ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
– ပူလောင်အိုက်စပ်လှသည့် တောတောင်များရှိ မတ်စောက်တောင်ကုန်းများတွင် ဧရာမသစ်ပင်တို့အား စုန်ချည်ဆန်ချည် ဆွဲယူသယ်ပို့ရသောအလုပ်မှာ ကြမ်းတမ်းလွန်း၏။ သို့သော် မြန်မာနိုင်ငံမှ သစ်ဆွဲဆင်ပိုင်ရှင်များက အလုပ်မရှိတော့သဖြင့် တစ်စုံတစ်ရာမှားယွင်းနေပြီဟု ဆိုနေကြပေသည်။
တောတောင်ဧရိယာကျုံ့လာခြင်း၊ သစ်ကုန်ကြမ်းများ ပြည်ပတင်ပို့ခြင်းကို တားမြစ်သည့်ဥပဒေ အသက်ဝင်မှု သုံးနှစ်ရှိလာခြင်းက မြန်မာနိုင်ငံအပေါ် အလုပ်လက်မဲ့ဆင်ပြဿနာတစ်ရပ် ထပ်မံပေါ်ပေါက်လာစေသည်။ ရာနှင့်ချီသောဆင်များမှာ လုပ်ငန်းခွင်ပြင်ပရောက်ကုန်ပြီး အများစုမှာ ကိုင်တွယ်ထိန်းကျောင်းရ ခက်ခဲလာသည်။
“သူတို့ဟာ ဒေါသထွက်လွယ်လာကြတယ်။ အလုပ်မရှိတဲ့အတွက် (အဆီဝင်ပြီး) ၀ဖြိုးလာကြတယ်။ ဆင်ထီးအားလုံးကလည်း အချိန်တိုင်း မိတ်လိုက်ချင်စိတ် ပြင်းပြကုန်ပြီ” ဟု အသက် ၆၄ နှစ်အရွယ် သစ်ဆွဲဆင် ၈ ကောင်ပိုင်ရှင် ဦးချစ်စိန်က ဆိုသည်။ မြန်မာနိုင်ငံသည် ဆင်သတ္တ၀ါများနှင့်ပတ်သက်၍ အစွဲကြီးသည်။ ကမ္ဘာပေါ်တွင် ခိုင်းဆင် ပမာဏအများဆုံး တိုင်းပြည်လည်း ဖြစ်သည်။ ခေတ်မီစက်ကိရိယာများဖြင့်ပင် မထိုးဖောက်နိုင်သေးသော တောနက်များမှ အဖိုးတန်ကျွန်းသစ်နှင့် အခြားသစ်ကုန်ကြမ်းများ ထုတ်လုပ်ရေးကဏ္ဍ၌ နှစ်ရာပေါင်းများစွာကတည်းကပင် ၎င်းတို့ကို အသုံးပြုနေခဲ့ကြသည်။
ယခုသော်ကား အရေပြားထူထည်းအားကောင်းသည့် ယဉ်ပါးဆင် ၅၅၀၀ ၏ အနာဂတ်ကို ကြီးကြပ်ကိုင်တွယ်ပေးမည့် အစိုးရအာဏာပိုင်များရှိဖို့ အထူးလိုအပ်လာပါသည်။
လွန်ခဲ့သော ၂ နှစ်ကပင် အလုပ်လက်မဲ့ဖြစ်နေရသည့် သစ်ဆွဲဆင် ၆ ကောင် ပိုင်ဆိုင်သူ ဦးစောသာပြည့်က “အလုပ်မရှိတော့ ထိန်းကျောင်းကိုင်တွယ်ဖို့ တကယ်ခက်ခဲလာတယ်။ သစ်ပင်တွေ မရှိတော့လို့ သစ်ဆွဲလုပ်ငန်းလည်း မရှိတော့ဘူး” ဟူ၍ ပြောပြသည်။
ယခုအချိန်တွင် အလုပ်လက်မဲ့ဆင်အကောင်ရေ ၂၅၀၀ ခန့်ရှိနေကြောင်း၊ ၎င်းတို့အနက်အများစုမှာ ထိုင်းနယ်စပ်နှင့် အချိန်နှစ်နာရီခွဲခရီးကွာဝေးသည့် မြန်မာနိုင်ငံအရှေ့ပိုင်း တောတောင်များထဲ၌ ရှိနေကြောင်း၊ ၎င်းပမာဏမှာ အလုပ်လက်မဲ့မြန်မာလူထု ၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းအထိ ဖြစ်နေကြောင်း မြန်မာ့ဆင်အရေးကျွမ်းကျင်သူ ဒေါ်ခိုင်ဦးမာက သုံးသပ်တင်ပြထားသည်။
“ဒီဆင်တွေအများစုဟာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိကြတော့ဘူး။ သူတို့ကို ထိန်းသိမ်းတဲ့စားရိတ်ကြီးမားလွန်းတဲ့အတွက် ပိုင်ရှင်တွေအဖို့ တကယ့်ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်”။
