖြစ်ပေသည်။
လူအနေအားဖြင့် ရုပ်ရည်သန့်ပြန့်သည်၊ အရပ် ရှည်သည်၊ ပကာသနကိုမမက်မော၊ ဓါတ်ပုံရိုက်ခြင်းကိုဝါသနာမရှိ၊ သူ့သူငယ်ချင်းများက ထုံးစံအတိုင်း ဓါတ်ပုံတောင်းတိုင်း ပေးလည်းမပေးခဲ့၊ ပေးစရာလည်းရှိဟန်မတူချေ။
၁၉၄၇ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို ပြန်ဖွင့်ခဲ့သည်။ ထိုနှစ်က ကိုလှမောင် သမဂ္ဂဥက္ကဌ ဖြစ်ခဲ့သည်။ ပထမ ၄ နှစ်အတွင်း သမဂ္ဂဥက္ကဌများမှာ(လှမောင်၊ လှမျိုးသန်း၊ လှညွန့်၊ လှရွှေ) ဟူ၍ “လှဥက္ကဌတွေ” ဆက်နေခဲ့ကြောင်း ပြောစမှတ် ရခဲ့သည်။ ယခုနှစ် ၁၉၅၆-၅၇ အထိ ဥက္ကဌ(၁၀)ဦး ရှိခဲ့ပြီ။ ကိုလှမောင်သည် ပထမဆုံးဥက္ကဌ ဟုမှတ်တမ်းတင်ခဲ့ရပေသည်။
ယခုတော့ ပထမဆုံးဥက္ကဌကြီး ကိုလှမောင်သည် သေဆုံးရှာလေပြီ၊၊ သူတောခိုသည်ကို အပြစ်ဆိုစရာ မဟုတ်သော်လည်း ဂိုဏ်းဂဏစိတ်များပြီး ဗမာအချင်းချင်း အယုံအကြည်ကင်းမဲ့ကာ သတ်ဖြတ်နေခြင်းကိုသာ မုန်းစရာဖြစ်လေသည်။ ပြည်တွင်းစစ်ကိုလည်း မုန်းစရာဖြစ်လေသည်။ ကိုလှမောင်သည် ဗမာတဦးအနေဖြင့် ဗမာသတ်၍သေခဲ့ရသည်။ သူ့မိခင်က မွေးခဲ့သမျှ မောင်နှမတစုတွင် ကိုလှမောင်သည် သားကောင်းတယောက် ကျောက်ကောင်းတစေ့ ဟုဆိုနိုင်လေသည်။
မိမိတို၏ယုံကြည်ချက်ဖြင့် ရွပ်ရွပ်ချွံချွံဆောင်ရွက်ကာ ဗမာပြည်၏အကျိုးကိုသည်ပိုးသွားကြသော ကျောင်းသားခေါင်းဆောင် ကိုလှမောင်နှင့်ကိုမောင်မောင်တို့သည် ကောင်းရာသုဂတိသို့ လားကြပါစေဟူ၍ ဆုတောင်းမိပေသည်။
တက္ကသိုလ်နွယ်ထွန်း
မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(၁၉၅၅-၅၆) မှထုတ်ဝေသော တက္ကသိုလ်မဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၅၆) မှ ကူးယူဖော်ပြသည်။
ဓါတ်ပုံ- နိဗ္ဗာန်ဆော် မဂ္ဂဇင်း
ဆက်စပ် အကြောင်းအရာများ ဖတ်လိုလျင်
———————————–
http://www.m-mediagroup.com/news/tag/student_union
Comments