ဇန်န၀ါရိ ၃၀၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံရှိ တောင်တန်းဒေသ ကလောမြို့လေးမှ လမ်းဖောက်လုပ်မှုတစ်ခုတွင် ၀ါးခမောက်ဆောင်းထားသည့် အမျိုးသမီးများ အလုပ်ရှုပ်နေကြသည်။ ထိုအမျိုးသမီးများမှာ အာရုဏ်တက်ချိန်ထကာ မနက်စာ မုန့်ဟင်းခါးစားပြီးနောက် ခြစ်ခြစ်တောက်ပူသော နေရောင်အောက်တွင် အခြားသော အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထိုအလုပ်ကြမ်းအား လုပ်ကိုင်နေကြခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် အလုပ်သမ ချိုမီကို၏ ၅ လအရွယ် ကလေးငယ်လေးကတော့ မြေနီများနှင့် ကျောက်စရစ်များ ပတ်လည်ဝိုင်းနေသည့် လမ်းဘေးတွင် ရှိနေ၏။ ထော်နီထော့နန်း တဲငယ်လေးတွင် အိပ်နေရခြင်းက အလုပ်ကြမ်းသမားတစ်ဦး၏ သမီးဖြစ်သည်ကို ဖော်ပြနေလသည်။
လမ်းဖောက်သည့်လုပ်ငန်းတွင် အမျိုးသမီးများ အလုပ်လုပ်နေမှု မြင်ကွင်းက မြန်မာနိုင်ငံတွင် အဆန်းမဟုတ်တော့။ ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသများမှ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားရာ ပုဂံမြို့အထိ လမ်းဖောက်လုပ်မှုများတွင် ကတ္တရာများနှင့် ကျောက်ခဲ၊ သဲများကို ကိုင်တွယ်စီမံရသူအများစုက နေပူဒဏ်ကို ကာကွယ်နိုင်ရန် သနပ်ခါးထူထူလိမ်းထားသည့် အမျိုးသမီးများပင် ဖြစ်လေသည်
ရှေးရိုးစွဲယဉ်ကျေးမှုနှင့် ဆယ်စုနှစ်များစွာကြာရှိခဲ့သည့် စစ်အုပ်ချုပ်ရေးနစ်တို့ကြောင့် မြန်မာအမျိုးသမီးများမှာ ၎င်းတို့ ခံစားချက်များကို အပြည့်အ၀ဖော်ထုတ်ခွင့်မရခဲ့။ သို့သော်လည်း ကျား၊ မ တန်းတူညီမျှမှု ခေတ်စားလာသည့်အခါတွင်တော့ ဖြေရှင်းစရာကိစ္စများက အလျှံပယ်ပေါ်ထွက်လာခဲ့လေတော့သည်။ ထိုအချက်ကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်လေသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း အလွန်အမင်း ကြီးထွားလာခဲ့သည်။ ကျေးလက်ဒေသများတွင် လမ်းမများ၊ မြို့ကြီးများတွင် အဆောက်အဦးသစ်များ အလျှိုအလျှို ပေါ်ထွက်လာကြသည်။ ထိုလုပ်ငန်းများ၏ လုပ်အားတွင် အမျိုးသးမီးများ ပါဝင်မှုအချိုးကလည်း သိသိသာသာပင် မြင့်တက်လာခဲ့လေသည်။ ထိုလုပ်ငန်းများက ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော်လည်း လုပ်ငန်းပိုင်ဆိုင်ရာ လျော့ရဲသည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများက ၎င်းတို့အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေလေ၏။