အရွယ်ရောက်ပြီးသောဆင်တိုင်းမှာ ခန္ဓာကိုယ်အလေးချိန်ပေါင် တစ်သောင်းဝန်းကျင် ရှိပြီး၊ နေ့စဉ် အစားအစာအလေးချိန် ပေါင် ၄၀၀ ခန့် စားသုံးကြသည်။ ဆပ်ကပ်များ၊ သစ်ဆွဲခြင်းများမှအပ ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း များများစားစား မရှိကြ။
သစ်ဆွဲခြင်းသည် ပင်ပန်းကြီးစွာ အားစိုက်ရသောအလုပ်ဖြစ်သည်။ သို့သော်လည်း မြန်မာ့ဆင်များအဖို့ ကြမ်းတမ်းသောအလုပ်က ၎င်းတို့အား ကျန်းမာသန်စွမ်းစေသော အကြောင်းခံဖြစ်နေပြန်သည်။ စည်းကမ်းတကျ ထိန်းကျောင်းပြီး လုပ်ငန်းခွင်ဝင်စေသော မြန်မာ့ဆင်များသည် ပျမ်းမျှသက်တမ်း ၄၂ နှစ်ရှိကြ၍၊ အနောက်တိုင်းတိရစ္ဆာန်ဥယျာဉ်များရှိ ဆင်တို့ထက် နှစ်ဆ၊ အခြားတိရစ္ဆာန်ဥယျာဉ်ရှိ သတ္တ၀ါများထက် ၁၉ နှစ် သက်တမ်းရှည်သည်ကိုတွေ့ကြောင်း ၂၀၀၈ ခုနှစ်လေ့လာချက်တစ်ရပ်က ဖော်ပြထားသည်။ အချို့သစ်ဆွဲဆင်တို့၏သက်တမ်းမှာ ထိုထက်ပင် ရှည်လျားကြ၏။
“သစ်ဆွဲဆင်များဟာ ပုံမှန်အားဖြင့် နှစ် ၅၀ ကနေ နှစ် ၆၀ ကျော်အထိ အသက်ရှည်တယ်ဆိုတာ ခင်ဗျားတို့ သိရှိကြပါသလား။ အဲ့ဒါက အစာရေစာနဲ့ ကောင်းမွန်စွာထိန်းကျောင်းမှုကြောင့် ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ဆင်ရေးရာကျွမ်းကျင်ပညာရှင် Joshua Plotnik က ရှင်းပြသည်။
ဆင်များသည် လုပ်ငန်းခွင်အတွင်း ကျစ်လစ်သည့်စရိုက်လက္ခဏာရှိပြီး အလုပ်မရှိပါက အကျင့်ပျက်လေ့ရှိကြောင်း ကျွမ်းကျင်သူများထံမှ သိရသည်။ ထိုင်းနိုင်ငံရှိ ဆင်များထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ Golden Traingle Asian Elephant Foundation ၏ ဒါရိုက်တာ John Edward Roberts က ဤသို့ဆိုသည်။
“ကျွန်တော်ကတော့ (ဆင်တွေကို လူတွေအတိုင်း) ပုံသွင်းတာမျိုး မလိုလားဘူးဗျ။ ဒါပေမယ့် တကယ်လို့ သူတို့ဘ၀ထဲကနေ အဲ့ဒီအပိုင်းကို ဖယ်ထုတ်လိုက်ရင်လည်း ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာအရ ဒီအတိုင်းလွှတ်ထားဖို့ ခက်ခဲရပြန်တယ်”။
မြန်မာလူထုအများစုအဖို့ သာလွန်ကောင်းမွန်သောအခွင့်အလမ်းများ ရှိနေကြသည်။ နှစ်ပေါင်းများစွာ ကြမ်းကြုတ်သောအာဏာရှင်အုပ်ချုပ်ရေးအလွန်တွင် စီးပွားရေးက ရုတ်ခြည်းခေါင်းထောင်လာပြီး ထူးသစ်သောလွတ်လပ်မှုများ ခံစားကြရသည်။ သို့ရာတွင် ဒီမိုကရေစီရောင်နီဦးက ဆင်များအဖို့ ပြောင်းပြန်အကျိုး ဖြစ်ထွန်းသွားစေသည်ဟု ဆိုရပေမည်။ မြန်မာလူထုတို့မှာ အာဏာရှင်အုပ်ချုပ်ရေးဒဏ်ခံရသည့် ဆယ်စုနှစ်များအတွင်း ဆင်များမှာမူ ထိုမျှလောက် ဘ၀မကြမ်းတမ်းခဲ့ချေ။
စစ်အစိုးရက ဗြိတိသျှကိုလိုနီတို့ရေးဆွဲထားခဲ့သော စည်းမျဉ်းများအတိုင်း တင်းကြပ်စွာလိုက်နာ၍ ဆင်များကို တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၈ နာရီ အလုပ်လုပ်စေပြီး ၅၅ နှစ်အရွယ်တွင် အနားပေးစေခဲ့သည်။ သားဖွားခြင်း၊ နွေရာသီအားလပ်ရက်နှင့် ဆေးဝါးကုသစောင့်ရှောက်မှုများကို ခံယူစေသည်။ ယနေ့တိုင် အစိုးရလက်အောက်ရှိ ဆင်များအတွက် သားဖွားစခန်းများနှင့် အနားပေး ဘေးမဲ့ဆင်များ ရှိနေကြသေးသည်။ စစ်အာဏာရှင်များလက်အောက်တွင် လူမှုဖူလုံရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ ပျက်ကွက်သော်လည်း လုပ်ငန်းခွင်သုံးဆင်များဆိုင်ရာ ဥပဒေကိုမူ ကရုတစိုက် ကျင့်သုံးခဲ့ကြသည်။ ဆင်များသည် လွန်ကဲစွာ အလုပ်ပန်းလျှင် အထူးအန္တရာယ်ကြီးမားတတ်ခြင်းကလည်း အကြောင်းတစ်ရပ်ဖြစ်ကြောင်း ကိုင်တွယ်သူများက ဆိုကြသည်။
သစ်ဆွဲဆင်တိုင်း၌ ဆေးဝါးကုသမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ မှတ်တမ်းစာအုပ်ကိုယ်စီ ရှိကြ၏။ ၎င်းတို့ကို မြန်မာ့သစ်လုပ်ငန်း MTE မှ ကြီးကြပ်ကိုင်တွယ်ထားသည်။
“ကျွန်မတွေ့ဖူးတဲ့ အခြားနိုင်ငံက ဆင်တွေထက်စာရင် MTE ရဲ့ဆင်တွေက ပိုပြီးကျန်းမာသန်စွမ်းလှပါတယ်။ အစာအာဟာရပြည့်ဝတယ်။ ကြွက်သားအားကောင်းတဲ့ ခန္ဓာအချိုးအစား ပိုင်ဆိုင်ကြတယ်။ ကောင်းမွန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရရှိကြတယ်” ဟု အမေရိကန်အခြေစိုက် lephant Care International ပရဟိတလုပ်ငန်း၏ တိရစ္ဆာန်ဆေးကုသရေးနှင့်သုတေသနဒါရိုက်တာ ဒေါက်တာ Susan Mikota က ဆိုသည်။
တိရစ္ဆာန်ရုံများရှိဆင်တို့ သက်တမ်းပြည့်မနေရခြင်း၏ အဓိကအကြောင်းတစ်ခုမှာ အ၀လွန်ဆူဖြိုးခြင်းမှု ဖြစ်ကြောင်း ၂၀၀၈ ရေးရာစာအုပ်တွဲဖက်ရေးသားသူ Georgia Mason က သုံးသပ်ထားသည်။ နောက်ပိုင်းလေ့လာချက်တစ်ခုအရ တိရစ္ဆာန်ရုံထဲမွေးဖွားလာသော ဆင်ပေါက်များသည် သစ်ဆွဲစခန်းအတွင်းမွေးဖွားသည့်ဆင်များထက် ၁၅ ရာခိုင်နှုန်း ကိုယ်အလေးချိန်ပိုများကြောင်း သူမက ဆိုသည်။
သစ်တောပြုန်းတီးမှု၊ သစ်ဆွဲလုပ်ငန်းနယ်ပယ်ကျဉ်းမြောင်းလာမှုကြောင့် အလုပ်လက်မဲ့ဆင်များ တိုးပွားလာခြင်းအပေါ် ဆင်တစ်ချို့ကို တောအတွင်းသို့ ဘေးမဲ့လွှတ်ခြင်းဖြင့် အစိုးရက နည်းလမ်းရှာကြည့်နေကြသည်။
အမေရိကန်အခြေစိုက် တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Wildlife Conservation Society မှ ဆင်များရေးရာစီမံသူ Simon Hedges က အဆိုပါလုပ်ရပ်ကို “နှိုးဆွလိုက်သည့် လမ်းဖော်ချက်” ဟု ရှုမြင်သည်။ သို့သော် သူနှင့်အတူ အခြားကျွမ်းကျင်သူများက ယဉ်ပါးဆင်များမှတဆင့် တောနေလူထုသို့ ရောဂါကူးစက်နိုင်ခြင်း၊ အစာရေစာအတွက် ရွာများသို့ ၀င်ရောက်သောင်းကျန်းလာနိုင်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်စွာသတိပေးခဲ့သည်။
ယမန်နှစ်က မြန်မာနိုင်ငံတွင် မြန်မာအစိုးရမှ လက်ခံကျင်းပခဲ့သော ဆင်များ၏အနာဂတ်ရေးရာဆွေးနွေးပွဲတက်ရောက်ခဲ့သူ မစ္စတာ Hedges က “တစ်ယူသန်အဖွဲ့အစည်းတစ်ချို့က အဲ့ဒီသုံ့ပန်းဆင်အားလုံးကို တောနက်ထဲ ဘေးမဲ့လွှတ်လိုက်တာအကောင်းဆုံးလို့ ယုံကြည်နေကြတယ်။ ဒါက ပြောသလောက် မလွယ်ပါဘူး။ ဆင်တွေဟာ အကောင်ကြီးပြီး၊ အန္တရာယ်များတယ်။ လူတွေကိုလည်း ကြောက်လန့်စေတယ်။ လယ်ခင်းယာခင်းတွေကနေ သူတို့ကို မောင်းထုတ်ရခက်တယ်” ဟူ၍ ပြောပြခဲ့သည်။
ဆင်ပိုင်ရှင်များသည် ဆင်တို့ကို တောနက်သို့ အစာရှာစားရန် ပုံမှန်လွှတ်ပေးတတ်သည်။ မကြာခဏဆိုသလိုပင် ကောက်ပဲသီးနှံများကို ၀ါးမြိုစားသောက်ကြသဖြင့် ရွာသူရွာသားများကို နစ်နာကြေးပေးနေရ၏။ “ဆင်တွေအတွက် တောထဲမှာ နေရာမကျန်သလောက် ဖြစ်နေပြီ” ဟု ဆင်ပိုင်ရှင် ဦးချစ်စိန်က ပြောပြသည်။
ကုလသမဂ္ဂ FAO ၏ အဆိုအရ မြန်မာသစ်တောဧရိယာမှာ ၁၉၉၀ ခုနှစ်ကတည်းကစပြီး ၄၂ ရာခိုင်နှုန်းအထိ လျော့နည်းလာသည်။ အဖြေရှာနေရင်းနှင့် ဆင်ပိုင်ရှင်များသည်လည်း အလုပ်လက်မဲ့ဆင်များ၏ ၀န်ပိမှုကို ခံစားနေရသည်။
၎င်းတို့၏စားရိတ်အတွက် အချို့ကို ထိုင်းနိုင်ငံရှိလုပ်ငန်းရှင်တို့ထံ ရောင်းချခဲ့ရသည်။ ဆင်လိမ္မာပြပွဲများ၊ တောတွင်းဆင်စီးခရီးသွားခြင်းများ အပါအ၀င် ထိုင်းကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းစဉ်များ၌ ၎င်းတို့အား အသုံးချကြပေလိမ့်မည်။ ထိုင်းနိုင်ငံသို့ ဆင်များကို တင်ပို့ရောင်းချခြင်းမှာ အခြေခံအားဖြင့် ဥပဒေကြောင်းအရ တရားမ၀င်သော်လည်း ထိုသို့ဖြစ်စဉ်များ ပိုမိုများပြားလာနိုင်ဖွယ်ရှိသည်ဟု ဆင်ပိုင်ရှင်များက ဆိုသည်။
အချို့ဆင်ပိုင်ရှင်များကမူ မိမိတို့၏ဆင်များကို ရောင်းပစ်ရန် လုံးဝ စဉ်းစားမည်မဟုတ်ကြောင်း ပြောကြလေသည်။
“ကျွန်တော့်ဆင်တွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ကို တစ်ပါးသူဆီ ဘယ်တော့မှ ရောင်းထုတ်မှာမဟုတ်ဘူး။ သူတို့ကို ကျွန်တော် အရမ်းချစ်တာဗျ” ဟု စောသာပြည့်က ဆိုပါသည်။
(The New York Times ၌ ဖော်ပြသော Thomas Fuller ၏ Unemployed, Myanmar’s Elephants Grow Antsy, and Heavier ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments