ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
M-Media
– တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားနေသောကျွန်း၌ တရုတ်က မြေပြင်မှဝေဟင်ပစ်ဒုံးကျည် ချထားမှုအတွက် ဗီယက်နမ်က တရားဝင်ဆန့်ကျင်ပြောကြားလိုက်ပြီး ကုလသမဂ္ဂကလည်း ထိုကိစ္စအတွက် လွန်အမင်း စိုးရိမ်မိသည်ဟု ပြောကြားလိုက်သည်။
“ပါရာဆဲလ်ကျွန်းစုက လုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အချာအာဏာကို ထိပါး ချိုးဖောက်လိုက်တာဖြစ်ပြီး ဒေသအတွင်းက ငြိမ်းချမ်းရေး၊တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လွတ်လပ်စွာရေကြောင်းသွားလာမှုနဲ့ လေယာဉ်ပျံသန်းမှု စတာတွေကို ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည့် ကြေငြာချက်တွင် ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုင် ဘင်က ပြောကြားခဲ့သည်။
ထို့ပြင် သတိထောက်လွှာကို ဟနွိုင်းမြို့ရှိ တရုတ်သံရုံးသို့ ပေးပို့ထားကြောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကိုလည်း ဘေဂျင်း၏ လုပ်ရပ်များအတွက် စာပို့အကြောင်းကြားထားကြောင်း အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။
တရုတ်မှာ ပါရာဆဲလ်ကျွန်းစုရှိ ၀ူဒီကျွန်းတွင် ဒုံးကျည်ချထားသည်ဟု ထိုင်ဝမ်နှင့် အမေရိကန် အာဏာပိုင်များက ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံကလည်း လက်နက်များချထားကြောင်း ၀န်ခံခဲ့သည်။
တနင်္လာနေ့က ကယ်လီဖိုးနီးယားတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် တန်ဒွန်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ စစ်ရေးပြင်ဆင်မှုနှင့် ကျွန်းတုများ တည်ဆောက်မှုအတွက် အမေရိကန်အနေဖြင့် ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် သမ္မတအို ဘားမားအား တိုက်တွန်းခဲ့သည်။
Ref: Channelnewsasia
Comments