လူဦးရေ ၅၁ သန်းရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင်ပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ မျှော်လင့်မထားသည့် အခြေအနေမျိုးကို တွေ့မြင်နေရသည်။ စမ်းချောင်းမြို့မှ ဆောက်လုပ်ဆဲတိုက်ခန်းတစ်ခု၏ သုံးလွှာတွင် ပုံထားသည့် ဘိလပ်မြေအိတ်များနှင့် မဆလာပုံအကြားတွင် ဒန်အိုးဒန်ခွက်အချို့၊ တီဗီတစ်လုံးနှင့် ကလေးပုခက်တစ်ခုတို့ ရှိနေသည်။
“ကျွန်မက ဒီမှာ လက်သမားအလုပ် လုပ်ပါတယ်” ဟု အသက် ၂၄ နှစ်အရွယ် ချောစုခိုင်က ပြောကြားခဲ့သည်။ သူမမှာ အသက် ၄ နှစ်နှင့် အသက် ၈ လအရွယ် ကလေးနှစ်ယောက်နှင့်အတူ လွန်ခဲ့သည့် ၈ လလုံးလုံး အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။ လူအမြောက်အများသေဆုံးခဲ့သည့် ၂၀၀၈ ခုနှစ် ကြောက်မက်ဖွယ်ရာ နာဂစ်မုန်တိုင်းကြောင့် သူမနေထိုင်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို စွန့်ခွာခဲ့ရကာ လက်သမားဘ၀သို့ ရောက်ရှိနေခြင်းဖြစ်သည်။
“အခုအချိန်အထိ အဲဒီမှာ အလုပ်မရှိဘူးရှင့်။ စိုက်ဖို့ပျိုးဖို့ကလည်း ခက်တယ်လေ” ဟု သူမက ပြောကြားခဲ့သည်။ သို့သော်လည်း သူမ၏ ခင်းပွန်းသည်က အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ပင် အလုပ်လုပ်သောကြောင့် သူမ ကံကောင်းသည်ဟု ဆိုနိုင်သည်။
“(အဲဒီအမျိုးသမီးတွေဟာ) တော်တော်လေးချို့တဲ့ကြတဲ့ မိသားစုတွေကနေ လာကြတာပါ။ တစ်ချို့တွေဆိုရင် ခင်ပွန်းမရှိတော့ဘူး။ တစ်ချို့ဆိုရင် ယောက်ျားက နိုင်ငံခြားသွားအလုပ်အလုပ်ပြီး သူတို့က ကြုံရာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၀င်လုပ်ကြရတာပါ” ဟု ၈၈ မျိုးဆက်အဖွဲ့မှ တက်ကြွလှုပ်ရှားသူ မမာမာက ပြောကြားခဲ့သည်။
အိမ်ထောင်ဦးစီးရှားပါးမှု
၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းကောက်ယူမှုအရ မြန်မာနိုင်နိုင်ငံရှိ အိမ်ထောင်စုများ၏ ၄ ပုံ ၁ ပုံတွင် အိမ်ထောင်ဦးစီးများ မရှိကြဟု သိရသည်။ အများစုမှာ မလေးရှား သို့မဟုတ် ထိုင်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် အချို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲသို့ ၀င်သွားကြခြင်းဖြစ်သည်။ ထိုကဲ့သို့ ခင်ပွန်းများ မရှိမှုကြောင့် အမျိုးသမီးများမှာ လယ်ယာလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ကာ မိသားစု ၀မ်းဝ၊ ခါးလှအောင် ဆောင်ရွက်ပေးနေ ကြရလေသည်။
မအေးသန်းကတော့ အခြားရည်ရွယ်ချက်ရှိနေသည်။ “ကျွန်မက အိမ်ထောင်ကွာရှင်းထားသူပါ” ဟု လမ်းခင်းရန် မဆလာဗန်းကို ရွက်ထားသည့် အသက် ၄၃ နှစ်အရွယ် သူမက အသံတိမ်တိမ်ဖြင့်ပြောကာ ဆက်လျှောက်သွားလေသည်။
