ဖေဖော်ဝါရီ ၈၊ ၂၀၁၆
M-Media
– ပြီးခဲ့တဲ့တနင်္လာနေ့က မြန်မာနိုင်ငံရဲ့အောက်လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက လိမ္မော်ရောင်လွှတ်တော်အမတ်များ ပြည့်လျှံသွားခဲ့ပါတယ်။ သူတို့ထဲက အများစုအဖို့ ပထမဆုံးအကြိမ် အမတ်များအဖြစ် တက်ရောက်လာခြင်းဖြစ်တယ်။ ဒါဟာ နှစ် ၆၀ စစ်အုပ်ချုပ်ရေးကာလအလွန် ဒီမိုကရေစီရုပ်လုံးအတွက် အလွန်အရေးပါသော အောင်မြင်မှုတစ်ရပ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရဲ့ ၀မ်းမြောက်ဝမ်းသာကြိုဆိုမှုကိုလည်း ရရှိစေခဲ့ပါတယ်။
မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ချောစန္ဒီထွန်းဟာ ယခင် ၂ လကပဲ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။ သူမ ကျူးလွန်တဲ့ပြစ်မှုကတော့ မြန်မာစစ်တပ်ယူနီဖောင်းအသစ်ရဲ့အရောင်က ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ရိုးရာထမီအရောင်နဲ့ ဆင်တူယိုးမှားဖြစ်နေပုံကို ဖေ့စ်ဘွတ်မှာ နှိုင်းယှဉ်သရုပ်ဖော်ရေးတင်လိုက်လို့ပါ။ သူမ အပါအ၀င် လှုပ်ရှားတက်ကြွသူစာနယ်ဇင်းသမားအချို့ကို ဖမ်းဆီးလိုက်ခြင်းက – လာမယ့်မတ်လအတွင်း NLD အစိုးရသစ် ထူထောင်ချိန်မှာ တပ်မတော်အနေနဲ့ အတိုင်းအတာတစ်ရပ် အာဏာကို ဆုပ်ကိုင်ထားဦးမယ့်သဘောဖြစ်ကြောင်း သိမ်သိမ်မွေ့မွေ့ သတိပေးနေခြင်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်တည်လာရေးအတွက် တပ်မတော်အနေနဲ့ နိုင်ငံရေးဝင်စွက်မှုကို စွန့်လွှတ်ဖို့ (နဲ့) စစ်တန်းလျားကိုပြန်ဖို့ အကြွင်းမဲ့ လိုအပ်ပါလိမ့်မယ်။ ဒီကိစ္စနှစ်ရပ်စလုံး အထမြောက်ဖို့ဆိုတာကတော့ ကြောက်ခမန်းလိလိ ခက်ခဲလှပါတယ်။ စစ်တပ်ဟာ ဆယ်စုနှစ်များစွာ နိုင်ငံရေးထဲအမြစ်တွယ်တဲ့အပြင် လက်ရှိ ဖွဲ့ခြေဥအရကြောင့် ဖြစ်ပါတယ်။ သိပ်မကြာတော့တဲ့ကာလမှာ စစ်တပ်က နိုင်ငံရေးချုပ်ကိုင်မှုကိုလက်လျှော့လိုက်မလား၊ လက်ရှိအနေအထားအတိုင်း ဆက်လက်ဇာတ်မျောမလားဆိုတာကို သက်ဆိုင်ရာအကျိုးအပြစ်တွေအပေါ် သုံးသပ်ပြီး ဆုံးဖြတ်ချက်ချရပါတော့မယ်။ ဒီတွက်ချက်မှုကို အပြောင်းအလဲဖြစ်အောင် အမေရိကန်မူဝါဒရေးဆွဲသူများက တစ်ဆင့်ချင်းပိတ်ဆို့မှုလျှော့ချချက်နဲ့ အခြားစီးပွားရေးမက်လုံးတွေကို ပေါင်းစပ်ခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ မည်သို့ဆိုစေ ရေရှည်မှာ တပ်မတော်အနေနဲ့ နိုင်ငံရေးလောကကို ထာဝရကျောခိုင်းလိုက်ဖို့ ပုံဟန်ရော အစဉ်အလာပါ အခြေခံကျကျ ပြောင်းလဲရေးက လိုအပ်ပါတယ်။ တပ်မတော်ဟာ မြန်မာလူထုလက်အောက်ခံ အရည်အသွေးပြည့်ဝတဲ့ စစ်တပ်အဖြစ် အမြင်ထားရှိရမှာဖြစ်တယ်။ အာဏာသိမ်းမယ့်အခန်းကဏ္ဍကို မတွေးအပ်တော့ပါဘူး။ ဒီအနေအထားကို ကန့်သတ်လျှော့ချမှု၊ စစ်တပ်အချင်းချင်းဦးတည်ဆက်ဆံရေးတွေနဲ့အစပြုလို့ အသွင်ကူးပြောင်းရေးအတွက် အမေရိကန်က အကူအညီပေးနိုင်ပါတယ်။
တစ်ဝက်တစ်ပျက်အကူးအပြောင်းသာဖြစ်နေသေး
—————————————————
မြန်မာ့ရွေးကောက်ပွဲမှာ NLD ရဲ့အခင်းအကျင်းက အာဏာဆုပ်ကိုင်ထားတဲ့ USDP ပါတီရော နိုင်ငံတကာလေ့လာသူများကိုပါ ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တယ်။ မြို့ပြနဲ့ကျေးလက်ဒေသများ နှစ်နေရာစလုံးမှာ လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းရတဲ့အထိ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တယ်။ လွှတ်တော်နှစ်ရပ်စလုံးရဲ့နေရာအများစုကို လက်ဝယ်ပိုင်ပိုင် ရရှိသွားတဲ့ NLD ဟာ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့သမ္မတနဲ့ ဒုသမ္မတ(နှစ်ဦးအနက်)တစ်ဦးကိုလည်း ရွေးချယ်ခွင့် ရရှိသွားပါတယ်။ နှစ် ၆၀ စစ်အုပ်ချုပ်ရေးအလွန် ဒီလိုတိုးတက်မှုဖြစ်စဉ်က တကယ့်သမိုင်းတွင်ပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံရဲ့ထူးခြားဖြစ်စဉ်ထဲက ဒီမိုကရေစီအကူးအပြောင်းဟာ တင်းပြည့်ကျပ်ပြည့်အဆင့်ထိတော့ မရောက်သေးပါဘူး။
NLD အစိုးရသစ်အနေနဲ့ စီးပွားရေး၊ လူမူရေးမူဝါဒပြဿနာအကန့်အသတ်များကြောင့် ပန်းတိုင်ရောက်ဖို့ အတော် ရုန်းရဦးမှာပါ။ စစ်တပ်ရေးဆွဲထားတဲ့ လက်ရှိ ဖွဲ့စည်းပုံအရ လွှတ်တော်အမတ်များရဲ့ ၂၅ ရာခိုင်နှုန်းကို တပ်မတော်ဖက်က အခိုင်အမာဆုပ်ကိုင်ထားပြီး မည်သည့်အခြေခံဥပဒေတစ်ရပ်ရပ် ပြင်ဆင်ပြောင်းလဲရေးအတွက် ဗီတိုအာဏာရှိနေပါတယ်။ လွှတ်တော်အမတ်အားလုံးရဲ့ သုံးပုံနှစ်ပုံအထိ ထောက်ခံမှုရမှသာ ပြုပြင်ပြောင်းလဲလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ဦးက နိုင်ငံခြားသားဖြစ်နေခြင်းကြောင့် သူမကို သမ္မတနေရာအတွက် ဟန့်တားထားတဲ့ ပုဒ်မ ၅၉(စ)ကတော့ အပြင်မခံဘူးဆိုတာ သေချာသလောက်ရှိနေတယ်။ အမျိုးသားလုံခြုံရေးမူဝါဒအပေါ်မှာလည်း စစ်တပ်က အကြွင်းမဲ့ ထိန်းချုပ်ထားပါဦးမယ်။ ဒါတင်မကသေးပါဘူး။ အဓိကအကျဆုံးဝန်ကြီးဋ္ဌာနများဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာအကြီးအကဲတွေကို ခန့်အပ်ရေးမှာကြည့်ပြန်ရင်လည်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ နေရာအနက် ငါးနေရာကို စစ်တပ်က လက်ဝါးကြီးအုပ်ထားပါတယ်။
တပ်မတော်ရဲ့ သိုသိပ်လျှို့ဝှက်မှုသဘောနဲ့ ဒီမိုကရေစီဘက်တော်သားတွေအပေါ် ဖိနှိပ်လာခဲ့တဲ့အစဉ်အလာအရ စစ်တပ်ဟာ အစိုးရသစ်ကို ဘယ်လိုတုန့်ပြန်မလဲလို့ တပ်အပ်မပြောနိုင်သေးပါဘူး။ ရွေးကောက်ပွဲပြီးတဲ့နောက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်။ သူ့ရဲ့မှတ်ချက်စကားတွေထဲမှာ ခုချိန်ထိ ပြတ်သားရေရာမှု မတွေ့ရသေးပါဘူး။ “ဘယ်အစိုးရတက်သည်ဖြစ်စေ၊ ဘာနိုင်ငံရေးစနစ်ကိုကျင့်သုံးသည်ဖြစ်စေ တပ်မတော်ရဲ့အဓိကတာဝန်ကတော့ အမျိုးသားကာကွယ်ရေးသာဖြစ်တယ်” လို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သူက ဆိုထားပါတယ်။ အလားတူစွာပဲ Washington Post နဲ့ ရှားရှားပါးပါးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ NLD နဲ့ လက်တွဲဆောင်ရွက်မှု၊ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းမှုအရေးတွေအပေါ် မည်သည့် မှတ်ချက်မျှ မပေးခဲ့ပါဘူး။
အဖိုးတန်ဒီမိုကရေစီအောင်ပွဲကို ကာကွယ်စောင့်ရှောက်ပေးရေး
—————————————————————-
မည်သို့ပင်ဆိုစေ လက်ရှိစစ်ခေါင်းဆောင်မျိုးဆက်တွေဟာ ပြန်လည်ပြုပြင်ရေးအတွေးအမြင် ရှိနေတာတော့ သေချာပါတယ်။ စစ်အုပ်ချုပ်ရေးကနေ ၂၀၁၁ ခုနှစ်မှာ အရပ်သားတစ်ပိုင်းအစိုးရအဖြစ် ကူးပြောင်းဖို့ ဆုံးဖြတ်တာ၊ နိုဝင်ဘာရွေးကောက်ပွဲ(ရလဒ်)ကို ကြည်ဖြူလိုက်လျောတာကိုကြည့်ရင် ယခင်ကအကျင့်အကြံတွေ ဆက်လက်မကိုင်စွဲလိုတော့ကြောင်း ဖော်ကျူးနေပါတယ်။ ဆယ်စုနှစ်များစွာ ဆိုရှယ်လစ်ဝါဒရိုက်ချက်တွေ၊ အနောက်တိုင်းရဲ့ ဖယ်ကြဉ်ခံရမှုတွေကြောင့် မြန်မာနိုင်ငံဟာ တရုတ်ပြည်ကို အမှီအခိုအဖြစ် မချစ်သော်လည်း အောင့်ကာနမ်းခဲ့ရတဲ့အပြင် အရှေ့တောင်အာရှဒေသရဲ့ အဆင်းရဲဆုံးတိုင်းပြည်များစာရင်းထဲ ပါဝင်သွားခဲ့ရတယ်။ အရွေးချယ်ခံအစိုးရ၊ လူ့အခွင့်အရေးလေးစားမှု စတဲ့ အနောက်တိုင်းတောင်းဆိုချက်များအပေါ် လိုက်လျောခြင်းနဲ့အတူ နောက်တိုင်းအစိုးရများရဲ့ပိတ်ဆို့မှုရုပ်သိမ်းရေးနဲ့ နိုင်ငံတကာဒါယကာအသိုင်းအ၀ိုင်းရဲ့အကူအညီများကို စစ်တပ်က လောင်းကြေးထပ်ခဲ့တယ်။
တဇွတ်ထိုးဆန်တဲ့စစ်တပ်ကို နိုင်ငံရေးနယ်ပယ်ကနေ ဆုတ်ခွာသွားစေဖို့ မှန်ကန်တဲ့ စွဲဆောင်ချက်နည်းလမ်းတွေ အသုံးပြုသွားရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး၊ ငွေကြေးလုပ်ငန်း၊ ပြည်ပအကူအညီ အပါအ၀င် လှုပ်ရှားမှုအတော်များများကို အကျယ်တ၀င့်ထိန်းချုပ်ကန့်သတ်တဲ့ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို ယာယီရုပ်သိမ်းခြင်းက အသိသာဆုံးဖြစ်စေတယ်။ ဒီအကြောင်းရင်းကပဲ ဒီဇင်ဘာလက ပိတ်ဆို့ထားတဲ့ကုန်သွယ်ရေးကိစ္စတစ်ချို့ ၆ လတာ ယာယီရုပ်သိမ်းအောင် အမေရိကန်အစိုးရကို ဆုံးဖြတ်ချက်ချစေခဲ့တယ်။ ဒါက NLD အစိုးရသစ်ကို တွန်းအားပေးမြှင့်တင်ပေးရာလည်းရောက်ပါတယ်။ အဆိုပါပိတ်ဆို့မှုလျှော့ချခြင်း ကျယ်ပြန့်လာလေလေ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှု့ပ်နှံမှုအနေအထား ကြီးမားလာလေလေ ဖြစ်လာစေပါတယ်။ ဒါက ဒီမိုကရေစီအကူးအပြောင်းမှာ နိုင်ငံရေးအာဏာကိုပါ ပြည်သူ့လက်ထဲအပ်နှင်းလိုက်ခြင်းဖြင့် ထိုက်တန်တဲ့အသီးအပွင့်တွေ ခံစားရမှာဖြစ်ကြောင်း စစ်တပ်ကို နားလည်သွားစေမယ့် သာဓကတစ်ခုပါပဲ။
ဒါပေမယ့် အဲ့လိုလုပ်ရပ်မျိုးက ကန့်သတ်ချက်မထားဘဲ ခြွင်းချက်မဲ့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို စစ်အစိုးရက အကြမ်းဖက်ဖိနှိပ်လိုက်ချိန်မှစပြီး လက်ရှိကာလအထိ အကောင်အထည်ဖော် ကျင့်သုံးထားတဲ့ ပိတ်ဆို့မှုတွေကို ထာဝရဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုဘောင်ဝင်ဖို့ဆိုရင် အမေရိကန်အစိုးရဟာ ဒီမိုကရေစီတိုးတက်မှုဖြစ်စဉ်ကိုရှေ့ရှုစေတဲ့ ပိတ်ဆို့မှုတွေကို ပြုပြင်လျှော့ချပေးရမည့်အပြင်၊ စစ်တပ်ရဲ့ နောက်ကြောင်းပြန်လှည့်မယ့် – ဒီမိုကရေစီဆန့်ကျင်မယ့် မည်သည့်လုပ်ရပ်ကိုမဆို မတုန့်မဆိုင်းတုန့်ပြန်ဖို့လည်း လိုအပ်ပါတယ်။
အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးကို ပုံစံပြောင်း
—————————————-
သို့သော်လည်း ပိတ်ဆို့မှုလျှော့ချယုံမျှနဲ့ အရပ်ဖက်-စစ်ဖက်အကြားကွာဟချက်များကို မဖြေရှင်းနိုင်သေးပါ၊ ဖူးသစ်စဒီမိုကရေစီအပေါ် အနာဂတ်အာဏာသိမ်းခြင်းအန္တရာယ်မှ လုံခြုံမှု မပေးနိုင်သေးပါ။ အရည်အသွေးပြည့်မီတဲ့တပ်မတော်ဖြစ်အောင် မြှင့်တင်ပေးဖို့က စစ်တပ်ရဲ့အစဉ်အလာနဲ့အခြေခံမူဟန်ကို အသွင်းပြောင်းရမှာဖြစ်တဲ့အတွက် အချိန်ယူရပါဦးမယ်။ နိုင်ငံကိုကာကွယ်သူလို့ ဆယ်စုနှစ်များစွာ မိမိကိုယ်ကို အမြင်ထားရှိလာခဲ့အတွက် စစ်တပ်ကိုယ်တိုင်က နိုင်ငံ့အကျိုးအလို့ငှာ ဒီမိုကရက်နိုင်ငံရေးအပေါ် မကောင်းမြင်နေမယ့်အစား မြန်မာနိုင်ငံရဲ့အရပ်ဖက်ခေါင်းဆောင်များအပေါ် ယုံကြည်မှုတည်ဆောက်ပေးရမှာဖြစ်ပါတယ်။
