6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၆၊ ၂၀၁၆
M-Media

turkey

– တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ဗလီပြာ (Blue Mosque) က သတင်းအချက်အလက်စင်တာဟာ အစ္စလာမ့် သတင်းစကားမျှဝေပေးရာ နေရာတစ်ခု ဖြစ်လို့နေပါတယ်။

စာအုပ်စာတမ်းတွေမျှဝေတာ၊ ပရော်ဂျက်တာတွေနဲ့ ရှင်းလင်းပြသတာတွေအပါအ၀င် အဲဒီ အစ္စလာမ့်အသိပညာပေးရေးလုပ်ငန်းကို ဦးစီးလုပ်ဆောင်နေသူကတော့ နိုင်ငံအတွင်းက ပထမဆုံး အမျိုးသမီး ဗလီဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ အီလစ်ဖ် ဇိုင်နပ် ယီလ်မက်ဇ်ပဲဖြစ်ပါတယ်။

ယီလ်မက်ဇ်က သူမဟာ နေ့စဉ် ဒါဇင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အစ္စလာမ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတယ်လို့ ဆိုပါတယ်။

“နေ့စဉ်နေ့တိုင်း ကမ္ဘာလှည့်ခရီးသွား တော်တော်များများဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အသိကို တိုးမြှင့်ဖို့၊ တင်ကူးမှန်းဆမှုတွေကိုအခြေခံတဲ့ မှားယွင်းတဲ့ ထင်မြင်ယူဆချက်တွေကို ဖယ်ရှားဖို့အတွက် ကျွန်မတို့ထံကို ရောက်ရှိလာကြပါတယ်”

ဗလီဝတ်ကျောင်းတော်ကို လာရောက်ပြီး အစ္စလာမ်နဲ့ပတ်သက်လို့ စူးစမ်းလေ့လာကြသူအများစုဟာ အမေရိကန်၊ ဗြိတိန်နဲ့ လက်တင်အမေရိက နိုင်ငံတွေက ဖြစ်တယ်လို့ ယီလ်မက်ဇ်က ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

“အထူးသဖြင့် အမေရိကန်နဲ့ ယူကေကလူတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး သတင်းအမှားပေးခြင်းကို ခံထားရပါတယ်။ ဒါပေမယ့် ဒီဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ်နဲ့ပတ်သက်ပြီး သူတို့ကို သတင်းအချက်အလက်အမှန်တွေ ပေးတယ်။ သူတို့ဆန္ဒရှိမယ်ဆိုရင် ဘယ်လိုဝတ်ပြုရလဲဆိုတာကိုပါ သင်ပေးပါတယ်” လို့ သူမက ဆိုပါတယ်။

နောက်ပြီး အစ္စလာမ်မှာ အမျိုးသမီးတွေဟာ နေ့စဉ်ဘ၀မှာ ပါဝင်လို့မရဘဲ အိမ်တွင်းပုန်းနေရတယ်လို့ ခရီးသွားတွေက မှားယွင်းယူဆထားတာကြောင့် ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် ဗလီဝတ်ကျောင်းတော်တွေကို ၀င်လိုက်ထွက်လိုက်လုပ်နေတဲ့ သူမကိုမြင်တဲ့အခါ အံ့သြမိတယ်လို့ ဖွင့်ဟပြောဆိုကြောင်း သူမရဲ့အတွေ့အကြုံကို ယီလ်မက်ဇ်က ပြောပြခဲ့ပါတယ်။

“ဧည့်သည်တွေက သူတို့စိတ်ထဲမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး ယူဆချက်အမှားတွေပဲ ပြည့်နေတယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့် သူတို့ အမှန်တရားကို ရှာဖွေစူးစမ်းချင်တဲ့စိတ် ရှိတယ်ဆိုတာ တွေ့ရတဲ့အခါမှာတော့ ကျွန်မတို့ တကယ်ပဲ ၀မ်းသာမိပါတယ်”

သစ္စာတရားရှာတွေ့သူ

ယီလ်မက်ဇ်ရဲ့ အသိပညာပေးမှုမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်ကာ အစ္စလာမ့်အေးရိပ်ဆာယာအောက် ၀င်ရောက်ခိုလှုံခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တယ်လို့ သူမက ဖွင့်ဟခဲ့ပါသေးတယ်။

“တစ်ခါက ပြင်သစ်ခရီးသွားတစ်ယောက်ဟာ ရုတ်တရက်ကြီး သူ အစ္စလာမ်ကို သက်ဝင်ချင်တယ်လို့ ပြောလာပါတယ်။ ကျွန်မတို့ တော်တော်လေး အံ့အားသင့်သွားခဲ့ပါတယ်”

ယီလ်မက်ဇ်တို့လို ဧည်လမ်းညွှန်တွေ အစ္စလာမ်နဲ့ပတ်သက်လို့ အသိပညာပေးဝေတဲ့နေရာကတော့ တူရကီက နာမည်ကြီး ဗလီပြာ (Bluse Mosque) ၀န်းကျင်တစ်ဝိုက်ပဲ ဖြစ်ပါတယ်။ အဲဒီနေရာဟာ ယခုလအတွင်းမှာ IS အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရပြီး နိုင်ငံခြားခရီးသွား ၁၀ ဦးလောက် သေဆုံးခဲ့ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်ဆိုးကြီးဟာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကိုတော့ မထိခိုက်ဘူးလို့ သူမက ဆိုပါတယ်။ ဗလီပြာက သတင်းအချက်အလက်စင်တာမှာပြုလုပ်တဲ့ ယီလ်မက်ဇ်ရဲ့ အစ္စလာမ့်သတင်းစကားဖြန့်ဝေမှု အစီအစဉ်ကိုတော့ ကမ္ဘာလှည့်ခရီးသွားတွေဟာ နေ့စဉ် တိုးလို့သာ လာရောက်နေကြပါတယ်။

ဗလီဧည့်လမ်းညွှန်

နိုင်ငံအတွင်းက ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေနဲ့ အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ သမိုင်းဝင်နေရာတွေကို လိုက်လံပြသဖို့အတွက် တူရကီသမ္မတ သာသနာရေးရာဌာန DIB က ဗလီဧည့်လမ်းညွှန်တွေကို သတ်မှတ်ပေးထားပါတယ်။

ဗလီဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ ယီလ်မက်ဇ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ အစ္စလာမ့်သတင်းစကား ဖြန့်ဝေမှုအစီအစဉ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဗလီပြာရဲ့ ပရ၀ုဏ်အတွင်းမှာပြုလုပ်တဲ့ အဲဒီအစီအစဉ်ကို ကမ္ဘာလှည့်ခရီးသွားတွေ အနားယူတဲ့ နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ပြုလုပ်တာဖြစ်ပြီး၊ ဧည်သည့်တွေဆီကနေ အပြုသဘောဆောင်တဲ့မှတ်ချက်တွေရခဲ့တယ်လို့ ယီလ်မက်ဇ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ တူရကီနိုင်ငံဟာ အစ္စလာမ့်သတင်းစကားမျှဝေမှုလုပ်ငန်းမှာလည်း အောင်မြင်မှုတွေရရှိနေပြီး နှစ်စဉ် အစ္စလာမ့်အေးရိပ်ဆာယာအောက်ကို ခိုလှုံလာသူအရေအတွက်ဟာ ရာနဲ့ချီရှိနေတယ်လို့လည်း စစ်တမ်းတွေအရ သိရပါတယ်။

Ref : IINA

Tags: ,

Leave a Reply