ရှေးရိုးစွဲဓလေ့ထုံးတမ်းများရှိနေသော မြန်မာနိုင်ငံတွင် ကွာရှင်းပြတ်စဲခြင်းက အမျိုးသမီးများအပေါ် နှာခေါင်းရှုံ့စရာဖြစ်နေပြီး ကလေးငယ်များရှိပါက ၎င်းတို့၏ ၀န်ထုတ်ဝန်ပိုးမှာ ပို၍ပင် ကြီးထွားလာလေသည်။ အထူးသဖြင့် မြို့ကြီးများတွင် ကျေးလက်ဒေသများမှ ကွာရှင်းထားသူများနှင့် ခင်ပွန်းမရှိသူ အမျိုးသမီးများအတွက် လမ်းခင်းသည့်အလုပ်သာ လုပ်စရာရှိနေလေသည်။ ချောစုဆိုသည့် အမျိုးသမီးတစ်ဦးမှာ လူငါးသန်းရှိသည့် ရန်ကုန်မြို့မြောက်ပိုင်းမှ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုနှင့် မဝေးလှသည့်နေရာတွင် လူစည်ကားသည့်လမ်းမကြီးဘေး၌ ပလက်စတစ်တဲထိုးကာ နေထိုင်ရသည်။ အိမ်သာမရှိ၊ ရေမရှိ၊ အိပ်ယာမရှိ။ ကြွက်များနှင့် ပိုးဟပ်များသာ ရှိလေသည်။
“ကျွန်မက ဘိလပ်မြေမဆလာဗန်းရွက်တဲ့အလုပ် လုပ်ပါတယ်” ဟု သူမက ရှင်းပြသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အမျိုးသမီးအလုပ်သမားများကို ခန့်ထားလုပ်ကိုင်စေမှု အကြောင်းအရင်းက အလွန်ရိုးရှင်းလေသည်။ ၎င်းတို့မှာ လုပ်အားခဈေးပေါသောကြောင့်ဖြစ်သည်။
“အမျိုးသမီးတွေဟာ ခေါင်းပုံဖြတ်ခံနေရပါတယ်။ အမျိုးသားတစ်ဦးက တစ်နေ့ကို လုပ်ခ ၂၅၀၀ ကျပ်ရရင်၊ အမျိုးသမီးတွေက ၂၀၀၀ လောက်ပဲရပါတယ်” ဟု မမာမာဦးက ပြောကြားခဲ့သည်။ ချောစုခိုင်က ခင်ပွန်းနှင့်အတူ အလုပ်လုပ်ကိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းတွင် သူမမှာ တစ်နေ့ကို ၄၅၀၀ ကျပ် ရရှိကာ၊ ခင်ပွန်းဖြစ်သူမှာ တစ်နေ့လျှင် ၅၀၀၀ ကျပ် ရရှိလေသည်။ သူမတို့ ၂ ဦးစလုံးမှာ ကျွမ်းကျင်လုပ်သားများဟု မှတ်ယူခံရခြင်းကြောင့် ဖြစ်လေသည်။
အမျိုးသမီးများမှာ ကိုင်တွယ်ထိန်းကျောင်းရ ပိုမို လွယ်ကူပုံရသည်။ အလုပ်သမားများမှာ အမျိုးသမီးများသာဖြစ်သော်လည်း ၎င်းတို့အား ကြီးကြပ်သူကတော့ အမျိုးသားဖြစ်နေသည်။ သို့သော် ထိုအချက်က နိုင်ငံ၏ ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်က အမျိုးသမီးသမီးဖြစ်နေသည်ဆိုသော အချက်နှင့် သဟဇာတမဖြစ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်အုပ်ချုပ်မှုလက်အောက် နေခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှာ ၂၅ နှစ်အတွင်း ပထမဆုံးသော လွပ်လပ်သည့် ရွေေးကာက်ပွဲတစ်ခု ကျင်းပခဲ့သည်။ ရလဒ်အနေဖြင့် လူထု၏ တစ်ခဲနက်ထောက်ခံမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည်အား ဦးဆောင်ခွင့် ရခဲ့လေသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်သည်ဆိုသောအချက်က လူကြိုက်များမှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိစေခဲ့သည့် သူမအနေဖြင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရမည်ဖြစ်သည်။ စစ်တပ်ကတော့ အဓိက၀န်ကြီး ၃ နေရာ၊ လွှတ်တော်နေရာ လေးပုံတစ်ပုံဖြင့် အာဏာကို ဆက်လက်ရယူထားသည်။ တစ်ချို့သောတက်ကြွလှုပ်ရှားသူများက မျှော်မှန်းမှုက နည်းနေသော်လည်း သူမအနေဖြင့် နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ အခြအနေနေကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်နေကြသည်။
ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါအောင်ဆန်းစုကြည်က မိမိပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် ၁၅ ရာခိုင်နှုန်းသာ ရှိခြင်းက ထိုနေရာနှင့် သင့်လျော်သူများ၊ ထိုနေရာတွင် လုပ်ချင်စိတ်ရှိသူများကို ရှာဖွေရန်ခက်ခဲမှုကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ၀န်ခံပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ လူမှုဘ၀ပုံစံက အမျိုးသမီးများကို အမျိုးသားများ၏ လက်အောက်ခံအဖြစ် ရှုမြင်သတ်မှတ်သည့်ပုံစံ ဖြစ်သည်။ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကျန်းမာရေးပြဿနာများကဲ့သို့ အခြေခံပြဿနာများကို ဖြေရှင်းရန် ရှိနေခြင်းကြောင့် ဦးဆောင်မည့်သူမှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည် လာမည့်အစိုးရသစ်လက်ထက်တွင် ကျား၊ မ တန်းတူညီမျှရေး ကိစ္စမှာ
ဦးစားပေးအဖြစ် ပါဝင်မည့်အလားအလာ မရှိ။
သို့သော်လည်း ကျား၊ မ တန်းတူညီမျှရေးကွန်ရန်မှ ဒေါ်မေစံပယ်ဖြူကမူ “တကယ်လို့ ကျွန်မတို့ တစ်ခြားဟာတွေမပြောဘဲ စားနပ်ရိက္ခာ၊ နေထိုင်စရာနဲ့ စီးပွားရေးတွေအကြောင်း ပြောမယ်ဆိုရင်တောင်မှ ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်မျိုးမှာ အမျိုးသမီးနည်းနည်းသာရှိတာက အဓိကပြဿနာပါ။ ဒါက အလုပ်သမားတွေကို ကာကွယ်ဖို့ ဥပဒေတွေ၊ အမျိုးသမီးတွေလိုအပ်နေတဲ့ ၀န်ဆောင်မှုတွေကို ပြဌာန်းဆောင်ရွက်ဖို့ ဆန္ဒတွေ ရှိမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရှုထောင့်ကို ပြောင်းလဲချင်မယ်လို့ ကျွန်မ မမြင်ပါဘူး။ အထူးဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ သူက မထင်ပါဘူး။ ချို့တဲ့နောက်ခံက လာရတဲ့အခါ နေရာတိုင်းမှာ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း သူက ဦးစားပေးလောက်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
ယဉ်ကျေးမှုအဆီးအတားများကလည်း ကျန်းမာရေး၊ မွေးဖွားမှုထိန်းချုပ်ရေးနှင့် ကွာရှင်းပြတ်စဲမှုတိုကဲ့သို့ ပြဿ နာများနှင့် ပတ်သက်၍ မြန်မာအမျိုးသမီးများအတွက် ကန့်သတ်ထားသလို ဖြစ်နေသည်။ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း အမျိုးသမီးများကို ၎င်းတို့၏ မိသားစုအသိုင်းအ၀ိုင်းမှ ပြန်လက်မခံသည့် ထုံးစံများကလည်း မြန်မာနိုင်ငံတွင် အထူအဆန်းမဟုတ်တော့။ ထိုအချက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ လမ်းဖောက်လုပ်ရေးလုပ်ငန်းများတွင် အမျိုသမီးများကို လွယ်လွယ်ကူကူတွေ့ရှိနိုင်သည့် အကြောင်းအရင်းဖြစ်နေပေသည်။
သို့သော်လည်း မြန်မာနိုင်ငံက နားလည်ရခက်သည့်နိုင်ငံမျိုးဖြစ်သည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍက တစ်ခါတစ်ရံတွင် ရှေ့နောက်မညီညွတ်။ The Female Voice of Myanmar (မြန်မာအမျိုးသမီးများ၏ အသံ) စာအုပ်ကို ရေးသားခဲ့သည့် နီလန်ဂျာနာ ဆန်ဂွပ္ပတာက မြန်မာနိုင်ငံတွင် ကျား၊ မ တန်းတူညီမျှမှုမှာ ဥပမာအားဖြင့် အမွေဆက်ခံခြင်း၊ လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းတို့နှင့် ဆက်နွယ်သည့်ကိစ္စများတွင် သမိုင်းနှင့်ချီ၍ ရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း လိင်ကိစ္စတွင် လွတ်လပ်ခွင့်ပေးသည့်ကိစ္စ၊ အနောက်တိုင်းဆန်သည့်ကိစ္စများတွင်မူ အခြေမကျသေးဟု ပြောကြားခဲ့သည်။
ထိုပြဿနာများက အသိပညာပေးသည့်လှုပ်ရှားမှု မရှိင်ခြင်းကြောင့်ဖြစ်သည်။ တန်းတူညီမျှမှုမရှိခြင်းက လူ့အဖွဲ့အစည်းတွင် အသားကျနေပြီး အမျိုးသမီးအများစုမှာ ၎င်းတို့ ခွဲခြားဆက်ဆံခံနေသည်ဆိုခြင်းကိုပင် မသိရှိကြ။ မပြီးဆုံးသေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုအလယ်တွင် အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်မှု ပေါ်ပေါက်လာခြင်းက ထိုအခြေအနေကို ရုပ်လုံးပေါ်လာစေခဲ့သည်။ အလုပ်လုပ်ကိုင်ရသည့်ကာလက ရေတို၊ သို့မဟုတ် နေ့စားဖြစ်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမားအခွင့်အရေး ဆောင်ရွက်ရမှုက ပိုများလေသည်။ အထည်ချုပ်စက်ရုံများကဲ့သို့ အလွယ်တကူ ၀င်ရောက်နိုင်ခြင်း မရှိသောကြာင့် ထိုလုပ်ငန်းများတွင် ထိန်းချုပ်မှုလည်း နည်းသည်။
၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးမစတင်ခင် မြန်မာနိုင်ငံမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုအောက်တွင် နိမ့်ပါးသည့်နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်မပြုသလို၊ အလုပ်သမားအခွင့်အရေးဆိုသည်မှာလည်း မကြားဖူးသည့် ကိစ္စမျိုးဖြစ်သည်။ အလုပ်သမားသမဂ္ဂများက ၎င်းတို့ကိုယ်တိုင် စနစ်တကျဖွဲ့စည်း ရပ်တည်ခြင်းမပြုမီကပင် ဆောက်လုပ်ရေးလုပ်ငန်းမှ အမျိုးသမီးများမှာ မအောင်မြင်သော ဆန္ဒပြမှုကို ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် အမျိုးသမီး အလုပ်သမားတစ်စုက အလွန်လေးလံသည့် သံချောင်းများ သယ်ခိုင်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးမှာ အလုပ်မှ ထုတ်ပစ်ခြင်းခံခဲ့ရသည်။
“အခု ကျွန်မတို့က ၂၀၁၆ ခုနှစ်ရောက်နေပြီ။ ဒါပေမယ့် ဘာမှ မထူးမခြားနားပါပဲ။ တိုးတက်မှုက တော်တော်လေးကို နှေးကွေးပါတယ်။ ဥပဒေအရ အမျိုးသမီးအလုပ်သမားတွေဟာ သူတို့အလုပ်လုပ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာပေါ့ပါးတဲ့အလုပ်တွေကိုသာ လုပ်ရမှာဖြစ်သလို၊ မီးမဖွားခင်နဲ့ မီးဖွားပြီးကာလမှာလည်း ခွင့်ပေးရမှာပါ။ ဒါပေမယ့် ဒါတွေက ဖြစ်မလာပါဘူး။ အမျိုးသမီးတွေဟာ တစ်ခါတစ်လေကျရင် သူတို့ရဲ့ အခွင့်အရေးကိုတောင် မသိကြပါဘူး” ဟု မမာမာဦးက ပြောကြားခဲ့သည်။
သို့သော်လည်း မြန်မာလူ့အဖွဲ့အစည်းက အလျင်အမြန်ပင် ပြောင်းလဲနေသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ အသက် ၅ နှစ်မှ ၂၉ နှစ်အရွယ်ကြား မိန်းကလေးငယ်များမှာ အမျိုးသားများကဲ့သို့ပင် ပညာသင်ကြားနေကြသည်ကို တွေ့ခဲ့ရသည်။ အသက် ၁၆ နှစ်မှ ၁၉ နှစ်အရွယ်အကြား လူငယ်များတွင် အမျိုးသမီးများ၏ ပညာတတ်မှုမှာ သိသိသာသာပင် များပြားနေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျမှု မရှိခြင်းနှင့် ကလေးမွေးဖွားနှုန်း နည်းမှုမှာလည်း အရှေ့တောင်အာရှရှိ အခြားသောတိုင်းပြည်များ၏ ပျမ်းမျှနှုန်းထားအောက်တွင် ရှိသည်။
အလုပ်အကိုင်နယ်ပယ်တွင်တော့ ကျား၊ မ တန်းတူညီမျှမှု ကွာဟချက်မှာ ကြီးထွားနေ၏။ အလုပ်အကိုင် လုပ်ကိုင်နိုင်သည့်အရွယ် အမျိုးသား ၁၀ ယောက်တွင် ၈ ယောက်မှာ အလုပ် ရှိကြပြီး၊ အမျိုးသမီးများတွင် ၄ ယောက်သာ အလုပ်ရှိကြသည်။ ထိုကဲ့သို့ကွာဟမှုတွင် အမျိုးသမီးများ လက်ထပ်ပြီးပါက အလုပ်မှထွက်မှုမှာလည်း အကြောင်းအရင်း တစ်ရပ်အဖြစ် ပါဝင်လေသည်။ ထိုကိစ္စက မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှုအခွင့်အလမ်းအပေါ် ကြီးမားသည့် သက်ရောက်မှုရှိနိုင်သည့် ကိစ္စဖြစ်သည်။
သို့ရာတွင် အလုပ်အကိုင်ရွေးချယ်ခွင့်မရှိခြင်းက မမင်းမင်းအတွက် ဆင်ခြေတော့မဟုတ်။ မြို့ကြီးတစ်ခု၏ ဆင်ခြေဖုံးတွင်နေသည့် သူမက လမ်းခင်းရာတွင်အလုပ်လုပ်ရန်အတွက် ရန်ကုန်သို့ ရောက်ရှိလာခြင်ဖြစ်သည်။ လက်တွင် ဘိလပ်မြေအိတ်တစ်အိတ်နှင့် ခေါင်းတွင် အင်္ကျီကို ထုံးချည်ထားသော သူမ၏ ပုံစံက အသက် ၃၀ ကျော်အရွယ်ဟုပင် ထင်ရလေသည်။
“လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက ကျွန်မ ဒီအလုပ်ကို လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ပတ်မှာ ကျွန်မ လက်ထပ်ခဲ့တယ်။ ဒါပေမယ့် ဒီအလုပ်ကို ဆက်လုပ်သွားမှာပါ ကျွန်မ လုပ်နိုင်တာ တစ်ခြား ဘာမှ မရှိပါဘူး” ဟု သူမက ပြောခဲ့လေသည်။
Ref: Guardian
(The Guardian တွင်ဖော်ပြသည့် On the road with the women building Myanmar ဆောင်းပါးကို လေးမောင်မှ
ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments