ဖေဖော်ဝါရီ ၉၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးတက်ရန်အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနည်းတူ နိုင်ငံတကာမှ အစိုးရများ၊ အသင်းအဖွဲ့များ၏ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီကလည်း အရေးပါလှသည်ဟု မြန်မာနိုင်ငံ၏ အမျိုးသား စွမ်းအင်စီမံခန့်ခွဲရေးကော်မတီ NEMC မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
မြန်မာအင်ဂျင်နီယာအသင်း၏ ဥက္ကဌလည်းဖြစ်သည့် ၎င်းက ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ပြုလုပ်ခဲ့သော ၆ ကြိမ်မြောက် ရေနံနှင့်သဘာဝဓာတ်ငွေ့ပြပွဲနှင့် ညီလာခံတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦးနှင့် နည်းပညာ အားနည်းမှုကြောင့် နိုင်ငံတကာအကူအညီကို ကြီးကြီးမားမား မှီခိုနေရဆဲဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့ ဓာတ်အားပေးစနစ်က နှစ် ၆၀ လောက် ရှိနေပါပြီ။ ဓာတ်အားဖြန့်ဖြူးမှုမှာဖြစ်နေတဲ့ ဆုံးရှုံးမှုတွေကို လျှော့ချဖို့အတွက် ကျွန်တော်တို့မှာ အစိုးရအထောက်အပံ့ မလုံလောက်ပါဘူး။ အဲဒီလိုဆုံးရှုံးမှုတွေ အများစုက ရန်ကုန်မြို့မှာ ဖြစ်ပွားနေတာဖြစ်ပြီး ဓာတ်အားဖြန့်ဖြူးမှုကွန်ယက် တော်တော်လေး ဟောင်းနွမ်းနေတာနဲ့ ဓာတ်အားလိုင်းတွေ ဆွေးမြေ့နေတာကြောင့် ဖြစ်ပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပြီးမယ့်ကိစ္စ မဟုတ်ပါဘူး။ ပြဿ နာကို မသိရမချင်း ကျွန်တော်တို့ အဖြေရှာလို့ရမှာ မဟုတ်ပါဘူး” ဟု ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
ထိုပြဿနာကို ဖြေရှင်းရန်အတွက် NEMC မှာ ဂျပန်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်နေပြီး ဓာတ်အားဆုံးရှုံးမှုအတွက် ထိန်းချုပ်ရေးရုံများ တည်ဆောက်ရေး၊ အသိပညာမျှဝေးရေး၊ ထရန်စဖော်မာများ အဆင့်မြှင့်တင်ရေးနှင့် လျှပ်စစ်ဓာတ်အား မှန်မှန်ကန်ကန်သုံးစွဲတတ်စေရန် ပြည်သူလူထုအား ပညာပေးရေး စသည်တို့တွင် အာရုံစိုက် လုပ်ဆောင်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးထောက်ပံ့မှုတွင် နိုင်ငံရပ်ခြားမှ ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးပုံကိုလည်း ဦးဝင်းခိုင်က မီးမောင်းထိုးပြခဲ့သည်။
“လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုက ကြီးပါတယ်။ နိုင်ငံတော်အသုံးစားရိတ်ထဲက အဲလောက်ငွေများများကိုလည်း အစိုးရက ခွဲမပေးနိုင်ပါဘူး။ ဒါ့ကြောင့် ဒီကဏ္ဍကို ပုဂ္ဂလိကကဏ္ဍအဖြစ် ပြောင်းလဲဖို့လိုတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရက ကမ္ဘာ့ဘဏ် ဒါမှမဟုတ် အာရှဖွံ့ဖြိုးရေးဘဏ်တို့ကလို နေရာတွေက ဘဏ္ဍာရေးအထောက်အပံ့နဲ့ ကူညီမယ်ဆိုတဲ့ အာမခံချက်ကို ရှာဖွေရပါလိမ့်မယ်”
ထိုကဲ့သို့ နိုင်ငံတကာ ငွေချေးသူများ၊ အသင်းအဖွဲ့များနှင့် လှူဒါန်းသူများ ပါဝင်လာပါက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ၏ ကျေနပ်မှုလည်း တိုးလာစေမည်ဟု ဦးဝင်းခိုင်က ဆိုပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်မှုက အစိုးရ၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကိုလည်း အကူအညီဖြစ်စေမည်ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။
ယခုအချိန်အထိ မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့ဘဏ်က အကြီးမားဆုံး ထောက်ပံ့ကူညီသူ ဖြစ်သည်။ နိုင်ငံအတွင်းရှိ အဓိက စီမံကိန်းကြီးနှစ်ခုအတွက် ကန်ဒေါ်လာ သန်း ၅၄၀ ကို အတိုးမဲ့ နှစ်ရှည် ချေးပေးထားသည်။ ထိုအထဲမှ စီမံကိန်းတစ်ခုမှာ ကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျမည်ဖြစ်ပြီး အိမ်ထောင်စု ၁.၂ သန်းကို လျှပ်စစ်ဓာတ်အား ပေးနိုင်မည်ဖြစ်သည်။ ဒေါ်လာ သန်း ၁၄၀ တန် အခြားတစ်ခုက မွန်ပြည်နယ် သထုံမြို့ရှိ ခေတ်ပေါ် သဘာဝဓာတ်ငွေ့ ဓာတ်အားပေး တာဘိုင်တစ်ခုပါဝင်မည့် ဓာတ်အား ၁၀၆ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစက်ရုံ ဖြစ်သည်။
အဆိုပါ စီမံကိန်းနှစ်ခုက ဓာတ်အားလိုင်းတွင် ဓာတ်အားအလယ်အလတ်နှင့် ဓာတ်အားနိမ့် ဓာတ်အားဖြန့်ဖြူးရေး ကွန်ယက်များ ထည့်သွင်းကာ လက်ရှိ ရှိနေသော မဟာဓာတ်အားလိုင်းကို ချဲ့ထွင်ရန် အစီအစဉ်၏ အစိတ်အပိုင်းလည်းဖြစ်သည်။ အဆိုပါ ဓာတ်အားလိုင်းချဲ့ထွင်မှုအစီအစဉ်တွင် မဟာဓာတ်အားလိုင်းတွင် မပါဝင်ဘဲ နေစွမ်းအင်နှင့် သီးခြား ဓာတ်အားလိုင်းများအသုံးပြုကာ ဝေးလံခေါင်ဖျားဒေသများတွင် ဓာတ်အားရရှိမည့် စီမံကိန်းများလည်း ပါဝင်လေသည်။ ကမ္ဘာ့ဘဏ်က ၂၀၁၄ ခုနှစ် နိုင်ငံတော်အဆင့် ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းကိုလည်း ထောက်ပံ့ပေးထားသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အာရှဖွံ့ဖြိုးရေးဘဏ် ADB ကလည်း ထောက်ပံ့ထားပေးပြီး ရွာပေါင်း ၂၅ ရွာကို ဓာတ်အားပေးနိုင်မည့် ကန်ဒေါ်လာ ၂ သန်းတန် သီးခြားဓာတ်ပေးကွန်ယက် တည်ဆောက်ရန်လည်း ဖြစ်သည်။
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ရွာပေါင်း ၂၅ ရွာအတွက် လျှပ်စစ်ဓာတ်အားရရှိရန် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကန်ဒေါ်လာ ၈.၇ သန်း ထောက်ပံ့ပေးထားသည်။ ဂျာမနီမှ KfW ဖွံ့ဖြိုးရေးဘဏ်ကလည်း ရှမ်းပြည်နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း တိုးတက်ရန်အတွက် ကန်ဒေါ်လာ ၉ သန်း ထောက်ပံ့ပေးထားလေသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံတစ်ဝှမ်း ရွာပေါင်း ၆၄၉၁၇ ရွာမှ ၂၃၀၃၄ ရွာမှာ လျှပ်စစ်ဓာတ်အား ရရှိနေပြီး ယခုနှစ် မတ်လအကုန်တွင် နောက်ထပ်ရွာပေါင်း ၂၃၀၈ ရွာမှာ ဓာတ်အားထပ်ရမည်ဟု သိရသည်။ ၂၀၂၂ ခုနှစ်အရောက်တွင် လျှပ်စစ်ဓာတ်အားရရှိသည့် အိမ်ထောင်စုအရေအတွက်မှာ ၇၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာရန်နှင့် ၂၀၃၀ တွင်မူ တစ်နိုင်ငံလုံး ဓာတ်အားရရှိရန် မြန်မာနိုင်ငံက ရည်ရွယ်ဆောင်ရွက်နေသည်။
မြန်မာ့စွမ်းအင်ကဏ္ဍအား ADB ၏ ဆန်းစစ်လေ့လာမှုတွင် နိုင်ငံ၏ တစ်ဦးချင်း ဓာတ်အားသုံးစွဲမှုမှာ အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်နေကြောင်းကို တွေ့ရှိခဲ့ရပြီး၊ ဓာတ်အားထုတ်လုပ်မှုအများစုမှာလည်း ရေအားလျှပ်စစ်မှ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့မှာ လျှင်စစ်ဓာတ်အား၏ ၆၇ ရာခိုင်နှုန်းကို ရရှိပြီး ကျေးလက်သေများမှာ ၁၆ ရာခိုင်နှုန်းသာ ရရှိလေသည်။
သို့သ်ာလည်း ဦးဝင်းခိုင်ကတော့ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အထူးသဖြင့် ဟိုက်ဒရိုကာဘွန်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဇီဝဒြပ်ထု ပေါကြွယ်ဝမှုကြောင့် အနာဂတ်ကို အကောင်းမြင်နေလေသည်။ နောက်ကျမှ ဖွံ့ဖြိုးသည့်နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံမှာ ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များ အကောင်အထည်ဖော်ခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် စွမ်းအင်ချွေတာသည့် နည်းပညာများ အသုံးပြုခြင်းနှင့် ပြည်တွင်း ဓာတ်အားလိုင်း ကွန်ယက်များအတွက် စွမ်းအင်သိုလှောင်ရေး နည်းပညာများ အသုံပြုခြင်းတို့ဖြင့် အမြတ်ထွက်အောင် ဆောင်ရွက်နိုင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Ref: The Nation
(The Nation တွင် ဖော်ပြထားသည့် Foreign assistance vital in boosting energy in Myanmar ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments