ဖေဖော်ဝါရီ ၈၊ ၂၀၁၆
M-Media
– ခြိမ်းခြောက်မှုလို့ သမုတ်ထားတဲ့ မြောက်ကိုးရီးယားရဲ့ ဆောင်ရွက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်ဒုံးကျည်စနစ် ဖြန့်ကျက်နိုင်ရေး တောင်ကိုးရီးယားနဲ့ အမေရိကန်စစ်တပ်အရာရှိတွေကတရားဝင် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့ ရှိနေပါတယ်။
မြောက်ကိုးရီးယားက မနေ့မှာ တားမြစ်ထားတဲ့ တာဝေးပစ်ဒုံးကျည်နဲ့ ကမ္ဘာမြေစူးစမ်းလေ့လာရေး ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းကြောင်းထဲ အောင်မြင်စွာပစ်လွှတ်နိုင်ပြီးတဲ့နောက်ပိုင်း ပြိုင်ဘက်နှစ်နိုင်ငံရဲ့ အဆိုပါကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ အဲဒီပစ်လွှတ်မှုဟာ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်တာဖြစ်တယ်ဆိုပြီး ရှုတ်ချခဲ့ပါတယ်။
“တောင်ကိုးရီးယား-အမေရိကန် မဟာမိတ်ဆိုင်ရာ ဒုံးကျည်စနစ် မြှင့်တင်မှု အစိတ်အပိုင်းအဖြစ် တောင်ကိုးရီးယားမှာ THAAD ဒုံးကျည်စနစ်ကို ဖြန့်ကျက်တပ်ဆင်သွားဖို့အတွက် ဖြစ်နိုင်ချေတွေကို စတင်ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ” လို့ တောင်ကိုးရီးယား ဒုတိယကာကွယ်ရေးဝန်ကြီး ယူ ဂျေဆောင်းက အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး သောမတ်စ် ဗန်ဒါးလ်နဲ့အတူ ပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ကတော့ ကိုရီးယားကျွန်းဆွယ်မှာ ချထားမယ့် ဒုံးကျည်စနစ်ဟာ မြောက်ကိုးရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည်စီမံကိန်းစနစ်ကို ကာကွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ ရုရှားတို့ကတော့ မြောက်ကိုရီးယားရဲ့ ထိုလုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်စေမယ်လို့ ပြောဆိုခဲ့ပါတယ်။
“တောင်ကိုးရီးယား-အမေရိကန် မဟာမိတ်အဖွဲ့အနေနဲ့ အခုလိုကာကွယ်ရေးစနစ် မလုပ်မဖြစ်တော့လို့ လုပ်ရတာဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ မြောက်ကိုးရီးယားက ရန်စမှုတွေပြုလုပ်လာပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးအပေါ် ဆွေးနွေးဖို့ကိုလည်း ငြင်းဆိုထားတဲ့အတွက် ဖြစ်ပါတယ်” လို ယူက ဆိုပါတယ်။
မြောက်ကိုးရီးယားက ဒုံးကျည်အသုံးပြုကာ ဂြိုဟ်တုပစ်လွှတ်မှုအပေါ် ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်တို့ကတောင်းဆိုလာတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ယမန်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
အဲဒီသုံးနိုင်ငံစလုံက မြောက်ကိုးရီးယားအနေနဲ့ ဘယ်လို နျူကလီးယားလှုပ်ရှားမှု ဒါမှမဟုတ် ဒုံးကျည်ပစ်လွှတ်မှုမှ မပြုလုပ်ဖို့ တာမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။
မြောက်ကိုးရီးယားကတော့ ရန်သူတွေရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်နေရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုးရီးယားနဲ့ အမေရိကန်တို့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက မြောက်ကိုးရီးယားကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ယူဆပြီး ဒေါသထွက်စေခဲ့တာ ဖြစ်ပါတယ်။
Ref : Presstv
Comments