ဖေဖော်ဝါရီ ၉၊ ၂၀၁၆
M-Media
– အီရန်နိုင်ငံရဲ့ အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ အစ္စလာမ်မစ်တော်လှန်ရေးစတင်ကတည်းက အီရန်နိုင်ငံကို ဆန့်ကျင်ခဲ့ကြပေမယ့်လည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင်မြင်မှု မရှိခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။
“တော်လှန်ရေးစလုပ်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကတည်းက အခုချိန်ထိ ကမ္ဘာ့နံပါတ်တစ် ရုပ်ဝတ္ထုဝါဒီ အင်အားကြီးနိုင်ငံတွေဟာ အီရန်နိုင်ငံတည်ဆောက်မှုကို အတိုက်အခံလုပ်နေပေမယ့်လည်း တကယ်တမ်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ကြပါဘူး” လို့ အီရန်ခေါင်းဆောင်က လေတပ်ခေါင်းဆောင်တွေ၊ တပ်သားတွေနဲ့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။
မိမိတို့တိုင်းပြည်ကို ပစ်မှတ်ထားတဲ့ ကြံစည်မှုကို တစ်ချိန်လုံးစောင့်ကြည့်ဖို့ အဓိပတိကြီးက စစ်တပ်ကိုတိုက်တွန်းခဲ့ပြီး “ရန်သူရဲ့အပြုံးနောက်ကွယ်က လိမ်ညာမှုကို သတိထားပါ” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အယာတိုလာ ခါမေနီက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေတယ်လို့ အမေရိကန်က တဖွဖွပြောနေတာကိုလည်း ပြက်ရယ်ပြုလိုက်ပြီး ကလေးငယ်တွေကအစ မတရားသတ်ဖြတ်နေတဲ့ အစ္စရေးနဲ့ ရွေးကောက်ပွဲဆိုတာ ယောင်လို့တောင် မလုပ်တဲ့ မဟာမိတ်နိုင်ငံတွေအပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ထောက်ပြပြီး အပြောအနဲ့အလုပ် မညီကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် အီရန်နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ခါမေနီက ဆော်သြခဲ့ပါတယ်။ နောက်ပြီး အီရန်နိုင်ငံရဲ့ အဓိကရည်မှန်းချက်ဟာ သိပ္ပံနည်းပညာတိုးတက်မှု၊ တရားမျှတမှု၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာနဲ့ တက်လမ်းရှိတဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးပဲ ဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရန်သူတွေအားလုံးက အီရန်နိုင်ငံ ဂုဏ်သိက္ခာမြင့်မားလာပြီး အင်အားကြီးလာမှာ၊ နိုင်ငံတ၀ှမ်း နိုင်ငံခြားသားလွှမ်းမိုးမှု လျှော့ချပစ်လိုက်မှာ စတာတွေကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ခါမေနီက ဆိုပါတယ်။
“ရန်သူတွေအနေနဲ့ တိုက်ရိုက်ရန်မူတာမျိုး မလုပ်နိုင်တော့ရင် မိတ်ဆွေယောင်ဆောင်ပြီး ရောက်လာပါလိမ့်မယ်”
Ref: PressTV
Leave a Reply
You must be logged in to post a comment.