ကမ္ဘာအနှံ့ အာဏာရှင်ဟောင်းများက ဒီမိုကရေစီကိုနောက်ကြောင်းပြန်လှည့်လေ့ရှိတဲ့ သာဓကတွေအရ အဆိုပါအသွင်ပြောင်းမှုမျိုး ဖြစ်နိုင်ဖွယ်ရာမရှိပါဘူး။ ဒီနည်းစဉ်ကိုအထောက်အကူဖြစ်စေဖို့အတွက် အမေရိကန်ဟာ မြန်မာအိမ်နီးချင်းတွေပါ လက်ခံကြိုဆိုတဲ့အပြုအမူမျိုးနဲ့ တပ်မတော်ကို ချဉ်းကပ်ဆက်ဆံသွားရပါလိမ့်မယ်။ အမေရိကန်တပ်မတော်ရဲ့ပစိဖိတ်ဒေသကွပ်ကဲရေးအကြီးအကဲ ဗိုလ်ချုပ် ဗင်းဆင့် ဘရွတ်စ်က နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ “မြန်မာပြည်ကို အမေရိကန်က ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရှေ့ဆက်သွားနိုင်အောင်ကူညီပေးဖို့ ဒေသတွင်းက အမှန်တကယ်လိုလားနေကြပါတယ်” လို့ လိုရင်းတိုရှင်း ဆိုခဲ့ပါတယ်။
ဒီလိုပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အဓိကသော့ချက်တစ်ရပ်ကတော့ အမေရိကန်နိုင်ငံအနေနဲ့ စစ်ရေးအကူအညီအပေါ် လက်ရှိတရားဝင်ပိတ်ဆို့မှုတွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် စွန့်လွှတ်ပြီး၊ မိမိရဲ့ အပြည်ပြည်ဆိုင်ရာစစ်ပညာနဲ့လေ့ကျင့်ရေး International Military Education and Training – IMET ပရိုဂရမ်ကို ပြန်လည်စတင်ပေးသင့်တယ်။ ပြည်ပစစ်အရာရှိများရဲ့ အရည်အသွေးမြှင့်တင်ဖို့၊ အမေရိကန်နဲ့ ကာကွယ်ရေးဆိုင်ရာ အနီးကပ်ဆက်ဆံရေးရရှိဖို့ အမေရိကန်ကာကွယ်ရေးဋ္ဌာနဲ့ ဖက်စပ်ဆောင်ရွက်နေတဲ့ အဲ့ဒီ IMET ပရိုဂရမ်ကို ၁၉၈၈ အရေးအခင်းဖြိုခွဲမှုပြီးကတည်းက မြန်မာပြည်အတွက် ရပ်ဆိုင်းဖျက်သိမ်းခဲ့တယ်။ စွမ်းဆောင်ရည်မြှင့်ရေတပ်သင်တန်းကျောင်းလို တက္ကသိုလ်များမှာဆိုရင် သင်တန်းသားတွေဟာ အရပ်သားထိန်းချုပ်မှုအောက်ကနေ စစ်တပ်တွေအဖို့ ထိရောက်စွာ စွမ်းဆောင်နိုင်တဲ့နည်းလမ်းတွေ၊ လူ့အခွင့်အရေးအလေးထာခြင်းရဲ့ အရေးပါမှုတွေ၊ စစ်ဆင်ရေးများမှာ လိုက်နာကျင့်သုံးရတဲ့ အပြည်ပြည်ဆိုင်ရာ စစ်မက်ဥပဒေ စသဖြင့် လေ့လာသင်ကြားကြရပါတယ်။ ဒီလိုသင်တန်းမျိုးကသာ ရေရှည်မှာ ဗျူဟာနည်းကျ ဆင့်ကဲအကျိုးအမြတ်ကို ထွက်ရှိလာစေမှာဖြစ်ပါတယ်။
လက်နက်ကိုင်တိုင်းရင်းသားလူနည်းစုများအပေါ် ဆယ်စုနှစ်များစွာ တိုက်ခိုက်နေခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုမှာ ကျော်စောလှတဲ့အစုအဖွဲ့ကြီးကို အလားတူအကူအညီမျိုး ပေးရမလားဆိုပြီး ဝေဖန်မှုတွေ ရှိကြပါလိမ့်မယ်။ ဒီလို အခွင့်အရေးချိုးဖောက်မှုတွေ ရှေ့ဆက်ရှိနေဦးမှာတော့ မလွဲပါဘူး။ သို့သော်လည်း လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု၊ တရားမျှတမှုအခြေတည်စစ်ရေးကိစ္စဆိုင်ရာများကို မလေ့ကျင့်မသင်ကြားခဲ့တာထက်စာရင် တပ်မတော်အတွင်း ထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ “စစ်တပ်အသိုင်းအ၀ိုင်းထဲ ၀င်ရောက်ပြီး အသိပညာပေးဖို့နဲ့ အတွေးသစ်အမြင်သစ်တွေ ဖွင့်ထုတ်ပြနိုင်ဖို့ လိုအပ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကောင်စစ်ဝန်ဟောင်းတစ်ဦးဖြစ်တဲ့ Priscilla Clapp က ဆိုခဲ့ပါတယ်။
အမေရိကန်အနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီတန်ဖိုး၊ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးတွေကို ထပ်ပေါင်းထည့်ပြီး လေ့ကျင့်ပေးမယ်ဆိုရင် တပ်မတော်ရဲ့ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲရေး ပေါ်လွင်လာအောင် ကူညီရာပေးရာရောက်ပါတယ်။ တိုင်းရင်းသားပဋိပက္ခများစွာကို ကူညီဖြေရှင်းပေးရာလည်းရောက်ပါတယ်။ ဗမာစစ်တပ်နဲ့ လူနည်းစုဝင်တိုင်းရင်းသားများ ရင်ကြားစေ့နိုင်ရေး၊ လူထုပဋိပက္ခတိုးပွားလာစေမယ့် အဖျက်သဘောဆောင်နည်းဗျူဟာတွေ အဆုံးသတ်ရေး အပါအ၀င် အလားတူအခွင့်အလမ်းများစွာကို မြန်မာ့အရေး ကာလရှည်လေ့လာနေသူ Stanley Weiss ကလည်း ဖော်ထုတ်တင်ပြထားတယ်။
အခုလို ပူးပေါင်းဆောင်ရွက်မှုလုပ်မယ်ဆိုရင် ၀န်ထမ်းလက်တစ်ဆုပ်စာသာရှိနေသေးတဲ့ ရန်ကုန်က အမေရိကန်သံရုံးမှာ ကာကွယ်ရေးဆိုင်ရာသံတမန်ရုံးတစ်ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့လည်း စဉ်းစားရမှာဖြစ်ပါတယ်။ အခြားအနောက်နိုင်ငံများနဲ့မတူ အမေရိကန်က မိမိရဲ့စစ်ရေးဆိုင်ရာသံအရာရှိတွေကို ပြန်လည်ခေါ်ယူလေ့မရှိတာကြောင့် ခိုင်မာတဲ့အုတ်မြစ်တစ်ရပ်ကိုလည်း တည်ဆောက်နိုင်ပါလိမ့်မယ်။ စစ်တပ်အချင်းချင်းဆက်ဆံရေးက မြန်မာတပ်မတော်နဲ့ အမေရိကန်တပ်မတော်တို့အကြား စိတ်ချယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးပါတဲ့ကဏ္ဍတစ်ရပ်ဖြစ်သလို၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် မြန်မာစစ်တပ်ရဲ့သဘောထားကိုလည်း အကောင်းဆုံး သိမြင်နားလည်စေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။
နိဂုံး
—–
အခုဆိုရင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံဟာ တည်ငြိမ်ရင့်ကျက်သော ဒီမိုကရေစီဖက် တက်လှမ်းလာဖို့ အရိပ်အယောင် မြင်တွေ့ရပါပြီ။ မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံရေးကဏ္ဍထဲ လက်ကျန်ထိန်းချုပ်မှုတွေကို ကျောခိုင်းဖို့၊ စစ်တန်းလျားဆီ ပြန်ကြဖို့သာ ကျန်ပါတော့တယ်။ ဒါဟာ မြန်မာစစ်အုပ်ချုပ်ရေးသမိုင်းတစ်လျှောက် မကြုံဖူးလောက်အောင် ကြီးမားတဲ့ အခက်အခဲတစ်ရပ်ပါ။ ဆိုခဲ့ပြီးတဲ့အတိုင်း သိပ်မကြာတော့တဲ့ကာလမှာ စစ်တပ်က နိုင်ငံရေးချုပ်ကိုင်မှုကိုလက်လျှော့လိုက်မလား၊ လက်ရှိအနေအထားအတိုင်း ဆက်လက်ဇာတ်မျောမလားဆိုတာကို သက်ဆိုင်ရာအကျိုးအပြစ်တွေအပေါ် သုံးသပ်ပြီး ဆုံးဖြတ်ချက်ချရပါတော့မယ်။ ဒီတွက်ချက်မှုကို အပြောင်းအလဲဖြစ်အောင် အမေရိကန်မူဝါဒရေးဆွဲသူများက တစ်ဆင့်ချင်းပိတ်ဆို့မှုလျှော့ချချက်နဲ့ အခြားစီးပွားရေးမက်လုံးတွေကို ပေါင်းစပ်ခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ မည်သို့ဆိုစေ ရေရှည်မှာ တပ်မတော်အနေနဲ့ နိုင်ငံရေးလောကကို ထာဝရကျောခိုင်းလိုက်ဖို့ ပုံဟန်ရော အစဉ်အလာပါ အခြေခံကျကျ ပြောင်းလဲရေးက လိုအပ်ပါတယ်။ တပ်မတော်ဟာ မြန်မာလူထုလက်အောက်ခံ အရည်အသွေးပြည့်ဝတဲ့ စစ်တပ်အဖြစ် အမြင်ထားရှိရမှာဖြစ်တယ်။ ဒီမျက်နှာစာနှစ်ရပ်လုံးမှာ အမေရိကန်မူဝါဒချမှတ်သူများအနေနဲ့ ပိတ်ဆို့မှုတွေကို ဖြည်းဖြည်းချင်းရုပ်သိမ်းခြင်း၊ စစ်ရေးဆိုင်ရာ အားဖြည့်လက်တွဲခြင်းအားဖြင့် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို အထောက်အကူပြု အကူအညီပေးသွားနိုင်ပါလိမ့်မယ်။
Ref : The National Interest
(Pacific Forum CSIS ဧည့်သည်တော်အဖွဲ့ဝင်၊ ပဲန်ဆီလ်ဗေးနီးယားတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါရဂူတန်း၊ အမေရိကန် အရန်ရေတပ်အရာရှိ Joseph E. Lin ၏ America’s Golden Opportunity in Myanmar ကိုယ်ပိုင်သုံးသပ်ချက်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments